သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်သွားမည်


မြန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာရှိနေတာကို သဘောတူပေမဲ့ အဲဒီအချက်ကြောင့် တပ်မတော် က နိုင်ငံကို အုပ်ချုပ်မယ် ဆိုတာမျိုးကိုတော့ သဘောမတူူဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးက ပြောပါ တယ်။ တပ်မတော်ဟာ တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုပဲ ယူသင့် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသလို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် တဦးကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီး ပုံစံတကျမဟုတ်သေး တဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ကို ဖြတ်သန်းနေရတာဖြစ်တယ်လို့ ပြောပါတယ်။

၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါ အချက်တချို့ အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြ ထားပါတယ်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ)မှာ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ် ထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် တို့ တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။”

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပထမဆုံးကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနား ကို နေပြည် တော်မှာ ကျင်းပခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ပြောကြားတဲ့ မိန့်ခွန်းကို နိုင်ငံပိုင် အသံလွှင့် ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။

မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ဟာ အတိတ်တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပြီး ပါဝင် သွားမယ်လို့ ပြောပါတယ်။

“နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တွေအတိုင်း တပ်မတော်က သက်ဆိုင်ရာကဏ္ဍက တတတ်တအား ပါဝင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ဒီကနေ့ နိုင်ငံတော်က ချီတက်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်း မှာ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည် ဆောင်ရွက် ပေးသွားမှာ ဖြစ်လို့၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံတွေကို မျက်ခြည်မပြတ် လေ့လောနေကြဖို့ လိုအပ်တယ်။”

နိုင်ငံပိုင်သတင်းစာတွေထဲမှာ ဖော်ပြထားတဲ့ တပ်မတော်နေ့ဦးတည်ချက်ထဲမှာလည်း နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဆိုတဲ့ ဦးတည်ချက်တခု ပါဝင်ပါတယ်။

ဒီအပေါ် NLD ရဲ့ သဘောထားကို NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့သဘောထားက ကျနော်တို့ NC လုပ်ကတည်းက တင်ပါတယ်။ တပ်မတော်က ဦးဆောင်မှု ကဏ္ဍမှာ ရှိနေတာကို ကျနော်တို့ သဘောတူတယ်။ သို့သော် ဦးဆောင်မှုဆိုပြီးတော့ တိုင်းပြည်ကို အုပ်ချုပ် မယ်ဆိုတာမျိုး ကိုတော့ ကျနော်တို့ သဘောမတူပါဘူး။”

နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရေးဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံချက် ပေးထားတဲ့ အချက်ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာလည်း မဲဆန္ဒရှင်လူထုက ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီး ချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက ၂၅% နေရာယူထားတာပါ။ ကာကွယ်ရေးဦးစီး ချုပ်က ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောခဲ့ပေမဲ့ ဦးဉာဏ်ဝင်းကတော့ -

"ကျနော်တို့က ဥပဒေတရပ်အနေနဲ့ လေးစားမယ်၊ ကာကွယ်စောင့်ရှောက်မယ်ဆိုတာကတော့ ကျနော်တို့ လက်မခံတဲ့ အသုံးအနှုန်းပါ။”

ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက် မယ်ဆိုရင် တပ်မတော်ဟာ သူလုပ်ရမယ့်အလုပ်ကိုပဲ လုပ်သင့် တယ် လို့ ရခိုင်တိုင်းရင်း သား နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့တော့ ကျနော်တို့က ရှင်းရှင်းပြောမယ်ဆိုရင် ဘဝင်မကျဘူး။ ဒီမိုကရေစီနိုင်ငံကို သွားမယ် ဆိုရင် တပ်မတော်ဟာ တကယ့် ကာကွယ်ရေးအလုပ် လို့ ပြောရမယ့်အလုပ်ကိုပဲ ကျနော်တို့ လုပ်စေ ချင်တယ်။ ဒါလည်း တိုင်းပြည်အရေး နိုင်ငံအရေး အတွက်ပဲ ပေါ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လမ်းညွှန် အနေနဲ့ ဖော်ပြထားတဲ့ တပ်မတော်သည် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍက ပါရမယ် ဆိုတဲ့အချက်ကိုတော့ ကျနော်တို့က သိပ်ဘဝင်မကျဘူး။ ပြီးတော့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင် မယ် ဆိုတဲ့ ဟန် နဲ့လည်း မကိုက်ညီဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

အခြေခံဥပဒေဆိုတာ တပ်မတော်မှ မဟုတ်ဘဲ နိုင်ငံသားတိုင်းက လေးစားလိုက်နာရမှာဖြစ်တယ်လို့ ဦးအေးသာအောင် က ဆိုပေမဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီအခြေခံတွေ၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့် တွေ မပါတဲ့အတွက် ပြင်ဖို့တော့ လိုတယ်လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရဆိုရင် စစ်တပ်ရဲ့ကိစ္စအရပ်ရပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ လုံးဝရှိနေတဲ့ အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာတွေကို အရပ်ဘက်ဥပဒေတွေအရ ဖွဲ့စည်းထားတဲ့ တရားရုံးတွေကနေ စစ်ဆေးခွင့်မရှိ ဘဲ စစ်တပ်ကဖွဲ့စည်းတဲ့ စစ်ခုံရုံးတွေမှာပဲ စစ်ဆေး အရေးယူ ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကာလတခုမှာ ပုံစံတကျ မဟုတ်တဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီးတော့ ကာလတခုမှာ သမားရိုးကျမဟုတ်တဲ့၊ ပုံစံတကျ မဟုတ်သေးတဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာပါ။ တကယ့် တကယ်ကတော့ တည်ငြိမ် တဲ့ အခြေကျ တဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်လာပြီဆိုရင် ဒီတပ်မတော်သားဆိုတာဟာလည်း နိုင်ငံသားတွေရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်တာ ကြောင့် သူက အထူးအခွင့်အရေး ရယူခံစားတာမျိုး သာမန် နိုင်ငံသား တွေထက် ကျော်လွန်ပြီးတော့ အထူးအခွင့်အလမ်း တခုမှာ ရနေတာမျိုးဟာ သူတို့ကိုယ်က မဖြစ်သင့် ဘူးဆိုတာ ကို သူတို့ကိုယ်တိုင် နားလည် သဘောပေါက် လာလိမ့်မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဒါဟာ ကျနော်တို့ ရေရှည်သွားရမယ့် ပန်းတိုင်တခုလည်း ဖြစ်ပါတယ်။”

မြန်မာအစိုးရက တပ်မတော်နေ့လို့ခေါ်ပြီး NLD နဲ့ တခြားအဖွဲ့အစည်း တွေက တော်လှန်ရေးနေ့လို့ခေါ်တဲ့ မတ်လ ၂၇ ရက်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတခုကို NLD ရုံးချုပ်မှာ ကျင်းပခဲ့သလို ဝါရင့် နိုင်ငံရေးသမားကြီး တွေကလည်း သခင်သိန်းဖေ အိမ်မှာ မိတ်ဆုံစားပွဲတခု လုပ်ခဲ့ကြပါတယ်ခင်ဗျား။

XS
SM
MD
LG