သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲပြင်းထန်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အဆင့် တိုးမြှင့်ဖို့အတွက် အစိုးရ ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ကို ပြုပြင် ဖွဲ့စည်းလိုက်ချိန်မှာ ကချင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ က ပြင်းထန်နေဆဲဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာဒေသအနီးမှာ အများစုဖြစ်ပွားနေပြီး အစိုးရ တပ်တွေက တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက် ထားတဲ့ KIO အဖွဲ့ရဲ့ တပ်စခန်းတွေအားလုံးကို ထိုးစစ်ဆင်ဖို့ ဖြန့်ကျက်ထားတဲ့အနေအထားမှာ ရှိနေကြောင်း KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရဲ့ နောက်ဆုံးအခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO/KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ အပစ်ရပ်ပြီးတဲ့နောက် တိုက်ပွဲတွေပြန်စလာတာဟာ ဒီကနေ့ဆိုရင် ၁၁ လပြည့်လာပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေစဖြစ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲဖို့အတွက် အစိုးရဘက်က ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေနဲ့ KIO အကြား အနည်းဆုံး ၆ ကြိမ်လောက် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိ တိုက်ပွဲတွေက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေတွေကိုတော့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“နေ့တိုင်းတော့ တိုက်ပွဲတွေဖြစ်နေတယ်ခင်ဗျ။ ဒီမေလအတောအတွင်းမှာ မနေ့ကထိ ၈ ရက်နေ့အထိ တိုက်ပွဲပေါင်းက အနည်းဆုံး ၄၆ ကြိမ် ရှိ သွားပြီခင်ဗျ။”

လောလောဆယ် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ဗဟိုဌာနချုပ်ဒေသတွေမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဗဟိုဒေသလို့ ပြောလို့ ရမယ်ခင်ဗျ။ ဗဟိုဒေသလို့ ပြောတဲ့နေရာမှာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ ပါဂျောင်ဘက်မှာ တိုက်ပွဲကတော့ သုံးရက်လောက် ဆက်တိုက်ဖြစ်နေပြီ။ တကယ်လို့များ ဆက်ပြီးတော့ တိုက်ပွဲပြင်းထန်လာမယ်ဆိုရင် ပါဂျောင်ဒေသအတွက်ရော စိုးရိမ်စရာတွေ အများကြီး ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ တပ်မဟာ ၅ ရဲ့ နောက်ဘက်ခြမ်းနားမှာ ဒီ ဒေါ့ဖုန်းယန်အထက်မှာလည်း မနေ့ကဆို တိုက်ပွဲ အတော် ပြင်းထန်တယ် ခင်ဗျ။ ပန်ဝါဖက်မှာလည်း တိုက်ပွဲက ရှိတယ်။ ဒါပေမဲ့ တရက်မှာ ဘယ်နှစ်ကြိမ်လောက်ဖြစ်တယ် ဆိုတာ နောက်ဆုံးသတင်းတွေတော့ မရသေးဘူး။ ဖြစ်တာတော့ ဖြစ်နေတယ်။ ပါဂျောင်ကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ပေါ့ဗျာ။ လိုင်ဇာကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့အတွက် လိုင်ဇာမှာ ကျနော်တို့ သွားရေးလာရေး အဆင်ပြေဖို့ အတွက် လိုင်ဇာမှာ ရုံးတွေဆင်းပြီးတော့ ဖွင့်ကြတာ။ အမှန်တကယ်တော့ ပါဂျောင်ဆိုတာ ကျနော်တို့ ဌာနချုပ်ပါ။”

ဒေါ့ဖုန်းယန်မြို့နယ်ဘက်က KIA ပန်စွန်စခန်းကို မနေ့က အစိုးရတပ်တွေ က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် KIA ဘက်က ဆုတ်ခွာပေးခဲ့ရပါတယ်။ ဒီစခန်းဟာ လိုင်ဇာဒေသ ကာကွယ်ရေး အတွက် အရေးပါတဲ့လမ်းကြောင်းမှာ တည်ရှိတာဖြစ်ပြီး အစိုးရဘက်က ဒီစခန်းကို သိမ်းပိုက်ပြီးတဲ့ နောက် ထပ်မံ ထိုးစစ်ဆင်လာရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့ ကတော့ အစိုးရရဲ့ ပြည်ထောင်စု ဆွေးနွေးရေအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းက KIO ဌာနချုပ် ကို သိမ်းပိုက်မှာမဟုတ်ကြောင်း ပြောဆိုခဲ့သလို KIO ဘက်က လည်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အတွက် စာပေးပို့ထားပါတယ်။

လောလောဆယ်မှာ အစိုးရတပ်ဘက်က နယ်စပ်ဒေသက KIA တပ်စခန်းတွေကို ဖြန့်ပြီး ထိုးစစ်ဆင်မယ့် အနေအထားရှိနေတယ်လို့လည်း ဦးလနန်က ပြောပါတယ်။

“သူတို့က နယ်စပ်ဘက်ကို အားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်မယ့် သဘောပါ။ ပါဂျောင်ဘက်မှာလည်း ထိုးစစ်လုပ်လာမယ်။ ဗဟိုဌာန လောလောဆယ် အထိုင်ဖြစ်နေတဲ့ လိုင်ဇာဘက်မှာလည်း ထိုးစစ် လုပ်လာမယ်။ နောက် တပ်ရင်း ၁၅ နဲ့ တပ်ရင်း ၂၅ ပတ်ဝန်းကျင် တာပိန်ရေအားလျှပ်စစ်ဘက်မှာလည်း သူတို့ ထိုးစစ်လုပ်လာဖို့ ရှိတယ်။ အဲဒီဘက်မှာလည်း ၃ ရက်နေ့အတောအတွင်းမှာ တပ်မတခု ဝင်ရောက် လာတယ်ခင်ဗျ။ အားလုံးက နယ်စပ်ဘက်ကို စစ် မျက်နှာမူပြီးမှပဲ နယ်စပ်စည်းပေါ်မှာ စစ်မျှားဦးက အဲဒီဘက် လှည့်လာကြတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နေရာဖြန့်ပြီး စစ်ဆင်ရေးလုပ်လာတဲ့ သဘောပါ။”

အစိုးရဘက်ကတော့ KIO က စာပေးပို့တာကို လက်ခံရရှိကြောင်း အကြောင်းပြန်ကြားပေမဲ့ ဘယ်နေ့မှာ ထပ်မံဆွေးနွေးမယ်ဆိုတာတော့ ပြန်ကြားတာ မရှိသေးပါဘူး။ မေလ ၃ ရက်နေ့မှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဒုသမ္မတ ဦးစိုင်းမောက်ခမ်းက ဦးဆောင်ပြီး ပြန်လည်ဖွဲ့စည်း လိုက်ပါတယ်။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အဆင့်တိုးမြှင့်ဆွေးနွေးသွားဖို့ အတွက်ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

KIO ဘက်ကတော့ လက်ရှိ စစ်ရေးပြင်ဆင်နေတဲ့အခြေအနေကြောင့် အစိုးရစစ်တပ်ဘက်က တစုံတရာ ထိုးစစ်ဆင်ပြီးမှ အသစ်ဖွဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အလားအလာရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

“သူတို့ဘက်မှာ ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖဲွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းတယ်ဆိုတဲ့ အချိန်နဲ့ တပြေးညီပေါ့ဗျာ။ စစ်အင်အားတိုးမြှင့်တာတွေ လုပ်လာကြ တယ်။ သူတို့စီစဉ်ချက်က ဘာလဲဆိုတော့ ဒီအချိန်တိုကာလ အတောအတွင်းမှာ သူတို့ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်လာဖို့ ရှိတယ် ဒီလို မြင်ရတယ် ခင်ဗျ။ အဲလို အတိုင်းအတာတခုအထိ ထိုးစစ်လုပ်လာပြီးတဲ့နောက်ပိုင်းကျမှ သူတို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေက ကျနော်တို့ ဘက်ကို အကြောင်းကြားတာမျိုးရှိလာလိမ့်မယ်။ အခုထက်ထိတော့ သူတို့ဘက်က ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာမျိုး ကျနော်တို့တရားဝင် သိရှိရတာမျိုး မရှိသေးဘူး။”

ကချင်ပြည်နယ်အတွင်း အခု နောက်ဆုံး တိုက်ပွဲတွေဖြစ်ပွားနေတာကိုတော့ အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိပါဘူး။ ပြီးခဲ့တဲ့ရက်တွေ အတွင်း မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာ ဗုံးကွဲ တာတွေနဲ့ မြစ်ကြီးနားမြို့ပေါ်မှာ ဗုံးကွဲတာတွေကိုတော့ KIA ရဲ့လက်ချက် ဖြစ်တယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။

KIA နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ၁၁ လကြာ တိုက်ပွဲအတွင်းမှာတော့ ဒေသခံပြည်သူ ၆ သောင်းကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင် ပြည်နယ်က မြို့ကြီးတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပန်ဝါနဲ့ပါဂျောင်ဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ်နယ်စပ်ဘက်ကို ထပ်မံထွက်ပြေးနေပါတယ်။

XS
SM
MD
LG