သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသွားမည်


သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ်မှ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ကြိုဆိုသူ ပြည်သူများအား နုတ်ဆက်နေစဉ် (အောက်တိုဘာလ ၁၊ ၂၀၁၂)
သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ်မှ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ကြိုဆိုသူ ပြည်သူများအား နုတ်ဆက်နေစဉ် (အောက်တိုဘာလ ၁၊ ၂၀၁၂)
မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုကနေ ပြန်သွားခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို တရားဝင်သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ စီးပွားဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှု လက်မှတ်တွေလည်း ရေးထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာလ ၁ ရက်နေ့က အမေရိကန်နိုင်ငံခရီးစဉ်က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပဲ တောင်ကိုရီးယားနိုင်ငံကို ခရီးပြန်ထွက်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ခရီးစဉ်မှာ သမ္မတနဲ့အတူ ဘယ်သူပါမယ်ဆိုတာ အခုအချိန်မှာ အတိအကျ မသိရသေးပေမယ့် သမ္မတရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဆွေးနွေး ပြောဆိုကြမယ့် အကြောင်းအရာတွေကိုတော့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ရှင်းပြပါတယ်။

“ ၇ ရက်နေ့သွားမယ်ပေါ့။ ၇ရက်နေ့သွားမယ်ဆိုတဲ့ ခရီးသွားချိန်နဲ့ ဘာနဲ့တွက်ရင်တော့ နှစ်ညအိပ်လောက်ဖြစ်မယ်။ အကြမ်းဖြင်းကတော့ ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ဟာတွေပေါ့။ နှစ်နိုင်ငံဆိုရင်တော့ ဘက်စုံပါမှာပေါ့။ ကျမ်းမာရေးပါနိုင်တယ်။ စွမ်းအင်ကဏ္ဍ Oil and Gas ၊ နောက်ရှိသေးတဲ့ လျှပ်စစ်ဓာတ်အား၊ နောက်တခုက Transportation ပေါ့။ ကုမ္ပဏီတွေက လုပ်ဖို့ စိတ်ဝင်စားမှုရှိတယ်။ လျှပ်စစ်ပိုင်းလည်း အလားတူပဲ။ နောက်တခုက လယ်ယာစိုက်ပျိုးရေး၊ သူတို့ဆီမှာက ပက်ချုံအီးလက်ထက်က လုပ်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ဒီမှာလည်း တိုင်းရင်းသားဒေသ ဖံွံ့ဖြိုးရေးတွေ လုပ်နေတာတွေနဲ့ သူတို့လုပ်နေတာတဲ့ဟာတွေပေါ့။”

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ဖို့အတွက် စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပြီး နှစ် ၅၀ အတွင်း ပထမဆုံး မြန်မာသမ္မတ တယောက်အနေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီ အမေရိကန်ခရီးစဉ်ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် ကြီးမားတဲ့ ပြောင်းလဲမှုအဖြစ် ရှုမြင်ကြသလို အောင်မြင်မှုရတဲ့ ခရီးစဉ်အဖြစ် ပြည်တွင်း၊ ပြည်ပက မြန်မာ့အရေးကို လေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ထားကြတာပါ။

သမ္မအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့သလို၊ သမ္မတဟောင်း ဘီလ်ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာ့တဝှမ်း ပညာရေးဆိုင်ရာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Clinton Foundation က အကြီးအကဲ သမ္မတဟောင်း ဘီလ် ကလင်တန်က သူ့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခင်မှာ လာရောက် လည်ပတ်လိုတဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

အလားတူပဲ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားကလည်း
မြန်မာနိုင်ငံအနေနဲ့ အရင်က တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ရာကနေ အခု ပြင်ပကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံဖို့ မူဝါဒတွေ ပြောင်းလဲ လုပ်ဆောင်လာတဲ့အပေါ် စိတ်ဝင်စားမှု အများကြီးရှိတာက တကြောင်း၊ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား တည်ရှိပုံဟာ မဟာဗြူဟာမြောက်တဲ့ နေရာမှာ ရှိနေတာက တကြောင်းတို့ကြောင့် မြန်မာနိုင်ငံကို သီခြား လာရောက် လည်ပတ်လိုတဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ တောင်ကိုရီးယားခရီးစဉ်ဟာ ၃ ရက်ကြာမယ်လို့ သိရပါတယ်။
XS
SM
MD
LG