သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုမှု အခြေအနေတင်းမာနေဆဲ


လက်ပန်းတောင်းကြေးနီ စီမံကိန်းကို ရပ်ပစ်ဖို့ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ကန့်ကွက်နေတဲ့ အပေါ် ပြည်ထဲရေးဝန်ကြီးဌာနကနေ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ကြေညာပြီး တဲ့နောက် ဒီနေ့မှာလည်းပဲ ကျော်ရွာ သပိတ်စခန်းဂိတ်အဝ ဆယ်ပေလောက် အကွာမှာပဲ သံဃာတော်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကြား တင်းမာခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို အကူအညီပေးနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအရေးယူဖို့ ကြိုးစားတာတွေကလည်း ရှိလာနေပါတယ်။ ဒီ အခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မနေ့ညက တင်းမာမှုတွေဖြစ်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ် စခန်းမှာပဲ ဒီနေ့ မနက်အာဏာပိုင်တွေဘက်က လူစုခွဲဖို့ လော်စပီကာတွေနဲ့ အော်နေသလို နေ့လည် ၃ နာရီကျော်လောက်မှာ တင်းမာမှုတွေဖြစ်ခဲ့ကြောင်း သပိတ်စခန်းက တာဝန်ရှိတဲ့ သံဃာတပါးဖြစ်တဲ့ ဦးအာလောကကပြောပါတယ်။

“ဒီကနေ့ကတော့လေ၊ မနေ့ညကဖြစ်တဲ့ ကျော်ရွာဂိတ်မှာ နေ့လည် သုံးနာရီလောက်က ရဲတွေနဲ့ပေါ့လေ၊ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်နဲ့ဘုရားကို ဝင်ရောက်ဖို့ ထိုးဖောက် ကြိုးစားနေကြတယ်။ ဒီနေ့မှာလည်းပဲ အဲလိုပဲ ရင်ဆိုင်နေရတယ်။ နောက်ထပ် သံဃာအင်အားလည်း ထပ်ပြီးတော့ ဖြည့်ထား တယ်။ သူတို့မှာက ဒိုင်းတွေပါတယ်။ ဘက်နက်တွေ ပါတယ်။ သေနတ်တွေ ပါတယ်ပေါ့ဗျာ။ သံဃာတော်တွေကတော့ ဒီအတိုင်းပဲ မေတ္တာသုတ်နဲ့ ပရိတ် တော်တွေကို ရွတ်ဖတ်နေကြပါတယ်။ သူတို့နဲ့ ဆယ်ပေလောက်ပဲဝေးမယ်။ သိပ်ကြီးတော့ မဝေးဘူး။ ရဲအင်အားတွေကတော့ တောင်ကြားထဲမှာ ကားနှစ်စီး၊ သုံးစီး ဆက်ပြီးတော့ တိုးချဲ့ထားတယ်။ ဒါပေမဲ့ လှုပ်ရှားမှုကိုတော့ ဘာမှ မတွေ့ရသေးဘူးဗျ။ စောင့်ကြည့်နေတယ်ပေါ့ဗျာ။”

လက်ပန်းတောင်း ကြေးနီစီမံကိန် းရပ်တန့်ရေး သပိတ်စခန်းအခြေအနေ တင်းမာဆဲဖြစ်ပြီး နေပူထဲ မှာပဲ ထိုင်သပိတ် ဆင်နွဲပြီး လမ်းမပေါ်မှာ နေထိုင် နေရတဲ့ သံဃာတော်တွေကို မုံရွာဘက်က လက်ပန်းတောင်း တောင် ကာကွယ်ရေး ကော်မီတီဝင်တွေက လာရောက်အားပေးပြီး အစားအသောက်တွေ လှူဒါန်းခဲ့ပါတယ်။ သပိတ်ကြီးကိုထောက်ခံတဲ့သဘောထားကိုလည်း ပြောသွားတယ်လို့ ဆိုပါတယ်။

“ဒါပေမဲ့ လူထုက သံဃာတော်တွေအတွက် စီစဉ်ပြီးတော့ပေးထားတယ်ပေါ့ဗျာ။ ဒီနေ့မှာဆိုရင် မုံရွာမြို့ကလည်း ဆွမ်းထုတ်တွေ လာပို့တယ်။ (၁း၂၅) မုံရွာ မြို့ လက်ပန်းတောင်းတောင် ကာကွယ်ရေး အဖွဲ့တွေကလည်း ခေါက်ဆွဲကျော်တွေ လာပြီးကပ်တယ်။ ရေလည်းပဲ လိုလေးသေးမရှိ လာပြီး ကူညီ ထောက်ပံ့ ပေးကြပါတယ်။ လက်ပန်းတောင်းတောင် ကာကွယ်ရေး မုံရွာအဖွဲ့တွေ ကတော့ အဖွဲ့အစည်းအသီးသီးပေါ့ဗျာ။ ဒီမှာ သပိတ်စခန်းတွေကို အားပေးစကား လာပြောကြပါ တယ်။ သူတို့အနေနဲ့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားကြပါတယ်။”

၂၆ ရက်နေ့က ရန်ကုန်၊ ဆူးလေအနီးမှာ ဆန္ဒပြတဲ့ လူငယ်တွေနဲ့ ၂၇ ရက်နေ့က ဆန္ဒပြကြတဲ့ လူငယ်တွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးမှုတွေ ရှိနေပြီး ဒီထဲက စီမံကိန်းရပ်တန့်ရေး ဦးဆောင် လှုပ်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် နေထိုင်နိုင်တယ်လို့ ယူဆရတဲ့ သင်္ကန်းကျွန်းမြို့ထဲက ရွှေသိမ်ကျောင်း ဘုန်ကြီးကျောင်းကို ရဲ အင်အားနဲ့ မနေ့ညက ရှာဖွေခဲ့ကြောင်း ကိုဟန်ဝင်းအောင်နဲ့ နီးစပ်လို့ တိမ်းရှောင်နေရတဲ့ ဦးစန္ဒာသီရိကလည်း ပြောပါတယ်။

“ဟန်ဝင်းအောင်ကို အစိုးရက အသည်းအသန်လိုချင်တဲ့အနေအထားမှာရှိတယ်။ ဦးဇင်းနေ တဲ့ကျောင်းကို လူ နှစ်ဆယ်၊ အစိတ်လောက်နဲ့ ဝိုင်းတယ်လို့ ကြားတယ်။ အဓိက ကတော့ ဦးဇင်းရယ်၊ နောက် ဟန်ဝင်းအောင်ပေါ့။ ဟန်ဝင်းအောင် ရှိလားဆိုပြီးတော့ မေးတယ်။ ကျောင်းထဲ က ဦးဇင်းတွေရဲ့ ပြောပြချက်အရ သိရတယ်။ ဦးဇင်း ဦးစန္ဒာသီရိရဲ့သူငယ်ချင်း ဟန်ဝင်းအောင် ရှိလားပေါ့။ ဟန်ဝင်းအောင်ရှိတယ် သတင်းကြားလို့ဆိုပြီး ကျောင်းကို ဝိုင်းပြီးတော့ ဝင်ရှာတဲ့ သဘောပေါ့။ ဦးဇင်းလည်း နည်းနည်းတော့ ရှောင်နေ တာပေါ့လေ။ ကျောင်းကို လာ တယ်၊ ပြုတယ်ဆိုတော့။”

လက်ရှိမှာတော့ လက်ရှိအစိုးရအနေနဲ့ မြန်မာ့စီးပွားရေး ကုမ္ပဏီလီမီတက်ရဲ့ အကျိုးစီးပွားရေးကို ကာကွယ်တဲ့သဘောနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖိအားပေးတဲ့သဘောမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

“အာဏာပိုင်အဖွဲ့အစည်းက သူ့ကို မရ ရအောင် လိုက်ရှာနေတဲ့သဘောရှိတယ်။ သွားလေ့သွားထရှိတဲ့နေရာတွေ အကုန် လုံးကို လိုက်စုံစမ်းနေတယ်လို့ ကြားရတယ်။ ဟန်ဝင်းအောင်ကို လိုချင်တာက လက်ပန်းတောင်ကိစ္စ အဓိကနဲ့ လိုချင် နေတာ။ လက်ပန်းတောင်းတောင်ကလည်း အဓိက ဦးပိုင်နဲ့ ဆက်စပ်နေတော့ သူတို့ရဲ့ ဒီ ဦးပိုင်ကုမ္ပဏီကို လက်ရှိ အာဏာရအစိုးရကနေပြီးတော့ ကျားကန်ပေးတဲ့သဘောရှိတယ်။ ဦးပိုင်ကို ထိလို့ မရတဲ့သဘောမှာ ရှိတယ်။ အဲဒီတော့ ကျန်တဲ့အများစုကလည်း ဦးပိုင်နဲ့ပတ်သက်တဲ့ လက်ပန်းတောင်းတောင်မှာ ဝမ်ပေါင်ကုမ္ပဏီက လုပ်နေတဲ့ ကြေးနီတောင် ကိစ္စတွေ အားလုံး ရပ်ဆိုင်းပေးဖို့ လုပ်နေတာမှာ အစိုးရရဲ့ မျက်လုံး ဆံပင်မွေးစူးခြင်းကို ခံရတဲ့အနေအထားမှာ ရှိတယ်။”

ဗကသခေါင်းဆောင် ကိုသီဟဝင်းတင်လည်း နောက်ထပ်အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေ ထွက်လာပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။ လက်ပန်းတောင်း မှာတော့ သပိတ်စခန်း ၆ ခု ဆက်ရှိနေပြီး ကြေးနီစီမံကိန်းကို ဆက်မလုပ်နိုင်အောင် တားဆီးသွားမယ်လို့ သပိတ်စခန်းက ဒေသခံလူထုတွေ ကျောင်းသားတွေ သံဃာတော်တွေကပြောပါတယ်ရှင်။
XS
SM
MD
LG