သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် သပိတ် အခြေအနေ တင်းမာဆဲ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းရှိရာ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသိန်းထိုက်ဦး။ (နိုဝင်ဘာ ၂၈၊ ၂၀၁၂)။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းရှိရာ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသိန်းထိုက်ဦး။ (နိုဝင်ဘာ ၂၈၊ ၂၀၁၂)။
သောတရှင်များခင်ဗျာ။ ကျနော်တို့ရဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဟာ မုံရွာမြို့နဲ့ မလှမ်းမကမ်း သပိတ်စခန်းတခုမှာ ရောက်နေပါတယ်။ အခု နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ကိုသိန်းထိုက်ဦးက သူရောက်နေတဲ့ သပိတ်စခန်းနဲ့ မလှမ်းမကမ်းကနေ တိုက်ရိုက်ပြောပြတာကို ကြားကြရပါမယ်။

မေး။ ။ ကိုသိန်းထိုက်ဦးရေ အခုရောက်နေတဲ့နေရာက သပိတ်စခန်းနဲ့ မလှမ်းမကမ်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာဆိုတော့ အခု နောက်ဆုံး တွေ့ရ သိရတဲ့အခြေအနေတွေကို တွေ့ရ မြင်ရသမျှ ကျနော်တို့ ပရိသတ် မျက်စိထဲ မြင်အောင် ပြောပြပါအုံးခင်ဗျ။

ဖြေ။ ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေတဲ့ သပိတ်စခန်းတွေ ဖွင့်ထားတဲ့ နေရာ ၆ ခုရှိတဲ့ နေရာတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ရောက်နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ ဝင် ကား ၇ စီးလောက် ကျနော် တွေ့နေရပါတယ်။ ဦးတည်ပြီးတော့ သွားနေပါတယ်။ သူတို့ဟာ ဝမ်ပေါင် ကုမ္ပဏီကလည်း သပိတ်စခန်းမှ ဆန္ဒပြသူတွေ ရှိတဲ့နေရာကို လာပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဘယ် ညာ နင်းနေတာမျိုး၊ နောက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်ကိုပဲ သပိတ်စခန်း ဖြိုခွဲပေးဖို့၊ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆို တာမျိုးတွေပေါ့နော်။ အဲဒါတွေကိုပဲ ထပ်တလဲလဲ ကြေညာနေပါတယ်။

"အဓိက-ကတော့ ဒီ ကြေးနီ သတ္ထုတွင်း တူးဖော်ရေး လုပ်ငန်းကို အကြောင်းပြပြီးတော့ ဆူပူအောင် လှုံ့ဆော်သူတွေဆိုပြီးတော့ ထပ်တလဲလဲသုံးတာဖြစ်တဲ့ အတွက်ကြောင့် အင်အားသုံး ဖြေရှင်းမယ့် သဘောမျိုး ရည်ညွှန်းပြောဆိုတာမျိုးတွေ အခြေအနေတွေက တွေ့နေရပါတယ်ခင်ဗျ။

"အခု ကျနော်ရောက်နေတဲ့အချိန်မှာ တော်တော်လည်း မှောင်နေပါပြီခင်ဗျ။ လမ်းမှာတော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ စကားပြောစင်တွေ၊ NLD အလံ ထောင်ထားတဲ့နေရာတွေ ကျနော်တို့ တွေ့တယ်။ နောက်ပြီးတော့ ဝမ်ပေါင် တရုတ်ကုမ္ပဏီရဲ့ရှေ့မှာ သပိတ်စခန်းဖွင့်ပြီးတော့ သံဃာတော်တွေလည်း တော်တော်များများတွေ့ပါတယ်။ အခု ကျနော်နဲ့ ကိုကျော်ကျော်သိန်းနဲ့ မပြောခင် မိနစ်ပိုင်းကပဲ မုံရွာက သံဃာတော်တွေ ထပ်ပြီးတော့ ရောက်လာပါတယ်ခင်ဗျ။ ကျနော် တွေ့နေရတာကတော့ သံဃာတော် အပါး၂၀၀ လောက် ရှိပါတယ်။ ဒေသခံတွေလည်း တော်တော်များပါတယ်ခင်ဗျ။"

မေး။ ။ သပိတ်မှောက်သူတွေ- ဒေသခံတွေရော၊ ဆန္ဒပြသူတွေရောဆိုရင် စုစုပေါင်း လူဦးရေ ဘယ်လောက်ရှိနေမယ်လို့ ခန့်မှန်းရလဲ။

ဖြေ။ ။ ကျနော်တွေ့ရသလောက်တော့ ၃၀၀ ကျော်လောက် ရှိပါလိမ့်မယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ နေရာတွေကို ဖြန့်ထားတယ်လို့ ပြောပါတယ်။ ကျန်တဲ့အင်အားစုတွေလည်း အများကြီး ရှိနေသေးတယ် ဆိုပြီးတော့ ဆန္ဒပြသူတွေက ပြောပါတယ်ခင်ဗျ။ ဒါပေမဲ့ နေရာတွေကို ခွဲပြီးတော့ ဖွင့်ထားတယ်လို့ ပြောပါတယ်။ ကျန်တဲ့အင်အားစုတွေလည်း အများကြီးရှိသေးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အခု ကျနော် ရောက်နေတဲ့နေရာကတော့ သူတို့ရဲ့အဓိက သပိတ်စခန်းပေါ့နော်။

မေး။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းကို လာမယ်လို့ ပြောတယ်။ အခု ကိုသိန်းထိုက်ဦးရောက်နေတဲ့ သပိတ်စခန်းကို ဒေါ်အောင်ဆန်းစုကြည် လာမှာလား၊ ဘယ်နေ့ ဘယ်အချိန် ရောက်မယ်လို့ သိထားပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ သိသလောက်တော့ မနက်ဖြန် နေ့ခင်းပိုင်းမှာ လာပြီးတော့ ဒေသခံတွေနဲ့ တွေ့မယ်လို့ သိထားပါတယ်ခင်ဗျ။ အသေးစိတ်ကတော့ NLD အဖွဲ့ဝင်တွေက တရားဝင် ထုတ်ပြန် တာမျိုးတော့ မရှိပါဘူး။ အခုဆိုလို့ရှိရင် ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ ကြိုဆိုရေးအတွက် တော်တော်လေး ပြင်ဆင်ထားကြတာကို တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ ဒီသပိတ်စခန်းတွေနဲ့ပတ်သက်ပြီးတော့ မနေ့ကနဲ့ ညဘက် နိုင်ငံပိုင် မီဒီယာကနေပြီးတော့ သပိတ်စခန်းတွေကိုဖျက်သိမ်းဖို့ အတွက်ဆိုပြီးတော့ သူတို့ အမိန့်ထုတ်ပြီး ကြေညာပါတယ်။ ပြည် ထဲရေး ဝန်ကြီးဌာနကပေါ့နော်။ မဖျက်သိမ်းရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့လည်း ပဲ ပြောထားပါတယ်။ ဒီနေ့ သတင်းစာတွေထဲမှာလည်းပဲ ပါပါတယ်။ ကိုသိန်းထိုက်ဦး ဒီနေ့ သပိတ် စခန်းမှာ ကိုယ်တိုင် ရောက်နေတယ်ဆိုတော့ အဲဒီကြေညာချက်ထွက်ပြီး နောက်ပိုင်း ဆန္ဒပြနေ သူ တွေရဲ့ စိတ်ခံစားမှု၊ တွေ့ရတဲ့အခြေအနေ၊ ရှေ့ကို ဘယ်လိုဆက်သွားမယ်ဆိုတဲ့ အနေအထားမျိုး ဘာတွေများ ကိုသိန်းထိုက်ဦး လေ့လာတွေ့ရှိရပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီလို သတိပေးချက် ထွက်လာတဲ့အတွက် အင်အားသုံးပြီးတော့ ဖြေရှင်းတာမျိုး၊ သပိတ်စခန်းတွေကို အတင်းအကျပ် ဖယ်ရှားတာမျိုး လုပ်မယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲဆိုပြီးတော့ ဆန္ဒပြ ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးဇဝနကို ကျနော်က မေးမြန်းကြည့်တော့ ဆရာတော်က အခုလို မိန့်ကြားပါတယ်ခင်ဗျ။

“သူတို့ အင်အားသုံးပြီးတော့ အကြမ်းဖက်ပြီးတော့ နှိမ်နင်းမယ်ဆိုရင် ဦးဇင်းတို့အနေနဲ့ မေတ္တာတရား ရှေ့ထားပြီးတော့ သူတို့ရဲ့ရှေ့မှာပဲ ဦးဇင်းတို့က ထိုင်ပြီးတော့ မေတ္တာပွားပေးမယ် ပေါ့နော်။ ရိုက်ချင် လည်းရိုက်၊ နှက်ချင်လည်းနှက်- ဆွဲချင်လည်းဆွဲပေါ့။ ဦးဇင်းတို့က မေတ္တာတရားနဲ့ပဲ တုံ့ပြန်မှာပါ။ ကျန်တာဘာမှ အကြမ်းဖက်တဲ့နည်း မသုံးပါဘူး။

ဖြေ။ ။ ဒါကတော့ ဆရာတော် ဦးဇဝန မိန့်ကြားသွားတာပါခင်ဗျ။

မေး။ ။ အခုနက ကျနော်တို့ ပြောခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်ပေါ့လေ။ အဲဒီအမိန့်နဲ့ပတ်သက်ပြီးတော့ရော ဆန္ဒပြသူတွေဘက်က ဘယ်လို တုံ့ပြန်သဘောထားမျိုး ကြားရပါသလဲ။

ဖြေ။ ။ ဆန္ဒပြသူတယောက်ဖြစ်တဲ့ မသွဲ့သွဲ့ဝင်းကို ကျနော် မေးကြည့်ပါတယ်ခင်ဗျ။ သူတို့ဘက်က သဘောထားကို သူက အခုလို ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာနအပေါ်မှာတော့ ကျမတို့က လုံးဝ ကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ပေါင်းပြီးတော့ ကျမတို့အပေါ်ကို မတရားအနိုင်ကျင့်နေတာ။ အဲဒီအချိန်ကာလမှာ ဒီ ပြည်ထဲရေးဝန်ကြီးတွေကနေပြီး ကျမတို့ ဒေသခံတွေမှာ ဘယ်လောက် ဆုံးရှုံးနစ်နာမှုရှိသလဲ၊ ဘယ်လောက်ထိအောင် ခံစားရသလဲ၊ ဘယ်လောက်ကြီးအထိ ဖြစ်ပျက် နေ သလဲ၊ ဘယ်လိုကြောင့်မို့လို့ မဖြစ်နိုင်တာတွေကို ပြောနေတာတွေလဲဆိုတာတွေကို ဘာတခုမှ တစုံတရာ မမေးလာဘဲနဲ့ ကျမတို့ ဒေသခံတွေအပေါ်ကို တဖက်စီးနင်း ဥပဒေတွေ ထုတ်နေတာ ကိုတော့ ကျမတို့ ဒေသခံတွေ၊ သပိတ်မှောက်တဲ့လူတွေအတွက်ကတော့ ကျေနပ်မှု တစုံတရာ လုံးဝမရှိဘူး။”

မေး။ ။ ကိုသိန်းထိုက်ဦးအနေနဲ့ လုံခြုံရေးတာဝန်ရှိသူကိုသော်လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူကို သော်လည်းကောင်း၊ မြန်မာဦးပိုင်ကိုသော်လည်းကောင်း တာဝန်ရှိသူ တဦးဦးနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်ရော ရပါသလားခင်ဗျ။

ဖြေ။ ။ လောလောဆယ်တော့ ကျနော် တွေ့ခွင့်မရသေးဘူးခင်ဗျ။ တွေ့ခွင့်ရဖို့တော့ ကြိုးစားနေတယ်။ ကျနော် ရောက်နေတာ အခု ဝမ်ပေါင်ကုမ္ပဏီရဲ့ရှေ့မှာလေ။ သူတို့က ညနေငါးနာရီလောက်က စပြီးတော့ သူတို့လည်း ပိုစတာကြီးတွေ ပြန်ပြီးတော့ ချိတ်ထားတယ်။ အဲဒါကတော့ တရားဥပဒေ စိုးမိုးမှုက ရင်းနှီးမြှုပ်နှံမှုရဲ့အသက်ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင် အကာအကွယ်ပေးရမယ်ဆိုပြီးတော့ ပိုစတာကြီးတွေချိတ်ပြီးတော့ ကုမ္ပဏီရှေ့ကနေ တုံ့ပြန် ထားပါတယ် ခင်ဗျ။ နောက်ပြီးတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ အကဲဖြတ်တဲ့ ကော်မီတီ တရပ် ဖွဲ့စည်းပြီးတော့ ဒီရလဒ်အပေါ်မှာ သမ္မတက ဆုံးဖြတ်တဲ့အခါမျိုးမှာ ဧရာဝတီမြစ်ဆုံလို ဆုံးဖြတ်ချက် ချတာမျိုး ဖြစ်မှာကို စိုးရိမ်တယ်ဆိုပြီးတော့ ကုမ္ပဏီဘက်က တုံ့ပြန်ပြောဆိုတာမျိုးတွေ လည်း ပြည်တွင်းထုတ် ဂျာနယ်တွေမှာ တွေ့ရပါတယ်။

ဒီ ကြေးနီသတ္ထုတွင်းတူးဖော်ရေး စီမံကိန်း ရပ်တန့်မယ်၊ မရပ်တန့်ဘူးဆိုတာကတော့ ဘယ်သူမှ ကံသေ၊ ကံမ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဒေသခံတွေကတော့ သူတို့ဒေသမှာ သမိုင်းကြောင်းအရ ရှိနေတဲ့၊ ပထဝီဝင် အနေအထားအရ ရှိနေတဲ့တောင်ကြီးတွေ၊ တရုတ်နဲ့ဖက်စပ်ကုမ္ပဏီ တူးဖော်ရေးလုပ်ငန်းတွေကြောင့် ပျောက်ပျက်သွားမှာကို သူတို့ စိုးရိမ်နေကြပါတယ်ခင်ဗျ။

မုံရွာနဲ့မလှမ်းမကမ်း ကြေးနီတောင်စီမံကိန်း ဆန့်ကျင်ရေးသပိတ်စခန်းဆီရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ သပိတ်စခန်းရဲ့နောက်ဆုံး အခြေအနေ ကတော့ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ဆန္ဒပြသူတွေကို အော်ဟစ်သတိပေး တာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် နောက်ပိုင်း အခြေအနေတွေ ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးပါဘူးခင်ဗျာ။
XS
SM
MD
LG