သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ မှားယွင်းပစ်ခတ်ခဲ့မှု ကန်တပ်မှူး ဝန်ခံ


Afghanistan
Afghanistan

အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ Kundus မြို့က ဆေးရုံတရုံကို ပစ်မှတ်လို့ အထင်မှားပြီး နာရီဝက်ကြာ တိုက်ခိုက်ခဲ့တဲ့အတွက် ဆရာဝန်နဲ့ လူနာအများစု အပါအဝင် လူပေါင်း အနည်းဆုံး ၃၀ မက သေဆုံးခဲ့ရတယ်လို့ အမေရိကန်စစ်ဘက် စုံစမ်းစစ်ဆေးမှုတခုက ဖော်ပြလိုက်ပါတယ်။

တာလီဘန်တွေ သိမ်းပိုက်ထားတယ်လို့ ယုံကြည်ရတဲ့ အမျိုးသားလုံခြုံမှု ညွှန်ကြားရေးဌာန အဆောက်အဦးတခုကို အမေရိကန်လေကြောင်းနဲ့ ကူတိုက်ပေးဖို့ အာဖဂန်တပ်ဖွဲ့တွေက တောင်းဆိုခဲ့တယ်လို့ အာဖဂန်မှာရှိတဲ့ အမေရိကန်နဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး John Campbell က ဆိုပါတယ်။

အဲဒီအဆောက်အဦးအစား နယ်စီးမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကုသိုလ်ဖြစ်ဆေးရုံကို AC ၁၃၀ စက်သေနတ်တပ် လေယာဉ်က ကျည် ၂၁၁ ချက် တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ မှားယွင်းမှုလို့ Campbell က Kabul မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ လူတွေရဲ့မှားယွင်းမှု၊ လူတို့ရဲ့ ရှောင်လွှဲနိုင်တဲ့ မှားယွင်းမှုလို့လည်း ဆိုခဲ့ပါတယ်။ အခုလိုမှားယွင်းမှုအတွက် ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်လို့ ဗိုလ်ချုပ်ကြီး Campbell က ပြောပါတယ်။

စစ်လေယာဉ် အမှုထမ်းတွေဟာ စီစဉ်ထားတာထက် တစ်နာရီ ကြိုစောထွက်ခဲ့တဲ့အတွက် MSF ဆေးရုံလို မတိုက်ခိုက်ရတဲ့ ဒေသတွေကို ရှင်းပြမယ့် အရေးပါတဲ့ စည်းဝေးပွဲကို မတက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျံသန်းစဉ်မှာလည်း စက်ပိုင်းဆိုင်ရာစနစ်တွေ ချို့ယွင်းခဲ့လို့ ဗွီဒီယိုနဲ့ အီးမေးလ် တွေလက်ခံဖို့နဲ့ ပို့ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့ တွေ့ရှိချက်တွေဟာ နေတိုးအဖွဲ့ရဲ့ သီးခြားတွေ့ရှိချက်တွေနဲ့ ကိုက်ညီတယ်လို့ အာဖဂန် သမ္မတ Ashraf Ghani က ပြောပါတယ်။ နယ်စီးမထား ဆရာဝန်များ အဖွဲ့ကတော့ အစီရင်ခံစာမှာ ပါရှိတဲ့ အမေရိကန်တပ်များဘက်က ပေါ့လျော့မှုတွေကို ထောက်ပြခဲ့ပြီး သီးခြား စုံစမ်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG