သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် - မြန်မာ ဆက်ဆံရေး ညီလာခံ ကျင်းပမည်


အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ်ကနေ ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ညီလာခံ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပဖို့ပြင်ဆင်နေပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲနီးလာချိန် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ မြန်မာအပေါ်ထားတဲ့ အမေရိကန်မူဝါဒကို ညီလာခံကိုတက်ရောက်လာမယ့် အမေရိကန်အစိုးရအဖွဲ့ဝင်တွေ၊ ပညာရှင်တွေ သုံးသပ်ကြမှာဖြစ်တယ်လို့ ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ Elaisa Vahnie (အီလိုင်ဇာ ဗာနီး) က ပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေးညီလာခံကိုတော့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မြို့တော် Indianapolis မှာ မေလ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဦးဆောင်စီစဉ်တဲ့ မြန်မာ-အမေရိကန် လူမှုအဖွဲ့အစည်းရဲ့ညွန်ကြားရေးမှူး အီလိုင်းဇာ ဗာနီးက ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

“အထွေထွေရွေးကောက်ပွဲပေါ့၊ ၂၀၁၅ မှာလာမယ်ဆိုတော့ အဲဒါကိုလည်း ကျနော်တို့ awareness ရှိအောင်ပေါ့လေ၊ ပြန်လုပ်ချင်တယ်။ မြန်မာနိုင်ငံကလည်း ပွင့်လင်းလာပြီ၊ နိုင်ငံတကာကိုလည်း သူတို့ဖိတ်ထားတယ်။ သမ္မတကြီး ဦးသိန်းစိန်ကနေပြီးတော့မှ အပြင်မှာရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်လာပြီးတော့မှ ကူညီဖို့ရာလည်း သူ ဖိတ်ထားတယ်။ ပြီးတော့ အမေရိကန်နဲ့ ကျနော်တို့ မြန်မာနိုင်ငံကြားမှာလည်း ရင်းနှီးမှုတွေပိုပြီးတော့မှ အတူတူအလုပ်လုပ်တဲ့ဟာတွေလည်း ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် အမေရိကန်နိုင်ငံကနေရှိတဲ့ သူတို့ရဲ့ပေါ်လစီမူဝါဒကို ပထမဆုံး မြန်မာနိုင်ငံမှာထားတဲ့မူဝါဒကို ကျနော်တို့ ပြန်ကြည့်ချင်တယ်။ ဒုတိယအချက်အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးနဲ့စီးပွားရေးမှာ ….ပြန်ကြည့်ပီးတော့မှလေ ကျနော်တို့ ပြန်သုံးသပ်ပြီး၊ expert တွေခေါ်ပြီးတော့မှ ပြန်သုံးသပ်ချင်တယ်။”

မေး။ ။ အဲဒီတော့ ဒီ ကွန်းဖရင့်စ်ကရော အမေရိကန်အစိုးရရဲ့မြန်မာအပေါ်ထားတဲ့ မူဝါဒကိုရော ဘယ်လို အကျိုးထိရောက်မှုရှိနိုင်မလဲရှင့်။

ဖြေ။ ။ ဒီဟာ ကျနော်တို့ ဥပမာအားဖြင့် ပြန်ကြည့်မယ်ဆိုလို့ရှိရင် president obama တက်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့မြန်မာနိုင်ငံအစိုးရနဲ့ လက်တွဲပြီးတော့မှ လုပ်နိုင်မယ့်ဟာတွေကို လုပ်ဖို့ဝါဒမျိုး သူတို့စွဲကိုင်လာတာ ကျနော်တို့ တွေ့ရတယ်။ အဲလိုဖြစ်ပေမယ့်လည်း တကယ့်တကယ် အတွင်းရေးမှာ ပြဿနာရှိနေသေးတယ်။ ကျနော်တို့လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်ပျက်နေတဲ့…ပဲဖြစ်ဖြစ်၊ ပြီးတော့မှ တခြား အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့မှ ပြင်ဆင်သင့်တဲ့၊ ပြင်ဆင်ထိုက်တဲ့ဟာတွေ ဆက်ပြီးတော့မှ လုပ်ရာမှာပဲဖြစ်ဖြစ်၊ …တတ်ကျွမ်းတဲ့ပညာရှင်တွေပဲဖြစ်ဖြစ် အတူတူလာပြီးတော့မှ တကယ့်တကယ် ဆွေးနွေးစဉ်းစားဖို့ရာ ကျနော်တို့က အဲလိုလုပ်တယ်ဆိုလို့ရှိရင် အကုန်လုံးအတွက် ကောင်းတဲ့အဖြေတွေ ပိုပြီးတော့မှ ပေါ်လာမယ်လို့ ကျနော်တို့ကတော့ တွက်ထားပါတယ်။

မေး။ ။ အဲဒီတော့ ဒီ ကွန်းဖရင့်စ်ကနေရော ဘာတွေ ရနိုင်မယ်လို့ ရည်မှန်းထားလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ဒီ ကွန်ဖရင့်စ်ကနေ ရနိုင်တဲ့ဟာတွေက ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေး အခြေအနေတွေကို အစိုးရပဲဖြစ်ဖြစ်၊ ဒီ အမေရိကန်နိုင်ငံမှာ ကျနော်တို့ကိုကူညီတဲ့၊ မြန်မာနိုင်ငံကိုလည်း စိတ်ဝင်စားတဲ့လူတွေကနေပြီးတော့မှ ပိုမိုပြီးတော့မှ သိလာနိုင်အောင် ပထမဆုံးရည်ရွယ်တယ်၊ ပြီးတော့မှ ဒုတိယအချက်အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေ ဒီမှာ ရောက်ပြီးတော့မှ ကျောင်းပဲတက်တက်၊ ပြီးတော့ အလုပ်ခွင်မှာပဲ ဝင်ပြီးတော့လုပ်နေတဲ့သူတွေ- ကျနော်တို့ မြန်မာနိုင်ငံမှာ အခု လတ်တလော အခြေအနေ၊ မြန်မာနိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို သူတို့ သိပြီးတော့မှ အဲဒါ သိလို့ရှိရင် ဘယ်လို ပုံစံမျိုးနဲ့ ကိုယ်ကနေပြီးတော့မှ ပါဝင်ကူညီနိုင်မလဲဆိုတဲ့ဟာတွေကိုလည်း ကျနော်တို့ သိခွင့်ရလာမယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံအထက်မှာရှိတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အပြင်မှာ ရောက်နေတဲ့ အထူးသဖြင့် အမေရိကန်မှာရောက်နေတဲ့ မြန်မာပြည်သားတွေနဲ့ ဒီ အဆက်အသွယ်၊ connection ထပ်ပြီးတော့မှ ကျနော်တို့ တိုးမြှင့်စေချင်တယ်။

ဒီညီလာခံအတွက် အဖွင့်မိန့်ခွန်းကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုမိန့်ခွန်းခွေကို ပေးပို့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နယူးရောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ် မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်လည်း တက်ရောက်ပြီး ညီလာခံမှာ အဖွင့်မိန့် ခွန်းပြောကြားမှာ ဖြစ်သလို မြန်မာ သံရုံးက တခြားတာဝန်ရှိသူတွေ၊ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က တာဝန်ရှိသူတွေ နဲ့အတူ မြန်မာပညာရှင်တွေ၊ အမေရိကန်ပညာရှင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG