သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစိတ်တဒေသ ငြိမ်းချမ်းရေး


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ ရည်ရွယ်တဲ့ စေ့စပ်ဆွေးနွေးပွဲဟာ တစိတ်တဒေသမှာသာ အပစ်အခတ် ရပ်စဲနိုင်တာကို တွေ့ရပါတယ်။ လက်နက်ကိုင်အဖွဲ့ (၂၀) ကျော်မှာ (၈) ဖွဲ့နဲ့သာ သဘောတူညီချက် ရယူနိုင်တာမို့ တိုင်းပြည်တစိတ်တဒေသမှာသာ ခေတ္တခဏ ငြိမ်းချမ်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အခမ်းအနားကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ကရင်အဖွဲ့ (၃) ဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးပါတီ နဲ့ ABSDF ကျောင်းသားဒီမိုကရက်တစ်တပ်ဦးက လက်မှတ်ရေးထိုးကြပါတယ်။

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့တဲ့ KIO ကချင်အဖွဲ့၊ ကိုးကန့်အဖွဲ့၊ ဝအဖွဲ့၊ SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ မွန်တပ်ဖွဲ့၊ KNPP ကရင်နီတပ်ဖွဲ့ နဲ့ ရခိုင်တပ်ဖွဲ့ စတာတွေကတော့ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးကြပါဘူး။ လက်မှတ်ထိုးတဲ့ တပ်ဖွဲ့တွေဟာ စစ်အစိုးရခေတ်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ လက်မှတ်မထိုးတဲ့ KIA ကချင်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ ရခိုင်စစ်တပ်တွေဟာ အစိုးရတပ်နဲ့ စစ်ပွဲဖြစ်နေဆဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ခေတ္တခဏ အပစ်ရပ်စဲခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဦးသိန်းစိန်လက်ထက်မှာ အစိုးရတပ်နဲ့ တိုက်ပွဲပြန်ဖြစ်ပြီး စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်ခဲ့သူတွေကတော့ ဦးသိန်းစိန်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်တဲ့သဘော ဖြစ်ပါတယ်။ အခုလို တပ်ဖွဲ့ (၈) ဖွဲ့က လက်မှတ်ထိုးလိုက်တာဟာ တိုင်းရင်းသားဥသျှောင်သဖွယ် ဖြစ်လာတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီကို ပျက်ပြားစေတယ်လို့ ယူဆကြပါတယ်။ အရင်ကလည်း ကရင်၊ ကချင်၊ မွန်၊ ကရင်နီ၊ ပအို့ဝ်၊ ပလောင်၊ လားဟူ နဲ့ ရခိုင် ပါဝင်တဲ့ အဖွဲ့ (၈) ဖွဲ့ဟာ 'မဒတ' ခေါ် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုကို ဖွဲ့စည်းပြီး ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီကို ရခဲ့ဖူးပါတယ်။ ဒီအတောအတွင်း ကရင်အဖွဲ့ဟာ KNU, DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီဆိုပြီး အဖွဲ့ (၃) ဖွဲ့ ကွဲသွားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဟာ အရင်ရှိခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်တွေနဲ့ ကွာခြားပါတယ်။ စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးကို ထောက်လှမ်းရေးက စီစဉ်တဲ့အတွက် နားလည်မှုနဲ့ လုပ်ကြတာ များပါတယ်။ လက်ရှိ သဘောတူချက်ဟာ အခန်း (၇) ခန်း၊ စာပိုဒ် (၃၃) ပိုဒ်ပါဝင်ပြီး၊ စာမျက်နှာ (၁၂) မျက်နှာရှိတဲ့ စာချုပ်ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သဘောတူကြပါတယ်။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ နောင်အခါ ပါဝင်လာနိုင်အောင် လုပ်ထားတာလို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်ရာမှာ လိုက်နာရမယ့် စစ်မှုကိစ္စတွေကို ဖော်ပြထားပါတယ်။ သဘောတူတဲ့အတိုင်း ထိရောက်စွာ လိုက်နာဖို့အတွက် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းရမယ်လို့လည်း ဖော်ပြပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ (၁၄) ရက်အတွင်း အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံပြီး လက်တွေ့အကောင်အထည်ဖော်နိုင်အောင် စီစဉ်ရမယ်လို့ အခန်း (၃) မှာ ဖော်ပြထားပါတယ်။ အပစ်အခတ် ရပ်စဲထားတဲ့ နေရာတွေမှာ စစ်အင်အားထပ်မဖြည့်ဖို့၊ စစ်စခန်း မတည်ဆောက်ဖို့၊ လုံခြုံရေးအန္တရာယ် ဖြစ်စေတယ်လို့ ယူဆတဲ့ကိစ္စတွေမှာ နှစ်ဘက်ညှိနှိုင်းဆွေးနွေးဖို့ သဘောတူထားပါတယ်။ စစ်အစိုးရခေတ်ကတော့ ပစ်ခတ်မှု ရပ်စဲထားချိန်မှာ အစိုးရစစ်အင်အား နှစ်ဆတိုးပွားလာသလို ကချင် နဲ့ ဝတပ်ဖွဲ့တွေလည်း စစ်အင်အား တိုးပွားလာပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသားညီလာခံကိုလည်း အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ တက်ပါတယ်။ ဒါပေမဲ့ ပြောရေးဆိုခွင့် မရှိပါဘူး။ ဒါကြောင့် ယာယီသဘောနဲ့သာ တစိတ်တဒေသမှာ နှစ်အတော်ကြာ ပစ်ခတ်မှု ရပ်စဲနိုင်ခဲ့ပါတယ်။

စစ်အစိုးရခေတ်ကလုပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲမှုတွေထဲမှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ရယူတဲ့ သဘောတူညီချက်တခုကိုသာ ရေးသားထားကြောင်း သိရပါတယ်။ အခြားတပ်ဖွဲ့တွေကိုတော့ နှုတ်ဂတိပေးပြီး အပစ်အခတ်ရပ်စဲတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုရပ်စဲချိန်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တွေဟာ စီးပွားရေးကို အာရုံစိုက်တာများပါတယ်။ နိုင်ငံရေးတိုးတက်မှု ဆိတ်သုဉ်းတာကို တိုင်းရင်းသားဘက်က မကျေနပ်တဲ့အတွက် အပြန်အလှန်ယုံကြည်မှု မရရှိခဲ့ပါဘူး။ နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မှုဟာ ဒွန်တွဲနေပါတယ်။

အပစ်အခတ်ရပ်စဲချိန်မှာ စစ်အင်အားကြီးထွားလာတဲ့ အဖွဲ့ရှိသလို၊ ကျဆင်းသွားတဲ့အဖွဲ့လည်း ရှိပါတယ်။ လွန်ခဲ့တဲ့အပတ်က လက်မှတ်ရေးထိုးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးတဲ့အထိ ဖြစ်လာအောင် ဘယ်လောက်ကြာဦးမယ် မသိနိုင်ပါဘူး။ အပစ်ရပ်စာချုပ် အခန်း (၅) မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးဆွေးနွေးနိုင်အောင် ဆွေးနွေးမှုပူးတွဲကော်မတီကို ဖွဲ့စည်းပြီး မူဘောင်ချဖို့ ညွှန်ကြားထားပါတယ်။ နိုင်ငံရေးဆွေးနွေးဖို့ ဟန်ပြင်ထားတဲ့အဆင့်သာ ဖြစ်တာမို့ အစည်းအဝေး အမြောက်အများ ဆက်လက်ကျင်းပရပါလိမ့်မယ်။ ရွေးကောက်ပွဲကာလမှာ ဦးသိန်းစိန်အစိုးရ ရုပ်ပြကောင်းသွားပေမယ့် ရည်မှန်းချက်ကိုရောက်ဖို့ အချိန်ကြာညောင်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG