သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ လူ့အဖွဲ့အစည်းချင်း သင့်မြတ်ရေး ကန်ဝန်ကြီးတိုက်တွန်း


ဒုက္ခသည်၊ လူဦးရေနဲ့ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ရခိုင်ပြည်နယ်ကိုသွားပြီး ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ ဘာသာ၊ လူမျိုး မတူညီသူတွေအကြား တဘက်နဲ့ တဘက် သင့်တင့် မျှတအောင် နေထိုင်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် စစ်တွေ၊ မောင်တောမြို့တို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ဇန်နဝါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ပြည်နယ်အစိုးရပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာအပြင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ မောင်တောမြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လည်ပတ်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ပြောပြပါတယ်။

“သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ လက်ထောက်ဝန်ကြီးအနေနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်က အရာရှိတွေ၊ ရခိုင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်များအရေး အမေရိကန် - မြန်မာ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ လက်ထောက်ဝန်ကြီး Richard က အခုလို ရခိုင်ပြည်ကိုသွားခြင်း ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေအတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မတူညီတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြား အသက်ဆုံးရှုံးမှု ပပျောက်ရေးအတွက် သက်ဆိုင်ရာ အရာရှိတွေက ဝိုင်းဝန်း ဆောင်ရွက်ပြီး အကြမ်းဖက်မှုတွေ ဆက်မဖြစ်ရေး အပါအဝင် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်စေမယ့် အခြေခံ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ လက်ထောက်ဝန်ကြီး Richard က တိုက်တွန်းခဲ့ပါတယ်။”

အဲဒီ ရည်မှန်းချက်တွေ ပြည့်မှီအောင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူ အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူပေးတာ၊ လွတ်လပ်စွာ သွားလုပ်ခွင့်နဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ ရရှိနိုင်ရေး လုပ်ဆောင်ပေးတာ၊ ရိုဟင်ဂျာလူမျိုးတွေကို တန်းတူ နိုင်ငံသား လျှောက်ထားခွင့် ပြုတာတွေပါ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က တိုက်တွန်း ပြောဆိုခဲ့တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

အကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ လိုအပ်တဲ့ အကူအညီတွေ ရရှိရေး ဆောင်ရွက်ပေးဖို့ အစိုးရတာဝန်ရှိသူတွေက အာမခံချက်ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီး Richard အနေနဲ့ အားရကျေနပ်မိတယ်လို့ ဆိုပါတယ်။

“လူမျိုး၊ ဘာသာမရွေး အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာမှု အကူအညီတွေ ပေးနေသူတွေ အတားအဆီးမရှိ အကူညီပေးနိုင်ရေးအတွက် ဗဟိုနဲ့ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေဘက်က အာမခံချက် ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီးအနေနဲ့ အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ စတင်ဖြစ်ပေါ်ပြီး လူတွေနဲ့ ရာနဲ့ချီ သေဆုံးခဲ့တာ ၂ နှစ်ခွဲလောက် ကြာလာတဲ့အချိန်ထိ အခြေအနေတွေက စိုးရိမ်စရာအဖြစ် ရှိနေသေးပေမဲ့လည်း IDP ဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းအတွင်းက အခြေအနေတွေ တိုးတက်မှုရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေတွေဟာ လူမှုအသိုင်းဝိုင်း ၂ ဘက်စလုံးကို အကျိုးဖြစ်ထွန်းမှု မရှိစေတဲ့အကြောင်း၊ ဒါကြောင့်လည်း ဆင်းရဲမွဲတေမှု၊ ကန့်သတ်ချုပ်တည်းမှုနဲ့ အခွင့်အရေး နဲပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗုဒ္ဓဘာသာရော၊ မူဆလင် အသိုင်းဝိုင်းနဲ့ပါ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံနေခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က ပြောပါတယ်။

စစ်တွေမြို့မှာ လက်ထောက်ဝန်ကြီးနဲ့ ပြုလုပ်တဲ့ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ တဦးကတော့ ECC - အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးဌာနက ဦးသာပွင့် ဖြစ်ပါတယ်။ သူက လူမှုအသိုင်းဝိုင်း ၂ ခုအကြား သင်တင့်မျှတအောင် နေထိုင်ကြဖို့ လက်ထောက်ဝန်ကြီးက တိုက်တွန်း ပြောဆိုတယ်လို့ ပြောပါတယ်။

“ကျနော်က ECC အဖွဲ့ဝင်ဆိုတော့ ECC အနေနဲ့ ခေါ်တွေ့တယ်။ နောက် ညနေဘက် ၅ နာရီခွဲမှာ ဒါကတော့ မြို့မိမြို့ဖအနေနဲ့ စစ်တွေဟိုတယ်မှာ တွေ့တယ်။ လိုရင်းကတော့ဗျာ သူတို့ကတော့ ကုလားတွေနဲ့ ဘယ်လိုသင့်မြတ်အောင် နေမလဲ။ ဒီလိုပဲမေးတာပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း ဒီနိုင်ငံသားရထိုက်သူတွေနဲ့တော့ သင့်တင့်အောင်နေမယ်။ နိုင်ငံသားမရထိုက်တဲ့သူတွေကိုတော့ စိစစ်ပေးဖို့ ခင်ဗျားတို့ တိုက်တွန်းပေးပါပေါ့။ ဒါပဲပေါ့။”

ဒါပေမဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေထဲမှာ မမျှတမှုတွေ ပါဝင်နေတယ်ဆိုတာကို သူတို့ဘက်က ထောက်ပြ ပြောဆိုခဲ့တယ်လို့ ဦးသာပွင့်က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့စကားအဆုံးကတော့ Development တွေ ဘာတွေ ဘယ်လောက်ပဲပြောပြော ကျနော်တို့က အခုလောလောဆယ်က ရခိုင်ပြည်နယ်မှာ ရခိုင်က ၂ သန်း၊ ကုလားက ၁ သန်းကျော်ရှိနေပြီ။ တကယ်လို့သာ ဒီမွေးနှုန်းနဲ့ ဒီမယားယူမှုနှုန်းနဲ့ဆိုရင် နောက် အနှစ် ၃၀ ဆိုရင် ၂၀၊ ၃၀ ဖြစ်ပြီး ကျနော်တို့ လူမျိုးကို လွှမ်းမိုးသွားမယ့် အခြေအနေရှိတယ်။ အဲ့ဒီအခြေအနေမှာ ဒီ Birth Control တို့၊ မိန်းမတွေ ယူချင်သလို ယူနေတာတွေကို ဥပဒေနဲ့အညီ မလုပ်ပေးမချင်း၊ နောက်တခုကလည်း ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာကတည်းက နေထိုင်နေတဲ့ ဘင်္ဂါလီတွေရှိတယ်ဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ ခင်ဗျားတို့ပြောသလို ရှိသမျှအကုန်လုံးဟာ နှစ်ပေါင်းများစွာကတည်းက နေတာမဟုတ်ဘူး။ မနေ့က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုလည်း အရင်ရှိပြီးသား ဘင်္ဂါလီတွေက ဖွက်ထားပေးတယ်။ အဲ့ဒီလိုဖွက်ထားလို့ အစိုးရက စွဲပြီး စစ်ဆေးတာတွေ ဘာတွေလုပ်ရင် အကုန်လုံးက ဝိုင်းပြီးတော့ ရန်ရှာတော့တာကိုး။ ဒီအခြေအနေတွေရှိနေတယ်။ ဒီလိုရင်းကိုပဲ ကျနော်တို့က ပြောတာပါ။”

လက်ထောက်ဝန်ကြီး Anne Richard ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခရီးဆက်သွားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ထိပ်တန်းအရာရှိတွေ၊ UNHCR နဲ့ NGO အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ မဟာဗျူဟာရေးရာအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဒုက္ခသည်၊ ရွှေ့ပြောင်းနေထိုင်သူများနဲ့ လူဦးရေဆိုင်ရာ အမေရိကန်အစိုးရ မူဝါဒဆိုင်ရာ ဟောပြောပွဲကို ဒီကနေ့ တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG