သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုနိုင်ငံခြားရေး ဝန်ကြီး သတင်းစာ ရှင်းလင်းပွဲ


ကန် ဒုနိုင်ငံခြားရေး ဝန်ကြီး သတင်းစာ ရှင်းလင်းပွဲ ။
ကန် ဒုနိုင်ငံခြားရေး ဝန်ကြီး သတင်းစာ ရှင်းလင်းပွဲ ။

ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အခြားအဖွဲ့တွေ ကနေ ရရှိထားတဲ့ အထောက်အထားတွေ အရ လက်ရှိ ပင်လယ်ပြင်မှာ ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေအနက် တဝက်လောက်က ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေးကို အဓိကထားပြောဆိုခဲ့ပြီး သတင်းထောက်များရဲ့ စိတ်ဝင်စားမှု ကိုလည်း အများဆုံးဖြစ်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သုံးသပ်ချက်တွေ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းရယူထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပါမယ်။

လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေ အရေးဟာ ဒေသတွင်းက နိုင်ငံတွေ အားလုံးနဲ့သက်ဆိုင်တာကြောင့် အတူဖြေရှင်းပြီး တာဝန်ခွဲယူကြဖို့လိုအပ်တယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိပင်လယ်ပြင်ကို ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့ တစ်ဝက်လောက်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့လည်း သူက အခုလိုပြောပါတယ်။

"ပင်လယ်ထဲက ကယ်တင်ထားတဲ့လူတွေကနေရော၊ ကမ္ဘာ့ကုလသမဂအဖွဲ့နဲ့ အခြားအဖွဲ့တွေရဲ့ အချက်အလက်တွေကနေရော သိထားတဲ့အတိုင်းဆိုရင် အခုပင်လယ်ထဲမှာ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေထဲက တစ်ဝက်လောက်ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကဖြစ်တယ် လို့ ဖော်ထုတ် ထားပါတယ်။ သူတို့တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်းပါဝင်ကြပါတယ်၊ သူတို့ဘဝတွေကို ရင်းပြီး အန္တရာယ်များတဲ့ ပင်လယ်ထဲကို ထွက်ပြေးဖို့၊ သူတို့ဘဝတွေကို လူကုန်ကူးသူတွေဆီ ထည့်လိုက်ရအောင် ဖြစ်လာတဲ့ အကြောင်းအရင်းတွေလည်း သူတို့မှာရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရော၊ ကမ္ဘာ့ကုလသမဂနဲ့ အခြားအဖွဲ့တွေရဲ့ ကြိုးပမ်းမှုအရ ရရှိထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင်တော့ ဒီဒုက္ခသည်တွေထဲက အများစုဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်၊ ရခိုင်ပြည်နယ်က ဆိုးဝါးတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးလာရတာဖြစ်တယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန်က လှေစီးပြေး ဒုက္ခသည်တွေ အားလုံး ဟာ မြန်မာနိုင်ငံ ကဖြစ်တယ် ဆိုတဲ့ ပြောကြားချက်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ပြီး ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကတော့ ဒုက္ခသည်တွေထဲက အများစုမှာ မြန်မာနိုင်ငံ မှ မဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။

Mr. Blinken အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံက ဧည့်ခံကျင်းပမယ့် လှေစီးပြေး ဒုက္ခသည်များ အရေး သုံးနိုင်ငံဆွေးနွေးပွဲမှာ တာဝန်တွေခွဲယူပြီး မျှမျှတတ ဖြေရှင်းကြဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တိုးတက်မှုတွေရှိပေမယ့် အရေးကြီးတဲ့ စိန်ခေါ်ချက်တွေကိုလည်း ရင်ဆိုင်နေရတုန်းပဲလို့ Mr. Blinken က ဆိုပါတယ်။ လူနည်းစုဝင်တွေရဲ့ အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် စတဲ့ စိန်ခေါ်ချက်တွေကို ရှိနေသေးကြောင်း သူက အခုလိုပြောဆိုလိုက်ပါတယ်။

"အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ မြန်မာနိုင်ငံသားတွေ အတွက် ဥပဒေကြောင်းအရ အာမခံမှုတွေ အပါအဝင် အခြားအရေးကြီးတဲ့ စိန်ခေါ်ချက်တွေဖြစ်တဲ့ သတင်းထောက်တွေ အပေါ်ဆက်ဆံမှု၊ ဆန္ဒပြသူတွေအပေါ် ဆက်ဆံမှု နဲ့ တိုင်းရင်းသားဒေသတွမှာ လူ့အခွင့်အရေးရရှိမှုတွေကတော့ လုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်တွေဖြစ်ပြီး အမှန်တကယ် တိုးတက်နေပေမယ့် မလုံလောက်သေး တာကိုတွေ့ရပါတယ်။"

ရောက်ရှိလာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ စောင့်ကြည့်နေမယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ဗီတို အာဏာရရှိထားတာမျိုးကတော့ အငြင်းပွားဖွယ်ရာတော့ ဖြစ်နေတယ်လို့ Mr. Blinkenက အခုလို ဆိုပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ ပြဌာန်းချက်အချို့ဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကိုတွေ့ရပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုက အငြင်းပွား ဖွယ်ရာဖြစ်နေတာပါ။ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တွေ့ဆုံခဲ့ကြတာတွေလည်းရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဝင်ရောက်ပြောဆိုလိုတာမရှိပါဘူး။ ဒါပေမယ့်လည်း စည်းမျဉ်းစည်းကမ်း အရပြောရမယ် ဆိုရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ စစ်တပ်က ဗီတိုအာဏာ ရရှိထားတာ၊ မြန်မာနိုင်ငံသားတွေ ကိုယ်နှစ်သက် တဲ့ခေါင်းဆောင် ရွေးချယ် တင်မြှောက်ခွင့်မရအောင် ကန့်သတ် ထားတာတွေဟာ ဝိရောဓိဖြစ်စရာတွေပါ။"

လက်ရှိမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မနေ့က မေလ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံကာ ညနေပိုင်း မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးညှိနှိုင်းရေး NCCT အဖွဲ့နဲ့ လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါသေးတယ်။

XS
SM
MD
LG