သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို


တပ်မှူးတပ်သား ပြောစကား (၀၅၂)

ဒီကနေ့ မြန်မာ့တပ်မတော်မှာ အဏုမြူဓါတ်ပေါင်းဖိုတစ်လုံးကို မန္တလေးမြို့အထက်ဘက်က သပိတ်ကျဉ်းမှာ စမ်းသပ်တည်ဆောက်ခဲ့ပုံနဲ့ ပတ်သက်ပြီး၊ မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်အဏုမြူစီမံကိန်းဆိုင်ရာအချက်အလက် တချို့ကို ပြည်ပကို ယူဆောင်ထွက်ခွာလာခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း နဲ့ နေပြည်တော်စစ်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ တပ်မတော်အရာရှိဟောင်းတစ်ဦးတို့ရဲ့ အတွေ့အကြုံပြောစကားတွေကို ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးစိုင်းသိန်ဝင်းခင်ဗျ၊ အခု တကမ္ဘာလုံးကအာရုံစိုက်စောင့်ကြည့် နေကြရ တာကတော့ ပြီးခဲ့တဲ့ မတ်လ(၁၁)ရက်နေ့က ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်း (Honshu Island) အရှေ့မြောက်ကမ်း ခြေမှာ လှုပ်ခတ်သွားခဲ့တဲ့ ၈.၉ magnitude ပြင်းအားရှိတဲ့ ငလျင်ကြီးနဲ့ အဲဒီငလျင်ကြီးရဲ့ နောက်ဆက်တွဲ ဆူ နားမိရေလှိုင်းလုံးကြီးတွေရဲ့ ဒဏ်ကြောင့် ဖုခုရှီးမားခရိုင် (Fukushima Prefecture) အမှတ်(၁) လျှပ်စစ်ဓါတ် အားပေးစက်ရုံ (Dai-ichi Electricity Power Plant)က အမှတ်(၃) နျူးကလီးယားဓါတ်ပေါင်းဖို ဖြစ်ပါတယ်။ အဲဒီတော့ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ နျူကလီးယားဘာသာရပ်ပညာရှင်မဟုတ်ဘူး ဆိုတာကို ကျနော်တို့ သိရှိ ပေမယ့်လည်း၊ ဒီနျူးကလီးယားကိစ္စတွေမှာ တိုက်ရိုက်မဟုတ်ပေမယ့် ဆက်နွယ်ပတ်သက်နေတော့၊ အတွင်း ကျကျမဟုတ်ပေမယ့် အပြင်စည်းကသတင်းတွေကတော့ သိနေတာပေါ့နော်။ အဲဒီအခါကျတော့ မြန်မာစစ် အစိုးရဟာလည်း nuclear reactor ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ဆန္ဒဟာ အလွန်ပြင်းပြစွာရှိခဲ့တယ်ဆိုတာ၊ ဗိုလ်မှူးတို့က ပိုသိတယ်။ အားလုံးပြောနေကြတာက မန္တလေးအထက်က သပိတ်ကျင်းနားမှာ နျူးကလီးယား ဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ထားတယ်၊ အဲဒီတော့ ဒီအဏုမြူဓါတ်ပေါင်းဖိုနဲ့ပတ်သက်လို့၊ ဗိုလ်မှူး ဘယ် လောက် ကျနော်တို့ကို၊ အပြင်စည်းသတင်းအရ ပြောပြနိုင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဓါတ်ပေါင်းဖိုက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဒေါက်တာတွေ စမ်းသပ် တည်ဆောက်ထားတဲ့၊ nuclear reactor ပါဆိုပြီးတော့၊ ငါးမူးသံပိုက်လုံးကြီးကို ခွေပြီးတော့ လုပ်ထားတဲ့ reactor အတုကြီး ပါပဲ။

ဦးရော်နီညိမ်း။ ။ ကျနော်တို့ သိထားသလောက်ကတော့ ဒီစီမံကိန်းကြီးကို Nuclear Physics နဲ့ အမေရိ ကားကနေ Master ((မဟာသိပ္ပံဘွဲ့) ရထားတဲ့ စစ်တက္ကသိုလ် ရူပဗေဒဌာနမှူးလည်း လုပ်သွားဖူးတဲ့ ဦးသိန်း ဦးဖိုးစော ကို ဦးဆောင်ခိုင်းတယ်။ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦး လည်း ဖြစ်တဲ့ ဦးသိန်းဦးဖိုးစောက၊ ဦးစီးတယ် ဆိုတာလောက်တော့ ကျနော်တို့ အပြင်ပန်းအနေနဲ့ သိရှိထားပါတယ်။ အဲဒီတော့ ဗိုလ်မှူးအနေနဲ့ ဒီသမိုင်းကြောင်းကို သိသလောက် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အဖွဲ့တွေ လုပ်နေတဲ့အလုပ်တွေနဲ့ ကျနော်တို့ တိုက်ရိုက် စပြီး ပတ်သက်လာတာကတော့၊ ၂၀၀၁ ကျနော်တို့ ရုရှကို စထွက်တဲ့အချိန်ကတည်းက စပြီး၊ ပတ် သက်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ သွားတက်ရတဲ့ ကျောင်းတွေ၊ ယူရတဲ့ subject တွေအားလုံးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လူတွေကချည့်ပဲ အစီအစဉ်လုပ်လိုက်တယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့ တက်ရမယ့်ကျောင်းတွေကို ဆုံးဖြတ်တာက၊ ကျနော်တို့ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိပဲ၊ သူ တို့ကသာလျှင် ဆုံးဖြတ်ပေးလိုက်တဲ့ ပုံစံမျိုးပါ။ ဆိုတော့၊ ကျနော်တို့ ရုရှကနေ ပြန်လာတဲ့အခါကျတော့လည်း သူတို့ ဆောက်ထားတဲ့ အဆောက်အအုံတွေ သပိတ်ကျင်းက lab (ဓါတ်ခွဲခန်း) တွေ၊ မြိုင်တို့ ပြင်ဦးလွင်တို့မှာ ရှိတဲ့ CNC (Computer Numerical Control) စက်ရုံတွေမှာ ကျနော်တို့က ဝင်ပြီးတော့ အလုပ်လုပ်ရတယ်။ ဆိုတော့၊ တကယ်တမ်းမှာ ကျနော်တို့က စစ်သားဖြစ်ပေမယ့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အပေါ်ကနေ ပြီးတော့ စီမံခန့်ခွဲနေတဲ့ ပုံစံမျိုး၊ အနေအထားမျိုးနဲ့၊ တွဲပြီးလုပ်ခဲ့ရတာပေါ့ ဗျာ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဆိုတာ၊ ခုနက ကိုရော်နီ ပြောတဲ့ ဦးသိန်းဦးဖိုးစော တို့ လုပ်ခဲ့တဲ့၊ အဏုမြူစွမ်းအင်ဝန်ကြီးဌာနကနေ ပြီး တော့ နံမည်ပြောင်းသွားတဲ့ ဝန်ကြီးဌာန တစ်ခုပါ။

ဦးရော်နီညိမ်း။ ။ အဲဒီ သပိတ်ကျင်းမှာ သွားဆောက်တဲ့အခါမှာ၊ ပညာရှင်တွေကို မွေးထုတ်တာ ဗိုလ်မှူးတို့ နဲ့အတူတူ ရုရှကိုသွားတဲ့ အသုတ်တွေထဲက ပါလားခင်ဗျ။ ဘယ်ကနေပြီးတော့ ပညာရှင်တွေကို ရှာယူပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါတွေကတော့ ကျနော်တို့ “ရူပဗေဒထူးချွန်” ဆိုပြီးတော့ (၁၀)တန်းမှာ အမှတ် များတယ်၊ ဆရာဝန်အင်ဂျင်နီယာတွေလည်း မဖြစ်ဘူး၊ သို့သော် အမှတ်များတယ် ဆိုပြီးတော့၊ ရိုးရိုး Physics ဘွဲ့ရ ထူးချွန်တဲ့ကျောင်းသားတွေကို Nuclear Physics ဆိုပြီးတော့ YIT (Yangon Institute of Technology - ရန်ကုန်စက်မှုတက္ကသိုလ်) မှာ၊ သူတို့ကို Master (မဟာသိပ္ပံဘွဲ့) ပေးတယ်။ Master ရပြီးတဲ့ လူတွေက၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာ အလုပ်လုပ်ကြတယ်။ အဲဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာပဲ research (သုတေသနလုပ်ငန်း) တွေ ဘာတွေ လုပ်ပြီးတော့ Ph.D (ပါရဂူ) ဘွဲ့ပေးလိုက်တယ်။ ဒေါက်တာ အဖြစ်ပေါ့။ Nuclear Scientist (နျူးကလီးယားသိပ္ပံပညာရှင်) တွေ ဖြစ်လာတယ်။

ဦးရော်နီညိမ်း။ ။ ရန်ကုန်တက္ကသိုလ်က ပေးတဲ့ Ph.D လား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျ။ Ph.D ဘွဲ့ကတော့ ဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပေးတဲ့ Ph.D လို့ပဲ ကျနော်တို့ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ အခု ဖြစ်နေတာတွေက ပညာရေးစနစ်ကလည်း ဝန်ကြီးဦးသောင်း လက်ထက်ရောက်တဲ့အချိန်မှာ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ လိုက်မမှီတော့တဲ့ ပုံစံတွေ ဖြစ်သွားပါတယ်။ ပြောင်းလဲတာတွေက အရမ်းကို မြန်လွန်းတယ်။ RIT (Rangoon Institute of Technology) ဆိုရင်လည်း မရှိတော့ဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ ပညာရေးအရ သူတို့ ဘွဲ့ပေးတဲ့ စနစ် ကို ကျနော်တို့ သေချာ မသိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ nuclear reactor အတုကြီးဆိုတာ ဘယ်လိုဟာပါလဲခင်ဗျ၊ ဗိုလ်မှူး အပြင် စည်းသတင်း သိထားသလောက် ကျနော်တို့ကို ပြောပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ဒီလိုခင်ဗျ၊ အဲဒီ Vienna (ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ အဏု မြူစွမ်းအင် အေဂျင်စီ Inetrnational Atomic Energy Agency ရှိရာ ဥရောပသြစတြီးယားနိုင်ငံမှ မြို့တော် ဗီယင်နာ) မှာ nuclear seminar (နျူးကလီးယားဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲ) တစ်ခုကို တက်ဖူးတဲ့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဒေါက်တာတစ်ယောက်က၊ သူက အဲဒီကနေပြီးတော့ စာတမ်းတစ်ခု ယူလာ ခဲ့တာပေါ့။ တခြားနိုင်ငံကပညာရှင် တစ်ယောက် ဖတ်တဲ့ စာတမ်းပေါ့လေ။ အဲဒီစာတမ်းမှာ သူက reactor ပုံစံတူလေးပေါ့၊ ပုံလေး တစ်ပုံကို တွေ့တယ်။ တွေ့တဲ့အခါကျတော့၊ သူ့ကို (ဝန်ကြီး) ဦးသောင်းက nuclear reactor ဆောက်ခိုင်းရော။ ဆောက်ခိုင်းတဲ့အခါကျတော့ သူ ကြံရာမရ ဖြစ်သွားတယ်။ မလုပ်တတ်တဲ့အခါကျ တော့၊ အဲဒီပုံထဲမှာ ပါတဲ့အတိုင်းပဲ သူက အဲဒီပုံစံလေးကို သံထည် ပစ္စည်းတွေ ဝယ်ပြီးတော့၊ လှိုင်သာယာ စက်မှုဇုံမှာ သွားပြီးတော့ ပုံစံတူ လုပ်လိုက်တာပါ။ အဲဒီ reactor နဲ့ ပုံချင်းတူတဲ့ ပစ္စည်းတစ်ခုပေါ့။ အဲဒီလိုမျိုး လုပ်လိုက်တာပါ။ အဲဒါကို လူကြီးတွေ လာတဲ့အခါကျတော့၊ “ကျနော်တို့ စမ်းသပ်တည် ဆောက်ထားတဲ့ nuclear reactor ပါ” ဆိုပြီးတော့ ဒါကို ပြတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး Made in Hlaing Thar Yar နျူကလီးယားဓါတ်ပေါင်းဖိုကြီး တည်ဆောက် ထားတယ် ဆိုတာကို၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း အပါအဝင် နျူးကလီးယားကို အရမ်းစိတ်ဝင်စား နေကြတဲ့ တပ်မတော်ခေါင်းဆောင်တွေကော မြန်မာစစ်အစိုးရခေါင်းဆောင်တွေကော မသိကြဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဥစ္စာက ကျနော်တို့ (ရုရှပြန်) နျူးကလီးယားဘာသာရပ် သွားသင်လာတဲ့ အရာရှိတွေက သပိတ်ကျင်းကို ရောက်တဲ့အခါကျတော့၊ အကုန်ပေါ်လာတယ်ဗျ။ ဆိုတော့၊ အဲဒီအရာရှိတွေက ဒီကိစ္စကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးသောင်းရဲ့ အောက်က ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကို ဦးဆီကို သွားပြီးတော့ သတင်းပို့ကြတယ်။ တိုင်ကြတယ်။ ဒါပေမယ့် ဒေါက်တာကိုကိုဦးက သူတို့ သတင်းပို့ တာကို “အထက်ကို ပြန်ပြီး သတင်းပို့ပေးပါ့မယ်” ဆိုပြီး ချွေးသိပ်ထားလိုက်ပြီးတော့၊ သူ့တပည့်တွေကိုကျ တော့ တစ်မျိုး ပြန်မှာတယ်။ လုပ်စရာရှိတာ ဆက်လုပ်ဖို့။ “စစ်သားတွေ ဆိုတာက၊ အထက်အရာရှိကို အင်မ တန်ကြောက်ရတဲ့အတွက် သူတို့ ဒီကိစ္စကို အထက်ကို ဆက်ပြီး တင်ရဲမှာ မဟုတ်ဘူး။ သူကတော့ ဒီသတင်း ကို ဒီနေရာမှာပဲ သိမ်းထားလိုက်ပြီ” ဆိုတဲ့ဟာမျိုး သူ့တပည့်တွေကို မှာထားတယ်။ ဒါပေမယ့် ဒီသတင်းက လည်း ကျနော်တို့ တပ်မတော်အရာရှိတွေဆီကို ပြန်ပြီးတော့ ပေါက်သွားတယ်။ ဆိုတော့၊ တပ်မတော် အရာ ရှိတွေက “တပ်မတော် သိပ္ပံနှင့်သုတေသန ဌာနချုပ်မှူး” ဗိုလ်ချုပ်စိန်ဝင်းဆီကို တခါ ပြန်ပြီးတော့ သတင်းပို့ တယ်။ အဲဒီလို သတင်းပို့တဲ့ အချိန်ကျတော့လည်း၊ “ဟုတ်ပြီ၊ မင်းတို့ပြောတာ မှန်တယ် ဆိုရင်၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ ဆက်ပြီးတော့ တင်ပြပေးပါ့မယ်” လို့ ပြောတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မောင်အေးဆီ သူ သွားသတင်းပို့တဲ့ အချိန်ကျတော့၊ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ဗိုလ်ချုပ်စိန်ဝင်းကို ပေါ့၊ “ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ယုံကြည်မှု မရှိဘူးလား” ဆိုပြီးတော့၊ သူ့ကို ရုံးခန်းကနေ မောင်းထုတ် လိုက်တယ် ဆိုပြီး ကျနော်တို့ကို ပြန်ပြောပြတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီ ဗိုလ်ချုပ်စိန်ဝင်းက နဂိုတုန်းက သသန (တပ်မတော် သိပ္ပံနှင့်သုတေသန ဌာနချုပ်) ညွှန်ကြား ရေးမှူးချုပ်ကနေ၊ အခု လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဖြစ်သွားတဲ့ ဗိုလ်ချုပ်စိန်ဝင်းလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျာ။ အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် သပိတ် ကျင်းတပ်ကို လာကြည့်ပါတယ်။ အဲဒီမှာ ထူးခြားတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ အဖော်ပါလာ တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) (ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း DSA 11 - ယခု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း) နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) (ဒုတိယဗိုလ်ချုပ် ကြီး မြတ်ဟိန်း DSA 17)၊ ဗိုလ်ချုပ်ကြီးတွေ ကနေပြီးတော့ သပိတ်ကျင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေကို လိုက်ပြီးတော့ စနည်းနာတာ၊ အစ်အောက်တာမျိုးတွေ ရှိခဲ့တယ်။ ဘယ်လိုလဲဆိုတော့ “မင်းတို့ အခုလုပ်နေရတဲ့ အလုပ်အပေါ်မှာကော ယုံကြည်မှုရှိရဲ့လား”ဆိုတဲ့ဥစ္စာကို သူတို့ကလိုက်ပြီးတော့ တစ်ယောက် ချင်းစီကို မေးတယ်။ ဆိုတော့၊ အဲဒီ သပိတ်ကျင်းက အရာရှိတွေကလည်း၊ အဲဒီအချိန်မှာ ဘာမှ ပြန်မပြောရဲ တော့ဘူး။ “ဟုတ်ကဲ့ ယုံကြည်ပါတယ်။ ဆက်လုပ်ပါမယ်” ဆိုတဲ့အတိုင်းပဲ ဖြစ်ခဲ့တယ်။ သပိတ်ကျင်းမှာနေတဲ့ အရာရှိတွေက ဒေါက်တာကိုကိုဦး ကြိုပြီးနိမိတ်ဖတ်လိုက်သလိုပဲ အထက်အရာရှိတွေကို ဆက်ပြီး မတင်ပြရဲ တော့တဲ့အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီမှာ ကျနော်တို့ ပိုနေမြဲ၊ကျားနေမြဲ ဆက်ဖြစ်သွားတယ်။ မဟုတ် တာ မမှန်တာ ဒီဥစ္စာကြီးဟာ အတုကြီးဆိုတာကို သိသိကြီးနဲ့၊ တပ်မတော်အရာရှိတွေကတော့ ဆက်လုပ်သွား ရတာတွေ ရှိပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အဖွဲ့တွေကတော့၊ ကျနော်တို့ တပ်မတော် အရာရှိတွေ ကို သူတို့က နည်းပညာပေါင်းကူး လုပ်ပေးပြီးသွားပြီ ဆိုပြီးတော့၊ တစ်နှစ်လောက် အဲဒီ သပိတ်ကျင်းမှာ နေ ခဲ့ကြပြီးတော့၊ သူတို့ရဲ့ မိခင်ဝန်ကြီးဌာနကို သူတို့ ပြန်သွားကြတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ သပိတ်ကျင်း နျူးကလီးယားဓါတ်ပေါင်းဖိုကြီး မဖျက်ပဲနဲ့ ဒီအတိုင်း ထား ထားတာပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ ဓါတ်ပေါင်းဖိုကြီးကလည်း ပုံစံတူ အတုကြီးပဲ ဆိုတော့၊ ဘာမှ လည်း ထွေထွေထူးထူးတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တခုရှိတာက သူတို့က တူးလို့ရလာသမျှ ယူရေ နီယံပါတဲ့ မြေသားတွေကို အဲဒီနေရာမှာပဲ စုပုံထားတယ်ဆိုတော့၊ ပတ်ဝန်းကျင် air pollution (လေထုညစ် ညမ်းမှု) ဖြစ်တာလေးတွေလောက် တော့ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ သပိတ်ကျင်းက နျူးကလီးယားဓါတ်ပေါင်းဖိုဆိုတာနဲ့ ပတ်သက်ပြီးတော့၊ နေပြည်တော် စစ်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ ဓါတ်ပေါင်းဖိုကိုလည်း ရောက်ခဲ့ဖူးတဲ့၊ တပ်မတော်အရာရှိဟောင်း တစ်ဦးကလည်း ဗီအိုအေမြန်မာပိုင်းကို ပြောပြခဲ့ဖူးတာရှိပါတယ်။ ၂၀၁၀ မတ်လ ၁၄ ရက်နေ့က၊ ဗီအိုအေမြန် မာပိုင်းကနေ လွှင့်ထုတ်ပေးခဲ့တဲ့ အဲဒီ တပ်မတော်အရာရှိဟောင်းနဲ့ ဆက်သွယ်မေးမြန်းချက်ထဲက ကောက် နှုတ်ထားတာကို ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

တပ်မတော် အရာရှိဟောင်း။ ။ တပ်မတော် သိပ္ပံနှင့်သုတေသန နည်းပညာဌာန (သသန) အောက်က၊ အမှတ်(၁)တပ်ရင်း၊ သပိတ်ကျင်းတပ်လို့ပဲ ကျနော်တို့ ခေါ်ကြပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီနေရာမှာ သူတို့က nuclear reactor တည်ဆောက်ဖို့ အစီအစဉ် ရှိ သလား၊ သို့မဟုတ် ယူရေနီယံ သန့်စင်ဖို့လား၊ ဒါမှမဟုတ် ယူရေနီယံ ရှာတာလား ခင်ဗျ။ အဲဒီနေရာမှာ။

တပ်မတော်အရာရှိဟောင်း။ ။ ပထမကတော့ သူတို့ nuclear reactor အတွက် research လုပ်တယ် ခင် ဗျ။ အဲဒါက၊ နောက်ဆုံး မအောင်မြင်တဲ့အခါမှာ၊ (သပန)က ဦးသောင်းကနေ သူ့လူတွေအကုန်လုံးကို ဆွဲထုတ် သွားတဲ့ အခါမှာ၊ ကျနော်တို့ စစ်တပ်က လူတွေချည့်ပဲ ကျန်ခဲ့ပါတယ်။ reactor အတုလို့ခေါ်တဲ့ ဟာ ကြီးတစ်ခုကို ဆောက်ထားတာ၊ အဲဒါကြီးပဲ ကျန်ခဲ့ပါတယ်။ မအောင်လည်း မအောင်မြင်ပဲနဲ့ ဒီတိုင်းပဲ ကျန်ခဲ့ တာ ဖြစ်ပါတယ်။ လူကြီးလာရင် ပြဖို့ ထားထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ တော်တော်လည်း တောခေါင်ပါ တယ် ခင်ဗျ။ အရာရှိတွေ ဆိုရင်လည်း၊ နေရတဲ့ နေရာကနေမှ ထော်လာဂျီတွေနဲ့ အကုန်လုံးကို တင်ခေါ်သွား၊ ထမင်းချိုင့်ပါ တခါတည်း ထုတ်သွားပြီး၊ အဲဒီမှာ လုပ်ကြ၊ လုပ်ပြီး ညနေမှ ပြန်လာရတယ်။ အဲဒီလိုမျိုး နေကြ ရတာ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီလောက် အန္တရာယ်ရှိတဲ့ ဓါတ်ပေါင်းဖိုကို လူကြီးတွေ လာကြည့်တဲ့ အခါကျတော့ သူတို့ တကယ့်ကို ထဲထဲဝင်ဝင် လုပ်ကိုင်နေတာ အထိကို၊ သွားကြည့်လို့ ရသလား ခင်ဗျ။

တပ်မတော် အရာရှိဟောင်း။ ။ ကျနော်တို့အကြီးအကဲတွေရဲ့ ထုံးစံအတိုင်းပေါ့ဗျာ။ ပြတဲ့နေရာကို ဝေးဝေး ကနေပဲ ကြည့်ပြီးတော့၊ ဒါ nuclear reactor လည်းဖြစ်တယ်ဆိုတော့၊ သူတို့ အဝေးကနေကြည့်ပြီး “အိုကေ အောင်မြင်နေတယ်၊ လုပ်နေတယ်၊ ကောင်းတယ်ကောင်းတယ်” ပြောပြီး၊ ဒီလိုပဲ ပြန်သွားကြတာပဲ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ နျူးကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ မအောင်မြင်ပေမယ့်လည်း၊ သပိတ်ကျင်းဒေ သမှာ ဆက်လက်ပြီးတော့ မြန်မာ့တပ်မတော်က ဘာတွေ လုပ်နေသလဲဆိုတာကို အဲဒီအရာရှိဟောင်းကို ဗီအို အေက ထပ်ပြီး မေးကြည့်ခဲ့ပါတယ်။

တပ်မတော် အရာရှိဟောင်း။ ။ ဒုဗိုလ်မှူးကြီး အဆင့်ပေါ့။ G1 level (စစ်ဦးစီးမှူး ပထမတန်း) ကနေ captain level (ဗိုလ်ကြီးအဆင့်) အထိကို ဌာနပေါင်းစုံက၊ အဖွဲ့အစည်းပေါင်းစုံက၊ စစ်တပ်ထဲက လူတွေစုပြီး တော့ အခု သပိတ် ကျင်းမှာ သူတို့က ယူရေနီယံ အတွက် research (သုတေသန) လုပ်နေတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သူတို့တွေက ပညာရှင်တွေလား ခင်ဗျ။ သူတို့တွေက ဘာတွေနဲ့များ ကျောင်းပြီးထားလို့ လဲ၊ ဒီမှာ သွားပြီးတော့ သုတေသန လုပ်ဖို့။ တပ်မတော်အရာရှိတွေတော့ မှန်တယ်။ ရိုးရိုး စစ်တက္ကသိုလ်က ဆင်းလာတဲ့ တိုက်ခိုက်ရေးအတွက် သေချာ training လုပ်ထားတဲ့ အရာရှိတွေတော့၊ မဖြစ်နိုင်ဘူးလို့ ထင်ပါ တယ်။ အဲဒီတော့ ဘယ်လို အရာရှိတွေပါလဲ ခင်ဗျ။ ဘယ်လို ဘွဲ့တွေ ရထားပါသလဲ။

တပ်မတော် အရာရှိဟောင်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သသန (တပ်မတော်သိပ္ပံနှင့်သုတေသနဌာန) ရဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်စိန်ဝင်းက၊ ဘယ်သူ့ရဲ့အကြံပေးချက်နဲ့လည်းတော့ မသိဘူးပေါ့။ သူတို့ ယူရေနီယံ ထုတ်ဖို့ အတွက် ရှာဖို့ ရှိတယ် ဆိုပြီးတော၊့ စစ်တပ်ထဲကနေမှ Geology (ဘူမိဗေဒ) နဲ့ ဘွဲ့ရတဲ့၊ OTS (Officer Training School) ကျောင်းဆင်းတွေပေါ့။ G1 level ကနေ captain level ထိ၊ အရာရှိတွေ ကို စုဖွဲ့ပြီးတော့ အကုန်လုံးကို MS out (တပ်တွင်းတွင် ရာထူးတိုးမြှင့်မှု နှင့် နေရာဌာန အပြောင်းအရွှေ့များအတွက်၊ ရုံးလုပ် ငန်းများဆောင်ရွက်ရသော တပ်မတော်စစ်ရာထူး ခန့်ချုပ်ရုံးမှ အမိန့်စာ Military Service Order ထုတ်ပြန် ပြီး) ၊ စုဖွဲ့ပြီးတော့မှ သပိတ်ကျင်းကို ပို့ပြီးတော့ ယူရေနီယံ အတွက် research လုပ်နေပါတယ်။ အဲဒီတော့ လည်း၊ သူတို့ထဲက နေရာကောင်းရပြီး အဆင်ပြေနေတဲ့လူတွေက မသွားချင်ပေမယ့်လည်း၊ MS out ပြီး ထွက်ထားတဲ့ အတွက်ကြောင့်မို့၊ မဖြစ်မနေကို၊ ခိုင်းတာ လုပ်နေရပါတယ် ခင်ဗျ။ အခု သူတို့ ခမျာ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ မူလက ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ “စစ်တပ် နှင့် အမိန့်နာခံမှု အပိုင်း (၉)” ကိုတော့၊ နောက်သီတင်းပတ် စနေနေ့ ညနေဘက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာပါ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG