သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sydney မြို့လယ် ပြန်ပေးဆွဲမှုဖြစ်ပွား


သြစတြေးလျနိုင်ငံ Sydney မြို့က ချောကလက်ကဖေးဆိုင်ကို သေနတ်သမားက ဝင်ရောက်စီးနင်းပြီး အရေအတွက် အသေအချာမသိနိုင်တဲ့လူတွေကို ဓားစားခံဖမ်းထားတာ ၁၂ နာရီ ကျော်လာပါပြီ။ New South Wales ပြည်နယ်ရဲမင်းကြီး Andrew Scipione ကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက်မှုလို့ မခေါ်ပေမယ့် အခုလိုဖြစ်နေတာ ရက်နဲ့ချီ ကြာနိုင်တယ်ဆိုတာမျိုး ပြောသွားပါတယ်။

မြို့လယ် စီးပွားရေးအချက်အချာရပ်ကွက်က Lindt ချောကလက်ကဖေးမှာ ဖြစ်ပွားတဲ့ အဲဒီဖြစ်ရပ်က နိုင်ငံရေးနောက်ခံ အကြောင်းတရား ရှိကောင်းရှိနိုင်တယ်လို့ ဝန်ကြီးချုပ် တိုနီ Abbott က ပြောပါတယ်။ အစပိုင်းမှာ ဓားစားခံဖမ်းခံထားရသူတွေဟာ လက်နှစ်ဖက်မြှောက်ပြီး မှန်ပြူတင်းပေါက်မှာ ကပ်ရပ်နေတာကို တွေ့ရပါတယ်။ အာရေဗျစာတွေရေးထားတဲ့ အမည်းရောင်အလံကိုလည်း ပြူတင်းပေါက်ကနေ မြင်ရပါတယ်။

အဲဒီ ဆိုင်ထဲကနေ လူငါးဦး ဘေးအန္တရာယ်ကင်းကင်း ထွက်လာတာ တွေ့ရပေမယ့် သူတို့ကို သေနက်သမားက လွှတ်လိုက်တာလား၊ သူတို့ဖာသာ သူတို့ လွတ်လာတာလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ အထဲမှာ ဓားစားခံ ၁၀ ဦးကနေ ၂၅ ဦးအထိ ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

ဆိုင်ပတ်လည်မှာတော့ ရဲက လုံခြုံရေးအပြည့်အဝယူထားပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ အနီးအနားဆိုင်တွေထဲက လူတွေကိုလည်း ရှင်းထား ပါတယ်။ အဲဒီနေရာနဲ့ မနီးမဝေးမှာရှိတဲ့ နာမည်ကျော် Opera House မှာလည်း မသင်္ကာဖွယ် အထုတ်တထုပ်တွေ့ခဲ့ရလို့ အဲဒီကနေပြီးတော့လည်း လူတွေအားလုံးကို ထွက်ခိုင်းထားပါတယ်။ အဲဒီနေရာတဝိုက်မှာရှိတဲ့ လမ်းတွေအားလုံးကို ရဲကပိတ်ထားပြီး အခင်းဖြစ်ပွားနေတဲ့ စားသောက်ဆိုင် အောက်က ရထားလိုင်းကိုလည်း ပိတ်ထားပါတယ်။

ဒေသစံတော်ချိန် တနင်္လာနေ့ မနက် ၉ နာရီကျော်လောက်ကတည်းက စဖြစ်နေတဲ့ အဲဒီ ဖြစ်ရပ်ဟာ နာရီအတော်ကြာလာခဲ့ပေမယ့် ဖမ်းခံထားရသူတွေထဲက တစုံတရာ ထိခိုက်ဒဏ်ရာရတာ မကြားရသေးပါဘူး။ ပြန်ပေးဆွဲသူတဦးကိုလည်း ပြူတင်းပေါက်ကနေ လှမ်းမြင်ရပါတယ်။ သူဟာ အဖြူရောင်ရှပ်အကျီပေါ်မှာ အမည်းရောင် လက်ပြတ်အကျီထပ်ဝတ်ထားပြီး လက်နက်တမျိုးမျိုး ကိုင်ဆောင်ထားပါတယ်။ အဲဒီလူဟာ အပြင်က ရဲနဲ့ လှမ်းအဆက်အသွယ်လုပ်တယ်လို့ ရဲဌာန ပြောခွင့်ရအမျိုးသမီးက ပြောပေမယ့် သူဘာလို့ အဲလို လုပ်သလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရဲတွေ မခန့်မှန်းနိုင်သေးပါဘူး။ အခင်းဖြစ်ပွားနေတဲ့ ချောကလက်ဆိုင်ဟာ Sydney ရဲ့ ဘဏ္ဍာရေးနဲ့ ဈေးအရောင်းအဝယ် စည်ကားတဲ့ရပ်ကွက်မှာ တည်ရှိပြီး ခရစ္စမတ်ရာသီ ဈေးဝယ်သူတွေနဲ့ စည်ကားနေတာပါ။ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာပဲ New South Wales လွှတ်တော် တည်ရှိနေပါတယ်။

XS
SM
MD
LG