သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်


မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄)
မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄)

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၄ခုနှစ်ထဲမှာ သတင်းသမားတွေကို ထောင်အချဆုံး နိုင်ငံများ စာရင်းကို ပြုစုခဲ့တဲ့ CPJ က မြန်မာနိုင်ငံကို အဆိုးဝါးဆုံး ဆယ်နိုင်ငံထဲမှာ အဆင့် ၈မှာ ထည့် ထားတာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သားတပိုင်း အစိုးရအဖြစ် ပြောင်းလဲပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပေမဲ့ သတင်းသမားတွေကို ဖမ်းဆီးမှု ကတော့ ပြောင်းလဲ မသွားဘူးလို့ CPJ အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ -Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြန်ပြီး တိုး-လုပ်လာနေတဲ့ နိုင်ငံဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက စပြီး သတင်းသမားတွေကို ပြန် ဖမ်းဆီးထောင်ချမှု လုပ်လာတာဖြစ်ပြီ အခုထိ အနည်းဆုံး ၁၀ ဦးလောက် ရှိနေပါတယ်။ အဲ့ဒီသတင်းသမားတွေ အားလုံးကို အစိုးရ ဆန့်ကျင်မှုနဲ့ ထောင်ချခဲ့တာပါ။ ဇူလိုင် လတုန်းက ယူနတီဂျာနယ်က သတင်းသမား ၅ ယောက်ကို ထောင် ၁၀ နှစ် ချခဲ့တာဟာ နိုင်ငံတော် လျို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဖြစ်ပြီး ဒီဥပဒေဟာ အရင် ကိုလိုနီခေတ် ၁၉၂၃ ခုနှစ် တုန်းက ဥပဒေဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရက ဒီဥပဒေမျိုးကိုပြုပြင်ပြောင်းလဲဖို့ မကြိုးစားတာဟာ သတင်းသမားတွေ ကိုလိုတဲ့ အချိန် ထောင်ထဲ ပြန် ထည့်နိုင်အောင်လုပ်ထားတာမျိုးလို့ ကျွန်တော်တို့ မြင်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်နေချိန်မှာ သတင်းသမားတွေဟာ ဒီမိုကရေစီလူ့ဘောင်အသိုင်းအဝိုင်းအတွက် လိုအပ်တဲ့ ကဏ္ဍတခုလို့ အာဏာပိုင်တွေဘက်က ယုံကြည်မှု မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

"အစိုးရက ကိုလိုနီခေတ်က ဥပဒေတွေကို ဆက်သုံးနေတာဟာ သူတို့မှာ သတင်းသမားတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်မျိုး ရှိနေလို့ပါ။ အစိုးရဟာ သတင်းမီဒီယာတွေ အပေါ် လိုလားတဲ့ သဘော မရှိတဲ့အတွက် သတင်းသမားတွေကို အချိန်မရွေး ထောင်ထဲပြန် ဖမ်းထည့်ထားနိုင်တဲ့ ဒီဥပဒေတွေကို ပြောင်းလဲ ပစ်ဖို့မကြိုးစားသလို သတင်းမီဒီယာဆိုတာဟာ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း အတွက် လိုအပ်တဲ့ ကဏ္ဍ တရပ်လို့ ယုံကြည်သတ်မှတ်ထားတာမျိုးလည်းမတွေ့ရပါဘူး။"

စက်တင်ဘာလထဲမှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီး ဟာ မြန်မာစစ်တပ်က ဖမ်းဆီးထားစဉ်မှာပဲ အသတ်ခံ ခဲ့ရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ တာမို့ လက်ရှိအစိုးရရဲ့ သတင်းမီဒီယာအပေါ်မှာ ထားတဲ့ အမြင်ကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာမျိုး လုပ်နေတာဟာ လက်ခံနိုင်စရာ မရှိဘူးပဲ ဒါဟာ အရင်အပြောင်းအလဲ မလုပ်ခင် အချိန်မျိုးကို ပြန်ပြီးသွားနေ တာလို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ထောင်ချမှုမှာ အဆိုးဆုံး အဖြစ်ကျော်ကြားခဲ့တာပါ။ အခု အရင် အတိုင်း ပြန်သွားနေတာတွေ့ရပါတယ်။ ဒီမိုကရေစီရေး အပြောင်းအလဲတွေ မလုပ်ခင်အချိန်တုန်းကလိုပဲ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာမို့ သတင်းသမားတွေအပေါ်မှာ အစိုးရရဲ့ သဘောထားနဲ့ လုပ်ဆောင်မှုတွေ ပြောင်းလာပြီ လို့တော့ ပြောလို့ မရသေးပါဘူး။"

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး လုပ်ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ထိပ်တန်းဆယ်နိုင်ငံထဲမှာ အီရန်၊ အီရစ်ထရီယက်စ်၊ အီသီယိုပီးယား၊ အီဂျစ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေအပြင် အာရှတိုက်က ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ပါ ပါဝင်နေတာဖြစ်ပါတယ်။

XS
SM
MD
LG