သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု


အမေရိကန်သမ္မတ အိုဘားမား။
အမေရိကန်သမ္မတ အိုဘားမား။

ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

“ယူကရိန်း လွတ်မြောက်ရေး အားပေးမှု ဥပဒေ ၂၀၁၄” ကို လက်မှတ်ရေးထိုး လိုက်တဲ့ သမ္မတ အိုဘားမားက အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒမှာ အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့ ကြာသပတေးနေ့ မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် ဒီဥပဒေအရလိုအပ်ရင် အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုး လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီဥပဒေအရ ယူကရိန်းကို ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားသိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးပေးနေတာနဲ့ ပါတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒဏ်ခတ် အရေးယူမှုတွေ ထပ်တိုးလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။ဒါ့အပြင် သံချပ်ကာ ကား ပစ်တဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ထောက်လှန်းရေး drone တွေ အပါအဝင် လူသေစေနိုင်တဲ့ စစ်ရေးအထောက်အပံ့တွေနဲ့ တခြား စစ်ရေး အထောက်အပံ့တွေ အတွက်ပါ ဒေါ်လာသန်း ၃၅၀ ဖိုး ယူကရိန်း အစိုးရကို ထောက်ပံ့ဖို့လည်း ပါဝင်ပါတယ်။

ယူကရိန်းနဲ့ သက်ဆိုင်တဲ့ ရုရှားရဲ့လုပ်ရပ်နဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ နဲ့ သေချာ ဆွေးနွေး တိုင်ပင်ပြီး လက်ရှိ ယူကရိန်းရဲ့ အနေထားနဲ့ ကိုက်ညီအောင် သေသေချာချာ ချမှတ်ရေးဆွဲထားတာ လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG