သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Arm စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Arm (လက်မောင်း) ဝေါဟာရကို အခြေခံတဲ့ To cost an arm and a leg, To give your right arm နဲ့ To twist someone’s arm အီဒီယံအသုံးအနှုန်းတွေကို တင်ပြပေးထားပါတယ်။

(၁) To cost an arm and a leg

To cost (ကုန်ကျတာ)၊ an arm (လက်မောင်းတဖက်)၊ and (နှင့်)၊ a leg (ခြေထောက်တချောင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်မောင်းတဖက် နဲ့ ခြေထောက်တချောင်း ကုန်ကျတာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ လှုပ်ရှားသွားလာဖို့အတွက် အရေးကြီးဆုံးက လက်နှစ်ဖက် နဲ့ ခြေနှစ်ချောင်း ဖြစ်တဲ့အတိုင်း လက်တဖက် နဲ့ ခြေတချောင်း ဖြတ်ပြီးဝယ်လိုက်ရတဲ့ ပစ္စည်းဆိုရင် ဘယ်လောက် တန်ဖိုးရှိမလဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတယောက်အတွက် သိပ်ကိုမတန်တဆကုန်ကျစေတာ၊ သိပ်ကိုဈေးကြီးပေးဝယ်လိုက်ရတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

It cost John an arm and a leg to buy his wife a pair of diamond earrings.
John က သူ့ဇနီးအတွက် စိန်နားကပ်တရံ ဝယ်ပေးတာ အတော်လေး ငွေကုန်ကျသွားတယ်။

(၂) To give your right arm

To give (ပေးဖို့)၊ your (သင့်ရဲ့)၊ right (ညာဘက်)၊ arm (လက်မောင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ညာဘက်လက်မောင်းတဖက်ကို ပေးဖို့ ဖြစ်ပါတယ်။ လူတွေအနေနဲ့ အများအားဖြင့် ညာဘက်လက် သန်ကြတာ ဖြစ်တဲ့အတွက်ကြောင့် ၊ ညာဘက်လက်ကို အများဆုံး သုံးကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ညာဘက်လက်ကို ပေးမယ်ရတယ်ဆိုရင် ကိုယ့်အတွက်သိပ်ကို အသုံးဝင်တဲ့ကိုယ်အင်္ဂါအစိပ်အပိုင်းတခုကိုပေးလိုက်ရတဲ့သဘောမို့ ကိုယ်ဘယ်လောက် ဒီပစ္စည်းကို လိုချင်နေတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ အီဒီယံအသုံးကတော့ သိပ်ကို လိုချင်နေတဲ့ဆန္ဒ ပြင်းပြတာကို တင်စားပြောတာ ဖြစ်ပါတယ်။

ဥပမာ

Jack is crazy about the new Toyota sports car ! He said he would give his right arm to own one.

Jack က အဲဒီ တိုယိုတာပြိုင်ကားသစ်ကို အရုူးအမူးဖြစ်နေတာ။ ဘယ်လောက် လိုချင်တဲ့ဆန္ဒပြင်းပြနေသလဲဆိုရင်သူဘာပဲပေးရပေးရပေးမယ်လို့ ပြောတယ်။

(၃) To twist someone’s arm

To twist (လိမ်ချိုးတာ)၊ someone’s (တဦးတယောက်ရဲ့)၊ arm (လက်မောင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးရဲ့ လက်မောင်းတဖက်ကို လိမ်ချိုးတာ ဖြစ်ပါတယ်။ လက်ကို လိမ်ချိုးရင် နာလွန်းတဲ့အတွက်ကြောင့် မလုပ်ချင်တာတောင် လုပ်ပါ့မယ်လို့ ပါးစပ်ကနေ ပြောလေ့ရှိတဲ့အတိုင်း၊ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ လူတဦး မလုပ်ချင်တာကို လုပ်ချင်အောင် မရမက အတင်းတိုက်တွန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မာမှာ အကြပ်ကိုင်တာမျိုး၊ မလွှဲမရှောင်သာလုပ်ပေးရတဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

Mary didn’t want to go to the party. But her sister twisted her arm , so she finally agreed to go.

Mary က ပါတီကို မသွားချင်ဘူး။ ဒါပေမဲ့ သူ့ညီမက သူကို အတင်းမဖြစ်မနေ တိုက်တွန်းတော့၊ သူလည်း နောက်ဆုံးတော့သွားဖို့သဘောတူလိုက်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Arm စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက To cost an arm and a leg, To give your right arm နဲ့ To twist someone’s arm တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG