သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဘင်္ဂလားနယ်ခြားစောင့် တပ်သား ပြန်လည် လွဲှပြောင်း


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI)

မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားကို ဒီကနေ့မှာ ပြန်လည်လွှဲပြောင်းပေးဖို့ စီစဉ်ထားတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ နှစ်နိုင်ငံ သံတမန်တွေကို ဆင့်ခေါ် ဆွေးနွေးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်ခြားစောင့်တပ်တွေရဲ့ ပစ်ခတ်မှုကလည်း နားလည်မှု လွဲမှားတာသာ ဖြစ်ပြီး သံခင်းတမန်ခင်းမှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် မြန်မာ နယ်စပ် လုံခြုံရေးနဲ့ လှေစီးပြေးတွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး နောက်ဆုံးရ အခြေအနေတွေကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကိုကျူးကျော် ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သား Nayak Abdur Razzak ကို လက်နက် အပြည့်အစုံနဲ့ ကြာသပတေးနေ့မှာ ဘင်္ဂလားဒေရှ့် ထံပြန်လည် အပ်နှံဖို့ စီစဉ်ထားတယ်လို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော် က ပြောပါတယ်။

“ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖို့ အစီအစဉ်ရှိတယ်နော်။ ဒီနေ့ လုပ်ဖြစ်လား။ မလုပ်ဖြစ်လားဆိုတာတော့ ကျနော့်ဆီ မက်ဆေ့ မရသေးဘူး။ လုပ်ဖြစ်လို့ရှိရင် ကျနော်တို့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်ပြီးလွှဲအပ်မယ်ပေါ့နော်။ သူ့ရဲ့ လက်နက်အပြည့်အစုံနဲ့ အတူ ကျနော်တို့ ဒီနေ့ ပြန်လွှဲအပ်ဖို့ လုပ်ထားပြီးပါပြီ။ အဲ့တော့ ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖြစ်တယ်။ မလုပ်ဖြစ်ဘူးဆိုတာတော့ ကျနော်တို့ နိုင်ငံခြားရေးရုံးမှာတော့ မတ်ဆေ့မရောက်သေးဘူး။ ဒါပေမဲ့ လုပ်မယ် ဆိုတဲ့ အစီအစဉ်ကိုတော့ ကျနော်တို့ ဟိုဘက်ဒီဘက်ညှိတာပေါ့။ ကျနော်တို့ဘက်ကတော့ လုပ်ဖို့ အဆင်သင့်ပဲ။ ဟိုဘက်က လက်ခံဖို့ လိုတာပေါ့။ ဟိုဘက်က လက်ခံတယ်ဆိုရင် ဒီနေ့ လုပ်ဖြစ်မယ်။”

နှစ်နိုင်ငံ နယ်ခြားစောင်တပ်တို့ကြား ပြုလုပ်မယ့် ဒီအလံတင် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတွက် ဘင်္ဂလားဒေရှ့်ဘက်ကလည်း ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထားတာပါ။ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးတို့က မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကို ဒီလ ၁၇ ရက်နေ့က စက်လှေနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး မြန်မာ နယ်ခြားစောင့်တပ်ဘက်က စစ်ဆေးမေးမြန်းချိန်မှာ နှစ်ဖက်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

ဘင်္ဂလားဒေရှ့် တပ်ဖွဲ့ဝင် ၂ ဦးတို့ လွတ်မြောက်သွားပြီး တပ်သား Nayak Abdur Razzak ကိုတော့ မြန်မာ နယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာပါ။ဘင်္ဂလားဒေရှ့် ဘက်ကတော့ မသကာၤတဲ့ စက်လှေတစင်းနောက်ကို လိုက်ရင်း နယ်ကျော်ခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။

မြန်မာဘက်ကတော့ ဘင်္ဂလားဒေရှ့်တို့ဟာ ကြိုတင် အသိပေးခြင်းလည်း မရှိ နိုင်ငံ အလံကိုလည်း မတင်ဘဲ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ချိုးဖောက် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ဒီကိစ္စ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ သံအမတ်ကြီးတွေကို အသီးသီး ဆင့်ခေါ်ဆွေးနွေးခဲ့ကြ ရတယ်လို့လည်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“ ကျနော်တို့ကလည်း သူတို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ရှင်းပြတာရှိတယ်။ သူတို့ကလည်း ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီး ရှင်းပြတာရှိတယ်။ အားလုံးကတော့ ပြေပြေလည်လည်ဖြစ်အောင် ကြိုးစားကြတာပေါ့။ ပြဿနာကတော့ ရှိတာချည်းပဲလေ။ ပြဿနာမရှိတဲ့ နယ်စပ်ဆိုတာ ရှိမှ မရှိတာ။ အဲ့တော့ ရှိတဲ့ပြဿနာကို တယောက်နဲ့တယောက် ဖော်ထုတ်တာပေါ့လေ။ ဖော်ထုတ်ပြီးလို့ရှိရင် ပြဿနာအပေါ်မှာ ဖြေရှင်းကြတာပါပဲ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ဒီအပေါ် ပြဿနာ အကြီးအကျယ် ထပ်ပြီးဖြစ်တာ မရှိပါဘူး။ တခုတော့ရှိတာပေါ့။ သူတို့က မြန်မြန်လွတ်စေချင်တယ်။ ကျနော်တို့ကလည်း မေးတာ မြန်းတာ လုပ်ရတာတွေရှိတယ်လေ။”

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်စပ် ဒေသ တကြောမှာ လူမှောင်ခို၊ မူးယစ်မှောင်ခိုမှုတွေကို ကိုင်တွယ်နိုင်ဖို့ မြန်မာဘက်က လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာချိန်မှာ အခုလို ထိပ်တိုက်မှုတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသခံ လုံခြုံရေး အာဏာပိုင်တို့ကတော့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားတွေဟာ တံငါလှေတွေဆီက ဆတ်ကြေးကောက်ဖို့ အတွက် မကြာခဏ ဆိုသလို မြန်မာ့ ရေပိုင်နက်ထဲကို ဝင်လာကြတယ်လို့ ပြောဆိုကြပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား နယ်စပ်ဒေသ လုံခြုံရေးနဲ့ ပတ်သက်လို့ နှစ်ဘက်တို့ ဆွေးနွေးနေကြရသလို တဖက်မှာလည်း မြန်မာဘက်က ကယ်ဆယ်ထားတဲ့ လှေစီးပြေးတွေ အရေးလည်း ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။

ရခိုင်ကမ်းလွန်ကနေ ပထမ အသုတ်ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ၁၈၇ ဦးတို့ကို ဘင်္ဂလားဒေရှ့် နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၁၃ ဦးတို့ထဲက ၈ ဦးတို့ကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ အဖြစ် အသိအမှတ်ပြုလိုက်တယ်လို့လည်း ဒုတိယ ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“အဲ့တော့ ကျန်တဲ့ ၅၀၀ကျော်ကတော့ သူတို့က စစ်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၅၀၀ကျော်ဆိုတော့ နည်းနည်း များလည်းများတော့ စစ်နေတယ်။ စစ်နေပြီးလို့ရှိရင်တော့ သူတို့ စပြီးတော့ သူတို့ ဘယ်တော့ လက်ခံမလဲဆိုတာ ကျနော်တို့လည်း စောင့်နေတာပေါ့လေ။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံး လွှဲပြောင်းပေးချင်တာပေါ့။ အမြန်ဆုံးလွှဲပြောင်းပေးနိုင်အောင်လည်း ကျနော်တို့ နှစ်ဘက် ညှိနှိုင်းနေပါတယ်။”

ဧရာဝတီ ကမ်းလွန် ပင်လယ်ပြင်ကနေ ဖမ်းဆီးရမိထားတဲ့ လှေစီးပြေးတွေထဲက ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားတဲ့ လူပေါင်း ၅၀၀ ကျော်တို့ကိုတော့ ဘင်္ဂလားဒေရှ့် သံအဖွဲ့က နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို အချိန်ယူ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။

ဒါကာမြို့ကနေ ရိုက်တာသတင်းဌာန ပေးပို့တဲ့ နောက်ဆုံးသတင်းမှာတော့ ပြီးခဲ့တဲ့ လတုန်းက ဖမ်းဆီးခံရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို မြန်မာဘက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

XS
SM
MD
LG