သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ အလွန်မှ ၈၈ မျိုးဆက် နိုင်ငံရေးပါတီ ပေါ်လာဖွယ်ရှိ


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘဲ - ဒီမိုကရေစီအင်အားစုတွေကို ဆက်လက် ဝန်းရံသွားမယ်လို့ ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းကျရင်တော့ - နိုင်ငံရေးပါတီ ထူထောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်ရှင်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက - နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သူ့အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း မှာ ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာခဲ့ပြီးတဲ့နောက် - NLD ရဲ့ အဲဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အတော်လေး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့လည်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကတော့ - သူ့အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဆက်လက် ဝန်းရံသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံရေးပါတီတခုကိုလည်း ရွေးကောက်ပွဲအလွန် နောက်ပိုင်းမှာ ထူထောင်သွားဖို့ အစီအစဉ်ရှိတယ်လို့ အခုလို ပြောပါတယ်။

"၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ မရှိတော့ပါဘူး။ အဲတော့ ရေရှည်မှာကတော့ နိုင်ငံရေးပါတီပုံစံနဲ့ ဖြတ်သန်းကြဖို့ဆိုတာကို ဒါ မနေ့က နယ်ကွန်ယက်တွေနဲ့ စုံညီအစည်းအဝေးမှာလည်း တိုက်တွန်းတောင်းဆိုကြတာတွေ ရှိပါတယ်။ အဲတော့ ကျနော်တို့က ၈၈ မျိုးဆက် ငြိမ်း/ပွင့် အနေနဲ့ပဲ ဆက်ပြီး ရပ်တည်သွားမယ့် ရဲဘော်တွေ ရှိမယ်။ နောက် နိုင်ငံရေးပါတီပုံစံနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမယ့် စုစည်း တည်ဆောက်သွားမယ့် အင်အားစုတွေလည်း ရှိလာမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ ကျနော်တို့ကြောင့် တစုံတရာ ထိခိုက်သွားတာမျိုး မဖြစ်အောင်ကို ကျနော်တို့ အတတ်နိုင်ဆုံး တောက်လျှောက် ကျနော်တို့ ဂရုစိုက်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားကောင်းဖို့ပဲ ကျနော်တို့ ဝန်းရံခဲ့တာလေ။ ရပ်တည်ခဲ့တာ။ အဲတော့ ကျနော်တို့ နိုင်ငံရေးပါတီတခုအဖြစ် သွားဖို့ဆိုတဲ့ ကိစ္စကလည်း ၂၀၁၅ အလွန် ရေရှည်အတွက်ကိုပဲ ကျနော်တို့ ရည်ရွယ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အသက်အရွယ်ရော၊ နောက် ကျနော်တို့ ဖြတ်သန်းမှု အတွေ့အကြုံတွေရော ဒါကို နိုင်ငံရေးအရ ထိထိရောက်ရောက်ပေါ့လေ ဆောင်ရွက်နိုင် ဖို့အတွက် ဒါ ကျနော်တို့ အားလုံး ဝိုင်းပြီးတော့ စဉ်းစားကြတာပါ။"

ဒါကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ဘယ်နိုင်ငံရေးပါတီတွေကို အဓိက ဝန်းရံသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ -

"ကျနော်တို့က ကြေညာချက်မှာ အတိအလင်းရေးထားတာက ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ဒါကြောင့်မို့လို့ ၂ ပိုင်းရှိတာပေါ့။ ပြည်နယ်တွေမှာကတော့ တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေကလည်း ကျနော်တို့ရဲ့ မိတ်ဖက် မဟာမိတ်အဖွဲ့အစည်းတွေ၊ တလျှောက်လုံးလည်း ကျနော်တို့က ရင်းရင်းနှီးနှီး လက်တွဲ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ သူတို့ ပြည်နယ်လွှတ်တော်တွေမှာ အစရှိသဖြင့်ပေါ့နော်။"

သြဂုတ်လ ၂ ရက်နေ့က NLD ကနေ ထုတ်ပြန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ - ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီး အပါအဝင် အယောက် ၂၀ နီးပါး စာရင်းပေးသွင်းခဲ့ပေမဲ့ ကိုပြုံးချို တယောက်ပဲ အရွေးခံခဲ့ရတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အတော်လေး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ကို သွားရောက်တဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း - NLD ပါတီရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ - NLD ပါတီကနေ ကိုယ်စားလှယ်လောင်း နေရာတချို့ကို ပြန်လည် ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD ကနေ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နယ်ပေါင်းစုံကနေ လျှောက်ထားသူ ၃ ထောင်နီးပါး ရှိခဲ့ပြီး၊ ဒီအထဲကနေ ၁၀၉၀ ကို NLD က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုအချိန်ထိတော့ NLD အနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ဆီ အပြီးသတ် မတင်ရသေးပါဘူး။

XS
SM
MD
LG