သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ် အမျိုးသမီးများ နဲ့ စီးပွားရေးပညာရပ်


မခင်ဖြူထွေး (VOA) နဲ့ ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်မှာ စီးပွားရေးဘွဲ့လွန်ပညာရပ်ကို သင်ယူနေတဲ့ မအိအိဖြူ
မခင်ဖြူထွေး (VOA) နဲ့ ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်မှာ စီးပွားရေးဘွဲ့လွန်ပညာရပ်ကို သင်ယူနေတဲ့ မအိအိဖြူ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကိုယ်ရွေးချယ်တဲ့ အစိုးရ ကိုယ့်နိုင်ငံ အခုလိုမျိုး တိုးတက်ဖို့အတွက် လူငယ်တွေအနေနဲ့ ကိုယ်တိုင်ကြိုးစားကြဖို့ ဘန်ကောက်မြို့ Thammasat တက္ကသိုလ်မှာ စီးပွားရေးဘွဲ့လွန်ပညာရပ်ကို သင်ယူနေတဲ့ မအိအိဖြူက ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီကို ရောက်ရှိနေတဲ့ မအိအိဖြူ ကို မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ မအိအိဖြူ ကျမတို့ ဗွီအိုအေရုံးကို တကူတကလာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။

မအိအိဖြူ ။ ။ ကျမကိုလည်း ဒီကိုလာပြီးတော့ လေ့လာခွင့်လည်းရတယ်၊ တွေ့ဆုံခွင့်လည်းရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

မခင်ဖြူထွေး ။ ။ မအိအိဖြူက အခု ထိုင်းနိုင်ငံမှာ စီးပွားရေးပညာရပ်နဲ့ ဘွဲ့လွန်ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူတယောက်ပေါ့။ အခုလည်း အမေရိကန်ပြည်ထောင်စုက Robert Nathan Memorial foundation အဖွဲ့မှာလာပြီးတော့ အလုပ်သင်သဘောမျိုး ခဏလာပြီးတော့ လုပ်နေတယ်လို့လည်း သိရပါတယ်။ ဆိုတော့ အခု ကိုယ်က မြန်မာနိုင်ငံပြင်ပမှာ ထွက်ပြီးတော့ ကျောင်းတက်နေတဲ့ ကျောင်းသူတယောက်အနေနဲ့ မြန်မာနိုင်ငံပြင်ပမှာ ပညာသင်ကြားတဲ့အခါမှာ ကိုယ်မြန်မာနိုင်ငံမှာတုန်းက သင်ကြားခဲ့တဲ့ ပညာရေးစနစ်နဲ့ ဘယ်လိုကွာခြားမှုတွေ။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အိမ်နီးချင်းနိုင်ငံ။ အထူးသဖြင့် ထိုင်းမှာ ကိုယ်ကတက်နေတယ်ဆိုတော့ ထိုင်းလို အိမ်နီးချင်းနိုင်ငံနဲ့တောင်မှ မြန်မာနိုင်ငံရဲ့ ပညာရေးက ဘယ်လိုကွာဟတာတွေကို မြင်ရလဲ။ တွေ့ကြုံရလဲ။

မအိအိဖြူ ။ ။ ကွာဟတာတွေတော့ တော်တော်များတယ်။ ဘယ်လိုမျိုး ကွာခြားမှုမျိုးရှိလဲဆိုရင် ပထမနှစ်မှာ စာလိုက်ရတာ၊ ဥပမာ Econometrics တွေ သင်ရတဲ့အချိန်မှာ ကိုယ်က ကျောင်းကိုရောက်မှ Econometrics တို့ Mathematics နဲ့ ပတ်သက်တဲ့ Statistics တို့။ Statistics တို့ကတော့ မြန်မာနိုင်ငံမှာ သင်တော့သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခြေခံပဲ။ စီးပွားရေးပညာရပ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေမှာ။ အဲဒီမှာဆိုရင် ထိုင်းကကျောင်းသားတွေက သူတို့ Undergrad Level ရိုးရိုးဘွဲ့ကတည်းက Econometrics တွေက သင်ပြီးပြီ။ သင်ပြီးသာဆိုတော့ သူတို့အတွက်က အရမ်းလွယ်တယ်။ လွယ်တယ်ဆိုတော့ Master Level မှာ ကောင်းကောင်းလိုက်နိုင်တယ်။ အခု မြန်မာနိုင်ငံကလာရတဲ့ အခက်အခဲက Econometrics က မသင်ခဲ့ဖူးဘူး။ အဲဒီတော့ အစကနေ ဘာမှန်းမသိတာကနေ စလိုက်ရတယ်။ အဲဒီတော့ အတန်းထဲမှာ ဆရာပြောတာကို သေချာသဘောမပေါက်တဲ့အတွက် Undergrad အတန်းတွေမှာ မနက်ပိုင်းစောစော အတန်းတွေမှာ International English Program အတန်းတွေမှာ သွားပြီးတော့ သွားတက်ရပြီး၊ နားထောင်တယ်။ ဆရာတွေဆီမှာ ခွင့်တောင်းပြီးတော့ ကျမ လာတက်ချင်ပါတယ်။ အဲဒီလိုမျိုးနဲ့ လိုက်ခဲ့ရတယ်။ သူများထက် ပိုပြီးတော့ အချိန်ပေးပြီးတော့ လုပ်ခဲ့ရတယ်။

မခင်ဖြူထွေး ။ ။ သူတို့ ပညာရေးသင်ကြားမှု ပုံစံတွေကစပြီး ပညာရေးစနစ်အနေနဲ့ ဘယ်လို သုံးသပ်မိသလဲ။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ် ဘယ်လိုနှိုင်းယှဉ်ပြီးတော့ မြင်မိသလဲ။

မအိအိဖြူ ။ ။ ဥပမာအားဖြင့် ထိုင်းမှာဆိုရင် ပထမနှစ် First Semester ပထမနှစ် ပထမ (၃) လ ပြီးတာနဲ့ ဆရာတွေကို Evaluation Assessment လုပ်ရတယ်။ ဌာနကနေ လုပ်ရတယ်။ လုပ်ရတဲ့အတွက် ကျောင်းသားတွေရဲ့ Feedback ကို အရမ်းအလေးထားတယ်။ ကျောင်းသားတွေရဲ့ Feedback အတိုင်း ဆရာ၊ ဆရာမတွေကို အပြောင်းအလဲ လုပ်ပေးတယ်။ အဲဒီအပြင် ဒီ Program ရဲ့ ဒါရိုက်တာကိုယ်တိုင်ကိုယ်က ‘အိအိ … ဒီ ဘာသာရပ်တွေထဲက ဘယ်ဟာမျိုးကို တိုးဖို့လိုသလဲ။’ အကုန်လုံး မေးတယ်။ ဘယ်လို အခက်အခဲတွေ ရှိလဲ။ ရင်းရင်းနှီးနှီး တွေ့ပြီးတော့ မေးတယ်။

မခင်ဖြူထွေး ။ ။ ဆိုလိုတာက ကျောင်းသားကို ဦးစားပေးတဲ့ စနစ်ပေါ့။

မအိအိဖြူ ။ ။ ဟုတ်တယ်။ ကျောင်းသားကိုလည်း ဦးစားပေးတယ်။ ဘယ်လို အခက်အခဲရှိလဲ။ သူတို့ဆီမှာ လိုက်ရတာ အဆင်ပြေလား။ အဆင်မပြေရင် ဘယ်လိုမျိုး ကူညီပေးရမလဲ။ အဲဒါအစ အကုန်လုံးကို ပြောတယ်ဆိုတော့ ကျောင်းသားအနေနဲ့ ဆရာနဲ့ မစိမ်းတော့ဘူးပေါ့။ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာရဲ့ Culture အတိုင်း ဆရာ၊ ဆရာမတွေကို Respect ပေးတာတော့ အကုန်လုံးရှိပါတယ်။ ဒါပေမဲ့ တခုခု ပြောဖို့ဆိုရင် ကြောက်ကြတာပေါ့။ ကိုယ်ကမှန်တယ်။ ဒီဟာကို ဆရာမ သင်လိုက်တာ တစ် နဲ့ တစ် ပေါင်းလို့ နှစ်ဆိုတာ နှစ်အတိုင်းပဲ။ ဘာဖြစ်လို့ နှစ် ရတာလဲဆိုတာကို မေးလို့ မရဘူးပေါ့။

မခင်ဖြူထွေး ။ ။ အဲဒီလိုမျိုးတွေ ဒီလိုမျိုး ပညာရေးစနစ်မှာ ကျောင်းသားတွေ ပါဝင်မှုတွေ ပိုပြီးတော့ ရှိလာအောင်လို့ ပြောင်းလဲမှုတွေ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဘယ်လို လုပ်နိုင်မလဲ။

မအိအိဖြူ ။ ။ ဒီမှာ Thammasat ကျောင်းမှာ တွေ့ရတဲ့ ကောင်းတဲ့အချက်ကလေးတွေက Master တက်နေတဲ့ ကျောင်းသူကျောင်းသားတိုင်း (ထိုင်းလူမျိုးတွေ) က ဆရာ၊ ဆရာမတွေ လုပ်နေတဲ့ Project စီမံကိန်းတွေ။ ဆရာ၊ ဆရာမတွေက စာသင်တာတခုတည်း မဟုတ်ဘူး။ စာသင်တာအပြင် တခြားနိုင်ငံတော်ရဲ့ စီမံကိန်းတွေလည်း ရှိတယ်။ တခြား Private ကုမ္ပဏီတွေရဲ့ Project တွေလည်းရှိတယ်။ အဲဒီ Projects တွေမှာ သူတို့ လုပ်ရတဲ့ဟာမှာ Master ကျောင်းသားတွေ အကုန်လုံးက ဆရာ၊ ဆရာမတွေကို ကူခွင့်ရတယ်။ သူတို့အနေနဲ့ ခေါ်တာကတော့ Research Assistant လုပ်လို့ရတယ်။ ဒါမှမဟုတ် စာသင်တာ ဝါသနာပါတဲ့လူဆိုရင် သင်ကြားတဲ့ လက်ထောက်သင်ကြားရေး TA – Teaching Assistant လုပ်လို့ရတယ်။ အဲဒီလိုမျိုးတွေ လုပ်ခွင့်ရှိတယ်။ သင်ကတည်းကိုက ဒီကျောင်းသားတွေမှာ အတွေ့အကြုံ ရှိသွားပြီးပြီ။ ဆရာမလုပ်ချင်တဲ့ ဆန္ဒရှိတဲ့လူက Lecturer လုပ်ချင်တယ်ဆိုရင် ကျောင်းပြီးတာနဲ့ Lecturer လျှောက်လို့ရပြီ။ အဲဒီလိုပဲ တခြား Research တွေမှာ စိတ်ဝင်စားတဲ့လူတွေက Research လုပ်လို့ရတယ်။ အဆင်သင့် ဖြစ်သွားပြီပေါ့။

မခင်ဖြူထွေး ။ ။ အခု မြန်မာနိုင်ငံကနေ ပြည်ပမှာ ထွက်ပြီးတော့ ပညာသင်နိုင်တဲ့ ကျောင်းသားဦးရေ သိပ်ပြီးတော့ နည်းပါတယ်။ သူများနိုင်ငံတွေနဲ့ယှဉ်ရင်။ နောက်ပိုင်းမှာ ကျောင်းသားတွေ များလာတယ်ဆိုတာတောင် နည်းပါသေးတယ်။ ဆိုတော့ မအိအိဖြူအနေနဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနိုင်ဖို့ ဘယ်လောက်အထိ ကြိုးပမ်းအားထုတ်ခဲ့ရလဲ။ အခု လာတက်တာက ပညာသင်တော်ဆုနဲ့ လာတက်တာလား။

မအိအိဖြူ ။ ။ ထိုင်းမှာလည်း ပညာတော်သင်ဆုက ဂျာမန် ဖောင်ဒေးရှင်း (German Foundation) Heinrich Böll Stiftung ကနေ ပညာတော်သင်ဆု ရပါတယ်။ အဲဒီ ပညာတော်သင်ဆု မရခင်ကတော့ ကိုယ်ကတော့၊ အရင်ကတည်းက ပညာသင်သွားကြတဲ့လူတွေကို အရမ်းအားကျခဲ့တယ်။ အဲဒီလို အားကျခဲ့တဲ့အတွက် ကိုယ်က လိုအပ်တဲ့ ကိုယ်မှာ ရှိသင့်တဲ့ အင်္ဂလိပ်၊ ကွန်ပြူတာ အဲဒါတွေ အကုန်လုံးကိုတော့ ကိုယ့်အနေနဲ့ တဘက်တလမ်း လေ့လာတယ်။ လေ့လာပြီးတော့မှ ကိုယ်ရောက်ချင်တဲ့နေရာကို အခုဆိုရင် စီးပွားရေးပညာကို စိတ်ဝင်စားတဲ့အတွက်ကြောင့် စီးပွားရေးပညာသင်ဖို့ အခွင့်အလမ်းတွေရတဲ့အချိန်မှာ လျှောက်လိုက်တယ်။ လျှောက်လိုက်တဲ့အချိန်မှာ ကျောင်းကနေ လက်ခံပြီးတော့မှ Scholarship Foundation က အင်တာဗျူးတွေလုပ်တယ်။ အဲဒီမှာမှ အဆင့်ဆင့်နဲ့ ဖြတ်ကျော်ခဲ့ရတယ်။

မခင်ဖြူထွေး ။ ။ စီးပွားရေးနဲ့လာတက်တဲ့ ကျောင်းသူကျောင်းသားတွေများ များသလား။

မအိအိဖြူ ။ ။ မြန်မာနိုင်ငံကတော့ ရှားတယ်။ ညီမတို့နှစ်မှာဆိုရင် မြန်မာနိုင်ငံက (၂) ယောက်ပဲရှိတယ်။

မခင်ဖြူထွေး ။ ။ ဘာကြောင့် ရှားတယ်လို့ ထင်လဲ။ ဘာကြောင့် စီးပွားရေးပညာရပ်မှာ သိပ်ပြီးတော့ မြန်မာနိုင်ငံက မရှိလဲ။

မအိအိဖြူ ။ ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိပါတယ်။ စီးပွားရေး ပညာရပ်နဲ့ ဘွဲ့ရတဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ အဲဒီဟာကို တက်တာက တချို့ကလည်း ဝါသနာပါတယ်။ ဝါသနာပါတဲ့လူကလည်း ပြန်ပြီးတော့ ဆရာ၊ ဆရာမတွေ လုပ်ကြတယ်။ ကျန်တဲ့လူတွေက ဒီ စီးပွားရေးပညာရပ်နဲ့ အပြင်မှာလည်း အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ အဲဒီတော့ ဘာကပိုပြီး ခေတ်စားလဲဆိုတော့ စီးပွားရေးတက္ကသိုလ်မှာပဲ စာရင်းကိုင် Commerce နဲ့ ပြီးတဲ့လူတွေ၊ Accounting နဲ့ ပြီးတဲ့လူတွေက ပိုပြီးတော့ Demand က များသလို ဖြစ်နေတယ်။ နောက်တခါ စီးပွားရေးပညာရှင်အနေနဲ့ အသိအမှတ် ပြုခြင်းက ခံရတာနည်းတယ်။ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းမှာသာ ၂၀၁၂ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အစိုးရ တက်လာတော့မှ စီးပွားရေး ပညာရှင်တို့ ကြားရတာပေါ့။ မြန်မာနိုင်ငံမှာ စီးပွားရေးပညာကို အားပေးတဲ့။ အစိုးရကိုယ်တိုင်က အားမပေးတဲ့အပြင်၊ အသိုင်းအဝိုင်း အကုန်လုံးက။ မိဘအသိုင်းအဝိုင်းတွေကလည်း အားမပေးဘူး။ ဒီပညာနဲ့ ဘွဲ့ရပြီးရင် အလုပ်ရဖို့ဆိုတာ မကျိန်းသေဘူးလေ။ မကျိန်းသေတော့ မိဘတွေကလည်း အားမပေးကြဘူး။ ဘာတွေများသလဲဆိုတော့ ဆရာဝန်တွေ။ အဓိက မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ အဲဒီလိုဖြစ်မှ ဝင်ငွေကောင်းမယ်။ အဲဒီလိုမျိုး ထင်ကြတယ်။ ဒါပေမဲ့ ညီမကတော့ အရင်ကတည်းက ဆုံးဖြတ်ထားတာက ဆရာဝန်ဖြစ်မှ မဟုတ်ဘူး။ စီးပွားရေးပညာဆိုတာက ဒီနိုင်ငံအတွက်။ နိုင်ငံတခုမှာ စီးပွားရေးဆိုတာ မဖြစ်မနေ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ စီးပွားရေးပေါ်မှာပဲ အခြေခံတယ်။ အဲဒါကြောင့် စီးပွားရေးပညာက မြန်မာနိုင်ငံအတွက်။ နောက်ထပ် လူငယ်တွေများများကိုလည်း စီးပွားရေးပညာကို စိတ်ဝင်တစားနဲ့ အဲဒါနဲ့ ကိုယ်ပြန်ပြီး အသုံးချနိုင်အောင်။ အဲဒီလိုမျိုးဖြစ်အောင် ပြန်ပြီးတော့ မျှဝေပြီးတော့ တိုက်တွန်းချင်ပါတယ်။

မခင်ဖြူထွေး ။ ။ အခု မြန်မာနိုင်ငံမှာ မကြာခင်မှာဆိုရင် အပြောင်းအလဲတွေ မြင်ရတော့မယ့် အခြေအနေ ရှိနေတာပေါ့။ ရွေးကောက်ပွဲမှာ NLD ပါတီကလည်း အနိုင်ရသွားတယ်။ အစိုးရသစ် ဖြစ်လာတော့မယ်။ ဆိုတော့ ဒီ အစိုးရလက်ထက်မှာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲတွေ ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲ။

မအိအိဖြူ ။ ။ စီးပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ စီးပွားရေးကလည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်။ ပြီးတဲ့အခါ အစိုးရသစ်မှာ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေကလည်း လယ်သမားတွေရဲ့ စားဝတ်နေရေး၊ အကုန်လုံး စီးပွားရေး၊ ပညာရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ အဓိက လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုလည်း သေချာပြန်ပြီးတော့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေလည်း ပြန်ပြီးတော့ ပြုပြင်မယ်။ ပြီးတော့ အဓိကဖြစ်နေတဲ့ ခြစားမှုတွေ၊ လာဘ်စားမှုတွေကိုလည်း ပြုပြင်မယ်ဆိုတော့ အကုန်လုံး အဖက်ဖက်က ပြုပြင်လာရင် တဖြည်းဖြည်းနဲ့တော့ မြန်မာနိုင်ငံက အာရှမှာ ထိပ်တန်းရောက်နိုင်တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ တချိန်ချိန်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

မခင်ဖြူထွေး ။ ။ စီးပွားရေးပညာရှင်တွေ ပိုပြီးမွေးထုတ်ပေးဖို့ လိုတယ်လို့ ထင်လား။

မအိအိဖြူ ။ ။ အဲဒါတော့ လိုတာပေါ့။ စီးပွားရေးပညာရှင်များများ။ နောက်ပြီးတော့ စီးပွားရေးပညာရှင် များများလိုအပ်သလို၊ စီးပွားရေးပညာရပ်ကို လူငယ်တွေက အရေးပါကြောင်းကိုလည်း ပိုပြီးတော့ သိအောင်လို့ လုပ်ဆောင်ပေးရမယ်။ စီးပွားရေးတက္ကသိုလ်ကဆိုရင်လဲ စီးပွားရေးတက္ကသိုလ်မှာ စီးပွားရေးပညာရပ်က ဘယ်လို အရေးပါကြောင်း။ စီးပွားရေးပညာရပ်ရဲ့ နိုင်ငံအတွက် အသုံးချနိုင်မှုတွေကို လူငယ်ထုတွေ ပိုပြီးတော့သိအောင် လုပ်နိုင်ရမှာပေါ့။ အဲဒါမှ စီးပွားရေးပညာရှင်တွေ ပိုပြီးထွက်လာမှာ။

မခင်ဖြူထွေး ။ ။ NLD အစိုးရ ဖွဲ့လာလို့ရှိရင် လူထု လိုလားတဲ့ အစိုးရတရပ် ဖြစ်လာလိမ့်မယ်လို့ ထင်သလား။ ဒီအစိုးရနောက်ပိုင်းမှာ မြန်မာနိုင်ငံ ပညာရေးစနစ် လူငယ်တွေအတွက် အပြောင်းအလဲ၊ လူငယ်တွေဘဝကို ပိုပြီးတော့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ပေးနိုင်မယ်။ ဘယ်လို အခွင့်အလမ်းတွေ ပိုပြီးရှိလာလိမ့်မယ်လို့ မျှော်လင့်သလဲ။ ကိုယ့်ရဲ့မျှော်လင့်ချက်ကလေး။ နောက် အစိုးရသစ် လက်ထက်မှာ လူငယ်တွေအတွက် ဘာတွေ မျှော်လင့်နိုင်မလဲ။

မအိအိဖြူ ။ ။ လူငယ်တွေအနေနဲ့ ဒီတိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်လာနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုရတဲ့ တကယ့် ခေါင်းဆောင်ကောင်း။ အဲဒီတော့ ကမ္ဘာကလည်း မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေပေးမယ်။ လူငယ်တွေအနေနဲ့လည်း ပိုပြီးတော့ တခြားနိုင်ငံတွေမှာ ပညာရေး အဓိကအားဖြင့် အလုပ်သင်တွေ Fellowship programs တွေ ပိုပြီးတော့ ပါဝင်နိုင်မယ်။ ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ အခုကထဲက အခွင့်အလမ်းတွေက လာတော့မယ်။ ကိုယ့်ဆီမှာ ပညာတွေ အဆင်သင့်ဖြစ်နေဖို့၊ ပြင်ဆင်ထားဖို့ပဲလိုတယ်။ ပြင်ဆင်မထားရင်တော့ တခြားသူတွေနဲ့ ရင်ဘောင်တန်းဖို့ဆိုတာ ကိုယ်က အမြဲတမ်း နောက်ကျနေမယ်။ အခုနောက်ပိုင်းဆိုရင် NLD အစိုးရ တက်လာတော့မယ်ဆိုရင် ကိုယ်က ရွေးချယ်ထားတဲ့ အစိုးရလည်း ဖြစ်တယ်။ ကိုယ်ရွေးချယ်ထားတဲ့ အစိုးရအတွက်ကော၊ ကိုယ်ကိုယ်တိုင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ပိုပြီးတော့ တိုးတက်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် စပြီးတော့ ပြောင်းလဲပြီးတော့ ကြိုးစားစေချင်တယ်။

မခင်ဖြူထွေး ။ ။ အခွင့်အလမ်းတွေ ပိုရှိလာမယ်လို့ မျှော်လင့်တယ်ပေါ့။ ကျေးဇူးအများကြီး တင်ပါတယ်

မအိအိဖြူ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG