သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးဖော်ဖို့ NCA မထိုးတဲ့အဖွဲ့တွေအမြင် NLD ရယူမည်


Meeting between NLD and Ethnic Arm groups for NCA
Meeting between NLD and Ethnic Arm groups for NCA

နိုင်ငံရေးဆွေးနွေးပွဲတွေကို ပထမဆုံးအကြိမ် စတင် လုပ်ဆောင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့တချိန်တည်းမှာပဲ၊ တဘက်မှာလည်း တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးမပါဝင်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ ပြောဆိုတာတွေလည်းရှိလာနေပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ - အစိုးရသစ်ဖြစ်လာတဲ့အခါမှာ - NCA သဘောတူစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"တကယ်လို့ လိုအပ်လာရင် ငြိမ်းချမ်းရေးမှာ လက်မှတ်မထိုးတဲ့ ၇ဖွဲ့၊ ဘာဖြစ်လို့ မထိုးတာလဲ၊ ဘာလိုအပ်ချက်ရှိနေလဲ။ ဒါတွေကို နားလည်အောင် ကြိုးစားရမှာပေါ့။ နားလည်ပြီးရင် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမှာပေါ့။ အရေးကြီးတာက NLD အနေနဲ့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ရဖို့ နည်းလမ်းအကုန်လုံး အစွမ်းကုန် လုပ်မယ့် သဘောရှိပါတယ်။ "

လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပြီဖြစ်ပေမယ့် အခုချိန်ထိ အပစ်အခတ်ရပ်စဲရေးမလုပ်နိုင်သေးဘဲ ၊ အစိုးရတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်တဲ့အတွက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်လာဖို့အတွက် အဓိကထားလုပ်ဆောင်သွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"NLD အနေနဲ့ကတော့ ငြိမ်းချမ်းရေးဟာ တိုင်းပြည်အတွက်ရော နိုင်ငံသားတွေ အတွက်ရော အရေးကြီးတယ်လေ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကလဲ ငြိမ်းချမ်းရေးမရှိပဲ မဖြစ်ဖူးဆိုတော့ ငြိမ်းချမ်းရေးကို အပြည့်အ၀ ထောက်ခံတယ်။ လုပ်တာကိုင်တာတွေကတော့ လက်ရှိ အဖွဲ့အစည်းက လုပ်တာပေါ့။ လိုအပ်လို့ရှိရင် ကိုယ်အစိုးရဖွဲ့ပြီးတဲ့အခါ နောက်ပိုင်းမှာ လိုအပ်တာကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အဲဒီအခါမှ စဉ်းစားရမှာပေါ့။ "

မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား လတ်တလော တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်၊ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့သလို၊ UWSP ခေါ် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့၊ SSPP ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ စတုတ္ထအကြိမ်အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေး နဲ့ ပတ်သက်ပြီး UPDJC ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလို ရှင်းပြပါတယ်။
"ဒီအစည်းအဝေးကတော့ (UPDJC)ဆိုတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီလို့ အမည်ရှိတဲ့ အစည်းအဝေးပေါ့လေ။ လေးကြိမ်မြောက်ပေါ့။ အဲတော့ နောက် ဇန်နဝါရီ ၁၂ရက်နေ့မှာလုပ်မယ့် ပထမဆုံး poliical dialogue ပေါ့။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ဒီနေ့ဆွေးနွေးပွဲက ညှိနှိုင်တာပါပဲ။
ဒီညီလာခံကနေ ၁၂ရက်ကနေ ၁၆ရက်အထိ ငါးရက်တာ လုပ်မယ်။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမယ်၊ ဘယ်ခေါင်းစဉ်တွေ ဆွေးနွေးမယ်။ အကျိုးဆောင်တွေ။ facilitator တွေ ဘယ်လိုထားမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို အဓိက ဆွေးနွေးဖြစ်တာပါ။"
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် အစိုးရဘက်က ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီအဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော်တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာလည်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG