သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတွေအတွက် အရေးပေါ် ရန်ပုံငွေ မတည်ဖို့ မလေးရှား တိုက်တွန်း


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေဆီလှေစီးထွက်ပြေး လာနေသူတွေ အရေး ဖြေရှင်းရာမှာ၊ သုံးစွဲနိုင်မယ့် အရေးပေါ် ရန်ပုံငွေတရပ် အာဆီယံနိုင်ငံတွေ ဝိုင်းဝန်း မတည်သွားကြဖို့ မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံက ကမကထလုပ် စီစဉ်တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများ အရေး အစည်းအဝေးပွဲ အတွင်း ဆွေးနွေးနေ ချိန်မှာပဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ လှေစီးပြေးသူတွေ အတွက် လိုအပ်ချက်တွေ လည်းအကြီးအကျယ် ကြုံနေရတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အာဆီယံ လုံခြုံရေးဆိုင်ရာ အရေးပေါ်စည်းဝေးပွဲတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇူလိုင်၂ရက် ကြာသပတေးနေ့က ကျင်းပခဲ့ တာ ဖြစ်ပြီး လှေစီးပြေးတွေ ကို ကယ်ဆယ် ကူညီစောင့်ရှောက်ရေးမှာ သုံးစွဲဖို့ လိုအပ်မယ့်ငွေကြေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ထည့်ဝင်ကြဖို့ မလေးရှားနိုင်ငံက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တနိုင်ငံကို အနည်းဆုံး ဒေါ်လာ တသိန်းစီထည့်ဝင်ကြဖို့ အစည်းအဝေးပွဲမှာ ဦးဆောင်ဆွေးနွေးသူ မလေးရှား ပြည်ထဲရေးဝန်ကြီး Zahid Hamidi က ပြောဆိုလိုက်တာပါ။

ရန်ပုံငွေထည့်မယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက ကိုယ်စားလှယ်တွေ သဘောတူတာမျိုး မရှိပေမယ့် ၊ စင်္ကာပူနိုင်ငံကတော့ အမေရိကန်ဒေါ်လာ ၂ သိန်း ထည့်ဝင်သွားမယ်လို့ ကတိပေး လိုက်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကနေ လှေစီး ထွက်ပြေးကြတယ်ဆိုတဲ့ အငြင်းပွားဖွယ် ရိုဟင်ဂျာအရေးကိစ္စကို ဆွေးနွေးတာမျိုး မရှိဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Zahid Hamidi က ပြောပါတယ်။

"အဲဒီအကြောင်းကို ကျနော်တို့ မဆွေးနွေးကြပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စမို့ အဲဒီလို ကိစ္စမျိုးမှာ ကျနော်တို့ မပါသင့်ဘူးလို့ ထင်ပါ တယ်။ ဒီလိုပြသနာ ဖြေရှင်းရေး မှာ သူတို့ရဲ့ ပါဝင်ပံ့ပိုးမှု လိုတယ်ဆိုတာ မြန်မာက သိပြီးသားဖြစ်မယ် လို့ ကျနော် မျှော်လင့်ပါတယ်။ နိုင်ငံတကာ ကရော အထူးသဖြင့် အာဆီယံရဲ့ ပံ့ပိုးမှုတွေပါ လိုအပ်ပါတယ်။"

အရှေ့တောင်အာရှ ပင်လယ်ပြင်ကို အရဲစွန့်ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့ ထွက်လာကြတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား အများစုနဲ့ မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာလှေစီးပြေး စုစုပေါင်း ၄ ထောင်လောက်ဟာ မလေးရှား၊ အင်ဒိုနီး ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက ကယ်တင်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံက မေလထဲမှာတင် ဖမ်းဆီးကယ်တင်ခဲ့တဲ့ ရာချီတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေ ထဲမှာ တချို့ကိုသာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘက် ပြန်လွှဲပေးနိုင်သေး ပေမယ့် ၊ ခုချိန်ထ ရခိုင်ပြည်နယ် မောင်တော်မြို့နယ် တောင်ပြို လက်ဝဲစခန်းမှာ ၇၀၀ ကျော် ဆက်ရှိနေ ဆဲဖြစ်ပါတယ်။ အဲဒီ ဘင်္ဂလားဒေ့ချ်နိုင်ငံ သားတွေ အတွက် ကျွေးမွေးစောင့်ရှောက်မှု အပိုင်းမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ် တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ပြောပါတယ်။

"အခုကျနော်တို့ဆီမှာ ကျနော်တို့ ကယ်ဆယ်ထားတဲ့သူတွေ ကို နေစရာနဲ့ စားစရာပေးပြီးတော့ အရင်တခေါက်ကလို နိုင်ငံချင်း လွှဲပြောင်းဖို့ လက်ခံဖို့ ကျနော်တို့က စောင့်နေရတာ။ ကျွေးမွေးတာကတော့ နိုင်ငံတော် ဘက်ဂျက်နဲ့ ကျွေးတာပါ။ စနစ်တကျကျွေးတာပေါ့နော်။ သူတို့အိပ်ဖို့ နေဖို့နေရာ ပေါ့နော် အဆောင်လေးတွေ Shelter ရှာကြံပြီးတော့ ပေးရတယ်။ ဟိုတလောတုန်းက မိုးတွေကလည်း များတော့ သူတို့ကို နေရာချထားတဲ့ နေရာတချို့ဟာ မလုံမခြုံဖြစ်တယ်ဆိုတော့ ကျနော်တို့ ဒီ ရဲတပ်ရင်းတွေမှာ ရှိတဲ့ အဆောင်တွေမှာ ပြောင်းရွှေ့ပြီးတော့ နေရာ ချထားပေးရတာလည်း ရှိတယ်။ အဲ့ ကျနော်တို့ကတော့ ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးဖို့ အဆင်သင့် အနေအထားမှာ ရှိနေတယ်။ ကျနော်တို့ကတော့ လွှဲချင်တယ်။"

လူမှောင်ခိုသမားတွေရဲ့ လက်ချက်နဲ့အခုချိန်ထိ ပင်လယ်ပြင်မှာ မျောနေ တဲ့ လှေစီးပြေး ၁၂၀၀ လောက် ရှိနေသေးတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အခုလို ပင်လယ်ပြင်ကို ထွက်ပြေးလာကြတဲ့ ထဲမှာ မြန်မာနိုင်ငံ က ရိုဟင်ဂျာဆိုသူတွေလဲပါဝင်ပြီး အဲဒီရိုဟင်ဂျာဆိုသူတွေ ဟာ မြန်မာအစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုကြောင့် ထွက်ပြေး လာရကြောင်း နိုင်ငံတကာ ကို ပြောဆိုခဲ့တာကြောင့်လှေစီးပြေးပြသနာ၏ မူလ ဇစ်မြစ် ပြသနာ ကိုဖြေရှင်းဖို့မြန်မာ အစိုးရပေါ် ဖိအားပေးဖို့ လိုကြောင်း နိုင်ငံတကာ ကတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် မြန်မာ အစိုးရကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူးလို့ တောက်လျှောက်ပြောဆိုထားပါတယ်။

XS
SM
MD
LG