သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN -တောင်ကိုရီးယား ကုန်သွယ်ရေး တိုးမြှင့်မည်


တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ - တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ။ (မြန်မာသမ္မတရုံး)
တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ - တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ။ (မြန်မာသမ္မတရုံး)

တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ - တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဒုတိယနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အပါအဝင် သဘောတူညီချက်တွေ ရရှိခဲ့တဲ့ အကြောင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။

" အာဆီယံနဲ့ ကိုရီးယား နှစ်ဘက်ကုန်သွယ်မှု ပမာဏကို ၂၀၂၀မှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဆီ အသီးသီး တိုးမြှင့်ရရှိစေဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ ထူးခြားတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ အာဆီယံနဲ့ ကိုရီးယား သမ္မတ နိုင်ငံ ခေါင်းဆောင်တို့ဟာ မကြာသေးမှီ ရက်ပိုင်းအတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်သွားတဲ့ အင်အားကြီးမားတဲ့ တိုင်ဖုန်းမုန်တိုင်း Hagupit ကြောင့် ဖိလစ်ပိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် အချို့ ဆုံးရှုံးခဲ့ရတဲ့ အတွက် ဖိလစ်ပိုင်အစိုးရနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။"

အာဆီယံအသင်းနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဒုတိယ အများဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ထိပ်သီးအစည်းအဝေးပွဲအတွင်း ရာသီဥတု ဖောက်ပြန်မှုနဲ့အတူ ဒေသတွင်း ရင်ဆိုင်နေရတဲ့ တခြား ပြဿနာရပ်တွေနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

အာရှဒေသအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာအောင် ပြင်ဆင်နေတာ နဲ့ အမျှ ဒီလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ အခါမှာ အာဆီယံဟာ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ တောင်ကိုရီးယား သမ္မတ ဘက်ဂွန်ဟေးက ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုနဲ့ ပထဝီနိုင်ငံရေး အခြေအနေ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လို့ ဒေသတွင်း နိုင်ငံတွေကြား စီးပွားရေး အခွင့်အလမ်းတွေ တိုးမြင့်လာအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း မစ္စ ဘက်ဂွန်ဟေးက ပြောခဲ့တာပါ။

ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပတဲ့ အာဆီယံ-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။

ဒီကနေ့ နောက်ဆုံးနေ့မှာတော့ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ လာအိုနိုင်ငံတွေက သမ္မတ ကတော်တွေဟာ တောင်ကိုရီးယား နံမည်ကြီး သရုပ်ဆောင်၊ အဆိုတော် Jang Keun-Suk၊ သမ္မတရဲ့ အတွင်းဝန် Cho Yoon-sun တို့နဲ့အတူ အာရှ ရုပ်ရှင်ပွဲတော်တွေ ကျင်းပရာ နံမည်ကြီး Busan Cinema Centre နဲ့ ဘူဆန်မြို့က ပန်းချီပြခန်းတွေကို သွားရောက် လည်ပတ် ကြည့်ရှုခဲ့ကြပါတယ်။

XS
SM
MD
LG