သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်းတွင်းမြေပြိုမှု လူ ၁၀၀ ထက်မနည်း သေဆုံး


ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်
ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်

ကချင်ပြည်နယ် ဖားကန့်ဒေသက ပုဂ္ဂလိက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင် စွန့်ပစ်မြေစာပုံမှာ မြေပြိုကျတာကြောင့် သေဆုံးသူ ၁၀၀ ထက် မနည်းရှိသွားပြီလို့ အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့တဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။ အိမ်ခြေ ၈၀ နီးပါး မြေမြုပ်သွားပြီး နောက်ထပ် လူ ရာနဲ့ချီပြီးတော့ ပျောက် ဆုံးနေတုန်းပဲလို့လည်း ပြောပါတယ်။ အဲဒီနေရာကို အန္တရာယ်ရှိနေတဲ့ နေရာအဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ရဲလုံခြုံရေးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အပူတပြင်း ကူညီကယ်ဆယ်ရေး ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာအနီးက ကျောက်စိမ်းလုပ်ငန်းခွင်က စွန့်ပစ်တဲ့ မြေစာပုံပြိုကျတဲ့ အတွက် စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် လာရောက် ရှာဖွေနေသူတွေရဲ့ ယာယီအိမ်ခြေ မှန်းခြေ ၈၀ လောက် မြေမြုပ်သွားခဲ့ပြီး မြေပြိုကျမှုအတွင်း လူပေါင်း ရာချီ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မြေပြိုကျချိန်က မနက်အစောပိုင်းဖြစ်တဲ့ အတွက် ရေမဆေးကျောက် ရှာဖွေသူတွေဟာ သူတို့တဲတွေထဲမှာ အိပ်နေကြချိန် လည်းဖြစ်ပါတယ်။

မြေမြုပ်သွားတဲ့နေရာမှာ စနေနေ့က တနေကုန် တူးဖော်ရရှိတဲ့ ရုပ်အလောင်း ၁၀၀ ကျော် တူးဖော်ရရှိမှု အခြေအနေနဲ့ ဒီကနေ့ စစ်တပ်နဲ့ အာဏာပိုင်တွေဘက်က ဦးဆောင်ပြီး တူးဖော်ရရှိတဲ့ ရုပ်အလောင်း ၁၀ လောင်းနဲ့ ပတ်သက်လို့ ဖားကန့်ဒေသခံလည်းဖြစ် ဒေသခံသတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ ဦးဇော်မိုးထက်က အခုလို ပြောပြပါတယ်။

“ ကျနော်တို့ မနေ့က ၁၀၀ နဲ့ ၃ လောင်း ရတယ်။ အသက်မျော့မျော့ရှင်ပြီး တယောက် ဖော်လို့ရတယ်။ ဒါပေမဲ့ သူလည်း အသက်မရှင်ပါဘူး။ သေသွားတယ်။ ဒီမနက် ဆယ်နာရီလောက်အထိကို ဖားကန့်က တပ်မမှူး ဦးသန်းဦးကိုယ်တိုင် ဦးဆောင်ပြီးတော့ တစ်သုံးလုံး (၁၁၁) ကုမ္ပဏီက ဘက်ဖိုးတွေနဲ့ ဆက်ပြီးတော့ ဖော်တာပေါ့နော်။ ရှာဖွေရေးတွေ လုပ်တယ်။ ဒီမနက်မှာ ၁၀ လောင်းအထိ ရတယ်။ အဲ့ဒီ့အထဲမှာလည်း အသက်ရှင်တယ် လို့ ပြောတယ်ဆိုရုံလောက်ပါပဲ။ ဒါပေမဲ့ အပေါ်လည်း ရောက်ရော သေသွားတာ များပါတယ်။ လောလောဆယ် ၁၀ လောင်း ရတယ်။ ဒီရဲ့ နောက်ပိုင်း အခြေအနေကတော့ ဆက်ပြီးတော့ ရှာဖွေနေတယ်။ ကျနော်တို့ အခြေအနေကို အသေးစိတ် ဘာမှ မသိရသေးဘူးခင်ဗျ။”

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်က စွန့်ပစ်မြေစာပုံအတွင်း မှာ ရေမဆေးကျောက် ရှာဖွေတဲ့လုပ်ငန်းကို အနီးနားကျေးရွာတွေက ဒေသခံတွေက ယာယီတဲလေးတွေ ဆောက်ပြီး လာရောက် လုပ်ကိုင်နေကြ တာဖြစ်လို့ မြေစာ ပုံ ပြိုကျချိန် မြုပ်သွားတဲ့ တဲအိမ်အရေအတွက် လူအရေအတွက်ကို ခန့်မှန်းခြေတွေနဲ့ ပဲ ပြောဆိုနေရတဲ့အနေအထားဖြစ်တယ်လို့လည်း ဒေသခံသတင်းသမား ဦးဇော်မိုးထက်က အနေအထားကို အခုလိုရှင်းပြပါတယ်။

“အိမ်ခြေက ၇၀ နဲ့ ၈၀ ကြားတော့ ရှိတယ်။ ဒီအိမ်တွေက ရပ်ကွက်လည်း မဟုတ်ဘူး။ ရွာလည်း မဟုတ်ဘူး။ ယာယီပေါ့နော်။ ဟိုနားက လာပြီး တဲလေး တလုံးထိုးနေလိုက်၊ဒီနားက လာပြီး တဲလေးတလုံးထိုးနေလိုက် ဆိုတဲ့အခါကျတော့ ဒီရွာမှာ အိမ်ခြေ ဘယ်လောက်ရှိတယ်ဆိုပြီး စာရင်းပြုစုထားတာ မရှိသလို လူဦးရေ ဘယ်လောက်နေထိုင်တယ်ဆိုတာလည်း ဧည့်စာရင်းမှတ်တမ်း တိုင်ထားတာလည်း မရှိဘူးလေ။ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ ကျနော်တို့က ဒီမှာနေနေတဲ့အတွက် ဒီက လူတွေက အမြဲတမ်း မြင်တွေ့နေလို့ ဒီနားက အိမ် ဘယ်နှစ်လုံး ရှိတယ်။ ဒီနားကတော့ ဘယ်လောက် ဘယ်လောက်ရှိတယ်ဆိုတာကို ကျနော်တို့က အမြဲတမ်း မြင်တွေ့နေတဲ့အတွက်ပေါ့နော်။ ကျနော်တို့က ခန့်မှန်းခြေပဲ ရတယ်။ အတိအကျ ပြောဖို့ခက်တယ်။ ဌာနဆိုင်ရာတွေလည်း ပြောလို့ခက်ပါလိမ့်မယ်။ ဘာလို့တုန်းဆိုတော့ ဒီနေရာတွေက စာရင်းအင်း ဝင်တဲ့နေရာလည်း မဟုတ်ဘူး။ ရပ်ကွက်လည်း မဟုတ်ဘူး။ ကျေးရွာလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ဒါပေမဲ့ သေချာတာကတော့ ၇၀ နဲ့ ၈၀ ကြားမှာကတော့ သေချာပေါက် မြုပ်သွားတာဗျ။”

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ စက်ယန္တယား ကြီးတွေသုံးပြီး ကျောက်တူူးဖော်နေပြီး လုပ်ငန်းခွင်ရဲ့ သတ်မှတ်နေရာမှာ စုပုံ စွန့်ပစ်ထားခြင်းဖြစ်ပြီး အဲ့ဒီ့စွန့်ပစ်ထားတဲ့နေရာဟာ အရင်တုန်းကတော့ မိုးရာသီမှာ မိုးများရေကြီးပြီး မြေပြိုကျမှုဖြစ်တာဖြစ်ပေမဲ့လို့ အခုပွင့်လင်းရာသီမှာ ဘာကြောင့်မြေပြိုကျရသလဲဆိုတာကိုလည်း သူက အခုလိုရှင်းပြပါတယ်။

“ဒီကျောက်စိမ်းတွင်းကနေ ကျောက်စိမ်းတူးဖော်ရေးကနေမှ စွန့်ပစ်တဲ့မြေစာတွေ ပုံတာရှိတယ်ဗျ။ မြေစာတွေပုံတဲ့အခါကျတော့ အဲ့ဒီ့လို မြေစာတွေ ပုံတဲ့နေရာမှာ ဖားကန့်မှာက မြေစာပုံတဲ့နေရာက ရှားပါးလာတဲ့အခါကျတော့ ကုမ္ပဏီတွေ ကနေ မြေစာပစ်ဖို့ နေရာကို ဝယ်ရတာပေါ့နော်။ ဝယ်တဲ့အခါမှာ မြေစာပုံတွေ ပုံကြတယ်။ ပုံကြတဲ့အခါကျတော့ မြေစာတွေပုံပြီ ဆိုတာနဲ့ ဒေသခံတွေ က ရေမဆေးကျောက် ရှာကြတယ်ပေါ့နော်။ ရေမဆေးကျောက် ရှာတဲ့အခါကျတော့ တချို့ကျတော့ အိမ်မပြန်ပဲနဲ့ အဲ့ဒီ့မြေစာပုံမှာပဲ ယာယီပေါ့နော် ကားသွန်တဲ့အချိန်မှာ အခုသွန် အခုချ ရှာလို့ရအောင် အဲ့ဒီ့အောက်မှာ ယာယီနေထိုင်ကြတာပေါ့နော်။

အဲ့လိုမျိုးဆိုတော့ အဲ့ဒီ့လို ယာယီနေထိုင်ကြတဲ့နေရာမှာ ဒီမြေစာတွေက အရမ်းများ လာတဲ့အခါကျတော့ ဘယ်လိုဖြစ်တုန်းဆိုတော့ မြေစာပုံပြိုရတဲ့အဓိက အကြောင်း ရင်းကတော့ ကုမ္ပဏီတွေက ဒီလိုပွင့်လင်းရာသီ စ လာပြီဆိုလို့ရှိရင် မိုးတွင်းတခုလုံး မှာ ကျင်းတွေထဲမှာရှိနေတဲ့ ရွှံမြေစာတွေကို အရင် ကော်ထုတ်ရတယ်ဗျ။ အဲ့ဒီ့လို ရွှံမြေစာတွေကို အရင်ကော်ထုတ်လိုက်တဲ့အခါကျလို့ရှိရင် ရွှံ့မြေစာတွေ ကုန်သွားပြီ ဆိုလို့ရှိရင် ကျောက်ကြောကို ရောက်တယ်ဗျ။ အဲ့ဒီ့ ကျောက်ကြောကို ထိုးပြီးတော့ မှ ကျောက်ကြောက မြေစာတွေကို ပြန်ပုံတဲ့အခါကျတော့ မြေစာအပျော့တွေက အောက်မှာ ရောက်သွားတယ်။ မြေစာအမာတွေက အပေါ်ကို ရောက်သွား တယ်ပေါ့နော်။ အဲ့လို မြေစာအမာတွေက ထပ်ပိုး၊ ထပ်ပိုး၊ ထပ်ပိုး များသထက် များလာတဲ့အခါကျတော့ ဒီမြေစာဝိတ်ကို မခံနိုင်တော့ပဲနဲ့ အောက်က မြေစာ အပျော့တွေက ကျွံသွားတဲ့သဘောနဲ့ ဒီလိုမျိုး ပြိုကျတာဗျ။”

အခုလို မြေပြိုကျမှုတွေဟာ ယခုနှစ်အတွင်းမှာတော့ အနည်းဆုံး ငါးကြိမ် ပြိုကျပြီးဖြစ်ပြီး လူရာနဲ့ချီ ပျောက်ဆုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

“ပြိုကျတာကတော့ ဆယ်လပိုင်းတုန်းကတော့ တခေါက်ပေါ့။ မှော်တေဇာချောင်း ဖျား မြေစာပုံ တခုပြိုကျတယ်။ ဒီအခေါက်တုန်းကဆိုရင် ကျနော်တို့ ဆယ်လို့တောင် မရဘူး။ ရွှံ့နွံ့ဗွက်တွေ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ မြေစာတွေ ဖို့ပြီးတော့ ဒီအတိုင်းပဲ ရုပ်အလောင်းတွေကို ထပ်မြုပ်ပစ်လိုက်ရတယ်။ အဲ့ဒီ့တုန်းကလည်း ရာဂဏန်းပဲဗျ။ ဒုတိယက မှော်ဝန်းအမှိုက်ပုံမှာ ဖြစ်တဲ့ကိစ္စ ပေ့ါနော်။ ဒီတော့ လက်ရှိခန့်မှန်းလို့ရ တာနဲ့ အရင်တခါ ရတဲ့ စာရင်းဇယားနဲ့ဆိုရင် ၃၀၀ ကျော် ၄၀ နီးပါး ရှိပါပြီ။”

နောက်ဆုံးပြိုကျခဲ့တဲ့ အခြေအနေတွေကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အနေအထားဖြစ်တယ်လို့ ဖားကန့်ဒေသ ခံတွေကပြောပါတယ်။

ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိ တဲ့ မြန်မာ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လို့ Global Witness အဖွဲ့က မြန်မာကျောက်စိမ်းလို သဘာဝသယံဇာတတွေက ရတဲ့ ဝင်ငွေတွေကို အလွဲသုံးစား လုပ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုတွေလုပ်နေတဲ့ အချက်အလက်တွေအရ ဒီကျောက်စိမ်းကရတဲ့ ဝင်ငွေတွေဟာ မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ဝင်ငွေပမာဏ ရှိနေတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ဒီပမာဏဟာ အစိုးရ အာဏာပိုင်တွေ ကျောက်စိမ်းလုပ်ငန်းက ရရှိကြောင်း တရား ဝင်ထုတ်ပြန်ထားတဲ့ စာရင်းကိန်းဂဏန်းတွေထက် အများကြီး ပိုနေပြီး ဒီ နိုင်ငံ့ဘဏ္ဍာငွေတွေဟာ လက်ရှိ အာဏာပိုင် စစ်ဖက်ခေါင်းဆောင်တွေ၊ အရင်ဗိုလ်ချုပ်မှူးကြီးအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေဆီ ကို ရောက်ရှိသွား တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကို စက်ယန္တယားကြီးတွေသုံးပြီး အရှိန်အဟုန်နဲ့ နှစ်ပေါင်းများစွာ တူးဖော် လုပ်ကိုင်လာတာကြောင့် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG