သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် စစ်တရားခံ ၂ ဦး ကွပ်မျက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သြဇာကြီးတဲ့ အတိုက်အခံ ခေါင်းဆောင် ၂ ဦးကို ၁၉၇၁ ခုနှစ် ပါကစ္စတန် လက်အောက်ကနေ လွတ်လပ်ရေးရဖို့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း စစ်ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

BNP ပါတီခေါင်းဆောင် Salahuddin Quader Chowdhury နဲ့ Jamaat-e- Islami ပါတီ အတွင်းရေးမှူးချုပ် Ali Ahsan Mohammad Mujahid တို့ကို စနေနေ့ညမှာ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

Chowdhury နဲ့ Mujahid တို့က သူတို့အပေါ် - လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိန်းမှုနဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေအတွက် ၂၀၁၃ ခုနှစ်တုန်းက ချမှတ်ထားတဲ့ သေဒဏ်ပြစ်ဒဏ်အတွက် အယူခံဝင်မှုကို ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ် တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့တာပါ။

ဒါ့အပြင် သမ္မတ Mohammad Abdul Hamid ကလည်း သူတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အယူခံဝင်မှုကို စနေနေ့မှာပဲ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Chowdhury နဲ့ Mujahid တို့ရဲ့ မိသားစုဝင်တွေဟာ သူတို့ကို မကွပ်မျက်ခင် စနေနေ့က ဒက်ကာဗဟိုအကျဉ်းထောင်ကြီးမှာ နောက်ဆုံး သွားရောက် တွေ့ဆုံခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ ၂ ဦးကို ကွပ်မျက်မှုအတွက် မကျေနပ်မှုတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုံခြုံရေးသတိပေးချက် အဆင့်မြှင့် ထားခဲ့ပါတယ်။

ပါကစ္စတန်လက်အောက်ကနေ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ် ကာလအတွင်း ၁၉၇၁ ခုနှစ် စစ်ပွဲတွေမှာ ပါကစ္စတန်စစ်သားတွေက ဒေသခံသစ္စာဖောက် တချို့ရဲ့ အကူအညီနဲ့ လူပေါင်း ၃ သန်းလောက်ကို သတ်ဖြတ်ခဲ့တဲ့အပြင် အမျိုးသမီးပေါင်း ၂ သိန်းကျော်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

XS
SM
MD
LG