သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲ လေးရက်ဆက်တိုက် ပြင်းထန်


ကိုးကန့်လက်နက်ကိုင်တဦး။
ကိုးကန့်လက်နက်ကိုင်တဦး။

ကိုးကန့်ဒေသတိုက်ပွဲတွေဟာ အတော်လေး ပြင်းထန်လာပြီး နှစ်ဘက်စလုံးမှာ အကျအဆုံး ထိခိုက်ဒဏ်ရာရသူ ပိုများလာတယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီလိုတိုက်ပွဲတွေရှိနေပမယ့် လာမယ့် မေလဆန်းပိုင်း UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ဌာနချုပ်မှာ တိုင်းရင်းသားညီလာခံတရပ် လုပ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က ဆက်လက်တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ဖက် တရုတ်မြန်မာနယ်စပ်ဒေသနားက ကိုးကန့်တပ်ဖွဲ့တွေရှိရာ ရှင်ခုတ်ထန်ဒေသမှာ အခု ၄ ရက်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ဒီကနေ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေကို MNDAA ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက VOA ကို ပြောပါတယ်။

“အခုနတုန်းကအထိတော့ဖြစ်နေတယ်။ တိုက်ပွဲတွေက - ဒီနေ့လည်း ပြင်းထန်ပါတယ်။ နေရာကတော့ ခါတိုင်းဖြစ်တဲ့နေရာပါပဲ၊ ခုတ်ထန် ပတ်ဝန်းကျင်မှာပဲခင်ဗျ။ ဒါပေမယ့် ဒီနေ့က လက်နက်ကြီးတွေ ပိုပြီးတော့ စိတ်လာတယ်။ ဗမာ့တပ်မတော်ဘက်ကနေ ပစ်တာပါခင်ဗျ။ သူတို့က နေရာအတော်များများတွေ ပစ်ပါတယ် အမြောက်ကို။ ဟိုပန်ကနေလည်းပစ်တယ်၊ ……ကနေလည်း ပစ်တယ်၊ ဒကစ-ကနေလှမ်းပစ်တယ်။ နေရာ တော်တော်များပါတယ်။ ခုတ်ထန်ဘက်ကလည်း လှမ်းပစ်ပါတယ်။ သံချပ်ကာကားကော၊ တင့်ကားကော သူတို့ ပစ်ကူပေးပါတယ်။ နောက်ပြီးတော့ လူအင်အားလည်း ပိုပြီးတော့ တိုးပြီးတော့ သုံးလာတာ ကြားရပါတယ်ခင်ဗျ။ ဒီနေ့ က စစ်ကြောင်းတကြောင်းကို ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပါတယ်ခင်ဗျ။ လေကြောင်းကတော့ ကျနော်တို့ မကြားရသေးဘူးခင်ဗျ။ လာပြီးတော့ check တာတော့ ရှိတယ်။”

ပြီးခဲ့တဲ့ ရက် ၂၀ ကျော်တုန်းက မြန်မာစစ်သည်တဦးကို ကိုးကန့်တပ်ဖွဲ့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးပေမယ့် အဆိုပါ စစ်သည်က မပြန်ရဲဘူးလို့ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် နှစ်ဘက်စလုံးမှာ သေဆုံး ဒဏ်ရာရသူတွေ ပိုများလာတယ်လို့ ဦးထွန်းမြတ်လင်းက ဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာ ဒီရက်ထဲမှာ တော်တော်များပါတယ်။ ၅၀ လောက်တော့ ရှိမယ်ထင်တယ်။ ဗုံးဆံတွေထိပြီးတော့- ပြီးတော့ ကျတာတွေလည်း ရှိပါတယ်။ ကျတာလည်း ပေါင်းလိုက်ရင် ဆယ်ဦးလောက်တော့ ရှိပြီခင်ဗျ။ တဘက်ကတော့ ကျနော်ထင်တယ်၊ (၈) ရက်နေ့က (၃၀၀) လောက်ရှိမယ်၊ သေတာနဲ့ ဒဏ်ရာရတာနဲ့ပေါ့နော၊ ပြီးတော့ နောက်တရက်ကျတော့ ကျနော်မှတ်မိသလောက်ကတော့ (၁၅၀) လောက်ဖြစ်မယ်၊ (၄၅၀) ။ အခုဆို ကျနော်ထင်တယ်။ (၆၀၀) ကျော်လောက်ပြီ။ သေဆုံးချည့်ပဲပြောလို့တော့…. ပေါင်းကြည့်လိုက်ရင် ကျနော်ထင်တယ်။ (၂၀၀) အထက်မှာ ရှိမယ်။ ”

မြန်မာ့တပ်မတော်ဘက်က စစ်သည်အင်အား လက်နက်အင်အား ပိုတိုးချလာတဲ့ အခြေအနေကိုကြည့်ရင် တိုက်ပွဲတွေ ပိုပြင်းထန်လာမယ့် သဘော ရှိတယ်လို့ ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။

“စရခ (၉) တို့၊ (၁၀) တို့။ (၁၉) ကတော့ ရောက်နေပြီ။ အဲဒီတော့ အားလုံးပေါင်းကြည့်လိုက်ရင် မြန်မာနိုင်ငံထဲမှာရှိတဲ့ ကြည်းတပ်ရဲ့တပ်ရင်းတွေပေါ့နော၊ ဒီတပ်ရင်းတွေထဲက အင်အားက ရာခိုင်နှုန်း (၂၀) လောက်က ကျနော်တို့ ဒီအကွက် ကျဉ်းကျဉ်းလေးထဲကို ရောက်နေပြီဗျ။ လက်နက်ကြီးလည်း အများကြီး ပို့ထားတာတွေ့ပါတယ်။ ပြီးတော့ တင့်ကားတွေ၊ သံချပ်ကာကားတွေလည်း အများကြီးပို့ထားတာ ရှိပါတယ်။ ဒီပုံစံအတိုင်း ထောက်ရင်တော့ မြှင့်တင်ဖို့ပဲရှိပါတယ်- စစ်အရှိန်က။”

ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ အခုလိုတိုက်ပွဲတွေ ရှိနေပေမယ့် UWSA ဝ-ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းမှာ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲနိုင်ရေး တိုင်းရင်းသားညှိနှိုင်း အရေးပေါ် ဆွေးနွေးပွဲကို မေလ(၁) ရက်ကနေ (၃) ရက်နေ့အထိ လုပ်သွားဖို့ ဆုံးဖြတ် အတည်ပြုခဲ့ပြီး ဖိတ်စာတွေလည်းပို့ထားပြီဖြစ်ကြောင်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“နယ်မြေကတော့ ဝ-ပြည်နယ်၊ ပန်ဆန်းမြို့မှာ။ ဌာနချုပ်မှာ။ (၁၊ ၂၊ ၃) ပေါ့၊ မေ။ အကယ်၍ မပြီးနိုင်သေးဘူး၊ အချိန်လိုသေးတယ်ဆိုရင်တော့ ဆက်မှာပါ။ ဒီဟာက..အပစ်အခတ်ရပ်စဲရေး မြန်မြန်လေး ဆောင်ရွက်နိုင်ဖို့ပေါ့- ဆွေးနွေးပွဲ ခေါ်ယူပြီးတော့ ဒီဆွေးနွေးပွဲမှာပဲ အပစ်အခတ်ရပ်စဲရေးကိစ္စ လက်မှတ်ထိုးထားတဲ့မူကြမ်း ထပ်ပြီးတော့ ဆွေးနွေးဖို့ပေါ့။”

ပန်ဆန်းမှာလုပ်မယ့် တိုင်းရင်းသားဆွေးနွေးပွဲကို NCCT အဖွဲ့ထဲက ခေါင်းဆောင်အများစု တက်ရောက်မှာဖြစ်သလို အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်နဲ့ တအောင်းပလောင် တပ်ဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။

XS
SM
MD
LG