သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသား နဲ့ NLD အစိုးရ ညှိနှိုင်းရေး အလားအလာ


သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့ ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)
သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့ ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)

ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် လွတ်မြောက်လာ တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဘက်က တင်ပြတောင်းဆိုထားတဲ့အချက်တွေကို NLD အစိုးရက လိုက်လျောနိုင်ဖွယ်ရှိတယ်လို့ ပညာရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ ပညာရေး ဥပဒေပြင်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲမှု တချို့ရှိခဲ့တဲ့အပေါ် အနာဂတ် နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှု အလားအလာ ဘယ်လိုရှိနိုင်မလဲ။ မအင်ကြင်းနိုင်ကပြောပြမှာပါ။

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရှိခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှု တချို့ ရှိခဲ့တဲ့အပေါ် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ဘယ်လို အလားအလာရှိနိုင်မလဲ ဆိုတာ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် NNER က ကိုသွင်လင်းအောင် ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

" လွှတ်လိုက်တဲ့ အခြေအနေကို ကြည့်ရင်တော့ အခက်အခဲတွေ ရှိပါ့မလားပေါ့နော်။ ပိုပြီးတော့များ လွယ်ကူသွားမလားလို့ ထင်ရတဲ့ အခြေအနေမျိုးလေးတွေ တွေ့ လာရတယ်။ ဒီနေ့ လွှတ်လိုက်တဲ့အထဲ ၄၉၄ နဲ့ လွှတ်လိုက်တယ် ဆိုတာက ကျနော်တို့အမြင်ကတော့ တော်တော်ကောင်းတယ်။ စွပ်စွဲထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးတယ် ဆိုတဲ့အတွက် အဲ့ဒီ့ကျောင်းသားတွေ လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အပြစ်မရှိပါဘူးဆိုတဲ့ အဓိပါယ်မျိုး သက်ရောက်ပြီးတော့ အဲ့လိုမျိုးနဲ့ လွှတ်လိုက်တာပေါ့နော်။ NLD အစိုးရက ကျောင်းသားတွေအပေါ်မှာ အဲ့လိုသဘောထားခဲ့တဲ့အတွက် ပထမတုန်းက ကွဲလွဲခဲ့တာကနေ နောက်ပိုင်း မှာတော့ နည်းနည်းလေး လျော့နည်းပြီးတော့ ပိုလွယ်ကူလာနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်မျိုးလေးတွေတော့ အဲ့တာမျိုးလေးတွေတော့ တွေ့ရတယ်။"

အရင်ကဖြစ်ခဲ့တဲ့ အခြေအနေတွေကိုကြည့်ရင် ဦးသိန်းစိန်အစိုးရရဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြဿနာတွေဖြစ်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

" ကျနော့်အမြင်ကတော့ လိုက်လျောပေးနိုင်လိမ့်မယ်ဗျ။ ကျနော်တို့အားလုံး အာရုံစိုက် သွားရမှာက NLD ဘက်က မပေးတာလည်း မဟုတ်ဘူး။ ကျောင်းသားတွေဘက်က အတင်းလိုချင်တာလည်း မဟုတ်ဘူး။ အဓိက ကျနော်တို့ နိုင်ငံရဲ့ ပညာရေးကိုပဲ အာရုံစိုက်ပြီး စဉ်းစားမယ်ဆိုရင် ပေးနိုင်တာတွေ မပေးနိုင်တာတွေ ဆိုတဲ့ ပြသနာက ပေါ်လာမယ်လို့ မထင်ဘူး။ NLD က မပေးဘူးလို့ တင်းခံနေတယ်လို့ ကျနော်ကတော့ မထင်ဘူးခင်ဗျ။ NLD နဲ့လည်း မဆိုင်ခဲ့ဘူးလေ ဦးသိန်းစိန်အစိုးရနဲ့ပဲ ဒီပြသနာတွေ တက်ခဲ့တာ။ "

အခုလွတ်မြောက်လာတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကတော့ သူတို့တောင်းဆိုချက်တွေ အတိုင်း ပညာရေးဥပဒေပြင်ဆင်ရေးကို ဆက်လက် လှုပ်ရှားသွားမှာဖြစ်တယ်လို့ မနေ့က အကျဉ်းထောင်တွေကနေလွတ်မြောက်လာပြီး သတင်းမီဒီယာတွေကိုပြောကြားခဲ့တာပါ။

ဒါကြောင့် သူတို့တောင်းဆိုတဲ့ အဓိက (၄)ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ချင်း ကွဲလွဲမှုတချို့ ပါဝင်နေတဲ့ အတွက် နှစ်ဘက်ဆွေးနွေးမှုတွေမှာ အခက်အခဲ အနည်းအကျဉ်းတော့ရှိနိုင်တယ်လို့ ကိုသွင်လင်းအောင်ကဆိုပါတယ်။

"ကျောင်းသားတွေကတော့ သပိတ် ဆက်ပြီးတော့ မှောက်မယ်။ သူတို့ရဲ့တောင်းဆိုချက် (၁၁) ချက်ကို ဆက်တောင်းမယ် ဆိုတဲ့ သဘောထား မျိုးတော့ ပြောတာကို တွေ့ရတယ်။ NLD အနေနဲ့ကတော့ ပထမပိုင်း NLD နဲ့ ထိစပ်ခဲ့တဲ့ အတိုင်းအတာတွေကို အကြမ်းဖျင်းအားဖြင့်ဆို ကွဲလွဲချက်က ၃၊ ၄ ခုလောက် ကျနော်တို့ တွေ့ရတယ်။ တခုကတော့ အခမဲ့ ပညာရေးစနစ် မှာလည်း ကျောင်းသားတွေက အလယ်တန်းအထိ ပေးစေချင်တယ်။ NLD က မူလတန်းအထိပဲ ဖြစ်နိုင်မယ်လို့ ယုံကြည်တယ် နောက်တခုက ဘတ်ဂျက် ကို တောင်းတဲ့ကိစ္စမှာ NLD က လက်တွေ့မကျဘူးလို့ ဖြေတယ်။ တိုင်းရင်းသား ဘာသာ စကားသင်ကြား တာကလည်း ကျောင်းသားတွေ တောင်း တာက သိပ်ပြီးတော့ လက်တွေ့မကျဘူးဆိုပြီး မြင်တာလေးတွေ ရှိတယ်။ နောက်ပြီးတော့ အဓိက ကတော့ သမဂ္ဂနဲ့ပတ်သက်တဲ့ သမဂ္ဂဆိုတဲ့ စကားလုံး အသုံးအနှုံးပေါ့။ အဲ့ဒီ့လေးခု ကွဲလွဲခဲ့တာ ရှိတဲ့အခါကျတော့ ဆက်ပြီးတော့ တောင်းဆိုတဲ့ အခါ ကျလို့ ရှိရင် နည်းနည်းလေးတော့ အဖုအထစ်လေးတော့ ရှိနိုင်တယ်။"

အင်ကြင်းနိုင်။ ။ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးကို ခန့်အပ်တဲ့ကိစ္စမှာ ဒီပညာရေး ဌာနထဲမှာလည်း မကြေလည်ကြဘူး နောက် အခုဆိုရင် ကျောင်းသားတွေဘက် ကလည်း မကြိုက်ဘူးဆိုတဲ့အခါကျတော့ ဒီအပိုင်းမှာရော အခက်အခဲတွေ ရှိလာနိုင်မလားရှင့်။

"ဦးမျိုးသိမ်းကြီးနဲ့ပတ်သက်လို့ ၂၀၁၅ရဲ့ ဟိုးဘက်ကို ပြန်ကြည့်ရင် တော်တော်လေး ကို အဖုအထစ်ဖြစ်ခဲ့တယ်။ သူက နေပြည်တော်ကို ဖိတ်ပါတယ်လို့ သူကိုယ်တိုင် ပြောတဲ့အတွက် ဒီကကျောင်းသားတွေရော အဲ့ဒီ့အချိန်က ပညာရေးနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက လုပ်နေတဲ့ NNER ရဲ့ အဖွဲ့ဝင်တွေ နေပြည်တော်ကို သွားကြတယ်။ တချို့ဆိုရင် လမ်းမှာပဲရှိသေးတယ်။ တချို့ဆိုရင် နေပြည်တော် ကို ရောက်ပြီးသွားတော့ သူ မဖိတ်ပါဘူးဆိုတဲ့ ပုံစံမျိုးကြီး ပြန်လုပ်လိုက်တော့ အဲ့ကိစ္စက ကျောင်းသားတွေထဲမှာရော ဆရာတွေထဲမှာရော တော်တော်လေးကို အခဲမကျေစရာ တခုဖြစ်သွားတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ၂၀၁၅ ဒီဘက်မှာတော့ NLD အစိုးရအောက်မှာ သူ ဝန်ကြီးဖြစ်သွားတယ်။ သူ့ကို ထိန်းချုပ်မယ့် အစိုးရကတော့ ပြောင်းသွားတယ်။ အဲ့အစိုးရကလည်း ခုနကပြောတဲ့ ကျောင်းသားတွေကို ဒီနေ့ လွှတ်ပေးတဲ့ပုံကတော့ သဘောထားလေး ကတော့ နည်းနည်းလေး ကောင်းလာတာကို တွေ့ရတာမျိုးတွေ ရှိတယ်ဆိုတော့ အဲ့လိုဟာလေးတွေဆိုရင်တော့ ပိုပြီးများ ပြောလို့ဆိုလို့ အဆင်ပြေသွားမလား ဆိုပြီး ကျနော်တို့က မျှော်လင့်လို့ရတယ်။ "

သာယာဝတီထောင်နဲ့ အင်းစိန်ထောင် တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပညာရေး ဥပဒေ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတဲ့ ကျောင်းသားတွေကို မနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ထုတ်ပြန်ကြေညာချက်ကြောင့် လွတ်မြောက် လာတာကို ပညာရေးအသိုင်းအဝိုင်း တခုလုံးကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

XS
SM
MD
LG