သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည် အရေး ကယ်တင်ရေး ဦးစားပေးမည်


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ လုပ်တဲ့ ဒေသတွင်း အစည်းအဝေး ကနေ ပင်လယ်ထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို အရေးပေါ် ကယ်ဆယ်မှုတွေ လုပ်သွားဖို့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။ ဒါပေမယ့်လည်း လှေစီး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အရင်းအမြစ် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဖို့ အချိန်ယူရမယ်လို့ တက်ရောက်လာတဲ့ အစိုးရအာဏာပိုင်တွေက ယူဆတာ တွေ့ရပါတယ်။ အစည်းအဝေးအပြီး ဒီကနေ့ ညနေပိုင်းမှာ အိမ်ရှင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ကနေ သတင်းစာရှင်းလင်းပွဲကို တတ်ရောက် သတင်းယူနေတဲ့ ဗွီအိုအေ ရုပ်သံသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇင်လတ်။ ။ " ဒီနေ့အစည်းအဝေးကနေ အဓိကနေပြီးတော့ ပင်လယ်ပြင်မှာ ကျန်နေဦးမယ့် ဒုက္ခသည်တွေကို အမြန်ဆုံး ရှာဖွေဖို့ ပြီးတော့ကျတော့ ဒီ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ တွေမှာ ဒီဒုက္ခသည်တွေကို အမြန်ဆုံး အကူအညီပေးဖို့၊ ဆေးဝါးတို့ စားဝတ်နေရေးတွေကို အကူအညီပေးဖို့ပေါ့ အဲ့တာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်ပေါ့။"

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အဲ့ဒီ့အတွက် အဖြေရှာကြတာပေါ့။ သူတို့ ပထမပြောတုန်းက ဒီပြသနာရဲ့ အရင်းအမြစ်ကို ရှာကြမယ် လို့ ပြောပါတယ်။ အဲ့ဒီ့တော့ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ဆွေးနွေးဖြစ်ကြသလဲ။ သူတို့ ဘာပြောပါလဲ။

ကိုဇင်လတ်။ ။ လောလောဆယ်တော့ ဒီပြသနာရဲ့အရင်းအမြစ်ကို ရှာဖို့က သဘောတူညီမှု အကြမ်းအားဖြင့်တော့ ရတယ်ပေါ့။ ပြီးတော့ ဒီပင်လယ်ပြင်မှာ ကျန်နေဦးမယ့် ဒုက္ခသည်တွေကို ရှာဖွေဖို့အတွက် အမေရိကန်နိုင်ငံက ရှာဖွေရေးလေယာဉ်တွေ စေလွှတ်မယ်ပေါ့။ အဲ့ဒီ့အတွက် ထိုင်းနိုင်ငံမှာ ခေတ္တ ယာယီ လေတပ်စခန်း ထပ်ဖွင့်ပေးမယ်။ ဖူးခက်မှာဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် တနေရာရာမှာဖြစ်ရင်ဖြစ်မယ်ပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့လည်း UNHCR ၊ IOM အဖွဲ့အစည်းတွေကို ရခိုင်ဒေသမှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့်၊ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် အဲ့တာတွေကို ပေးဖို့ပေါ့ အဲ့တာတွေကို အကြမ်းအားဖြင့် သဘောတူညီမှုရပါတယ်။

ကိုသားညွန့်ဦး။ ။ အခုဆွေးနွေးပွဲကနေပြီးတော့ ခုနက လှေစီးပြေး ဒုက္ခသည်တွေကို ကယ်တင်မယ်ဆိုတော့ ဒီ့အတွက် ရံပုံငွေတွေ ဘာတွေ ရော သူတို့ ထည့်ပြီးတော့ ဆုံးဖြတ်တာမျိုး ရှိပါသလား။

ကိုဇင်လတ်။ ။ လောလောဆယ် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့ IOM ကနေ လှေစီးပြေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ရံပုံငွေ ၂၇သန်း သူတို့ က တောင်းဆိုထားတယ်။ ဒီ ၂၇သန်း မှာ ဒီကနေ့ အမေရိကန်ပြည်ထောင်စု ကနေပြီးတော့ ၃သန်းပါဝင်မယ်။ ပြီးတော့ သြစတြေးလျကလည်း ဒီရခိုင်နဲ့ ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဆိုပြီး တော့ သြစတြေးလျဒေါ်လာ ၆သန်း ထည့်ဝင်မယ်။ ပြီးတော့ ဂျပန်နိုင်ငံကလည်း တချို့တဝက်ထည့်ဝင်မယ်ဆိုပြီးတော့ သိရတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သတ်လို့ရော သူတို့ ဘာတွေ ဆွေးနွေးလဲ။ ဘာတွေ တိုက်တွန်းခဲ့ကြတယ်လို့ ပြောပါလဲ။

ကိုဇင်လတ်။ ။ မြန်မာနိုင်ငံကိုပဲ သီးသန့်တင်ပြီး ဆွေးနွေးတာထက် သူက လှေစီးပြေးဒုက္ခသည်တွေပေါ့။ အိန္ဒိယ ပင်လယ်ထဲမှာ ဖြစ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေရဲ့အရေး ကိုပဲ ဦးတည်ပြီး ဆွေးနွေးသွားတာ များတယ်ခင်ဗျ။ သူတို့ နောက်ထပ် ပင်လယ်ပြင်မှာ ကျန်ရှိနေဦးမလား။ အခုအင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရှိတဲ့ ဒုက္ခသည်တွေ ရဲ့စားဝတ်နေရေး၊ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ အဓိက အမြန်လိုအပ်နေတဲ့ အရာတွေကိုပဲ ဒီနေ့က ဦးတည်ပြီး ပြောသွားတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ နောက်တချက်က ဒီဆွေးနွေးပွဲ မတိုင်ခင်မှာ မြန်မာဘက်က Condition တခု သူတို့ တောင်းတယ်ခင်ဗျ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး သုံးလာရင် မတက်ဘူးဆိုတာ သူတို့ပြောထားတယ်။ ဒီဆွေးနွေးပွဲအတွင်းမှာ ရိုဟင်ဂျာကိစ္စတွေရော ပြောပါလား။ ပြောကြပါလားခင်ဗျ။

ကိုဇင်လတ်။ ။ လုံးဝ မပြောပါဘူးခင်ဗျ။ ဆွေးနွေးပွဲမှာ အသုံးအနှုံးကအစ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးမပါအောင် အားလုံးက ထိန်းပြီးတော့ ဆွေးနွေးကြတာကို တွေ့ရတယ်ခင်ဗျ။ သတင်းထောက်တွေက ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ဘာလို့ မသုံးတာလဲ။ ဘာကြောင့် ဒီလိုမျိုး မဆွေးနွေးတာလဲ။ နောက် ဘာကြောင့် နိုင်ငံက ရိုဟင်ဂျာ လူမျိုးတွေကို နိုင်ငံသား မပေးတာလဲ အဲ့လိုမျိုး မေးခွန်းတွေ မေးပေမဲ့လည်း ဆွေးနွေးပွဲမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လုံးဝ ထည့်သွင်း ဆွေးနွေးတာမျိုး မတွေ့ရဘူးခင်ဗျ။

နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့တော့ ပြောတယ်။ တိတိကျကျတော့ ပြောသွားတာတော့ မရှိဘူးပေါ့နော်။ နောက်ထပ် ဆွေးနွေးပွဲတွေ မလေးရှားနိုင်ငံမှာ ဖြစ်ရင်ဖြစ်မယ်။ ထိုင်းနိုင်ငံမှာဖြစ်ရင်ဖြစ်မယ်။ နောက်ထပ် ဆက်လုပ်ဖို့ ရှိတယ်လို့တော့ သိရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဒီလူတွေနဲ့ပတ်သက်လို့ရော ဘယ်လိုပြောလဲ။ ဒုက္ခသည်တွေလို့ သုံးသလား။ ဒါမှမဟုတ် ဒီလူတွေဟာ လူကုန်ကူးခံရတဲ့သူတွေလို့ သုံးသလား။ ဘယ်လိုလုပ် အဖြေထုတ်ကြပါသလဲ။

ကိုဇင်လတ်။ ။ ဒီလူတွေကို လောလောဆယ်တော့ Boat People ပေါ့။ ပြသနာ ရဲ့ အကြောင်းအရင်းကို အတိအကျသိဖို့တော့ ခက်သေးတယ်ပေါ့။ စီးပွားရေး အရ ရွှေ့ပြောင်းနေထိုင် သူတွေ ရှိသလို၊ ပြီးတော့ လူကုန်ကူးခံရသူတွေ လည်းပါတယ်။ အမျိုးမျိုးပါနေတာပေါ့။ ပြီးတော့ နိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတွေလည်းဖြစ်နိုင်သလို၊ မြန်မာပြည် ရခိုင်ဘက်က သူတွေလည်းဖြစ်နိုင် တယ်ပေါ့နော် အဲ့ တာတွေ အသေးစိတ်ကတော့ သူတို့ ထပ်ပြီးတော့ လေ့လာမယ်။ ပြီးတော့ ဒီသဘောတူညီချက်ထဲမှာလည်း အကြောင်းအရင်း အစစ်အမှန်ကို သူတို့ရှာမယ်ပေါ့။

အိမ်ရှင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ကနေ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူနေတဲ့ ဗွီအိုအေ ရုပ်သံသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


XS
SM
MD
LG