သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIIB ဘဏ်နဲ့ မြန်မာ့စီးပွားရေးအတွက် မျှော်လင့်ချက်


အာရှဒေသဖွံ့ဖြိုးရေးကို အာရုံစိုက် လုပ်ဆောင်မယ့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB တည်ထောင်မယ့် သဘောတူစာချုပ်ကို အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ တို့ ဘေဂျင်းမြို့တော်မှာ လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ပါ တယ်။

ဒေါ်လာ ဘီလီယံ ၁၀၀ မ တည်မယ့် AIIB ဘဏ်မှာ အာရှဒေသတွင်း နိုင်ငံတွေက ရှယ်ယာအများစု ရယူမှာ ဖြစ်တာကြောင့်လည်း ဒေသတွင်းနိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပိုပြီး အကျိုးအမြတ် ရရှိမယ်လု့ိလည်း မျှော်လင့်နေကြသလို၊ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ညီညွတ်ဖို့ ဆိုတဲ့ အပေါ်မှာလည်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက်ရော ဘယ်လောက် အကျိုးအမြတ်တွေ ရှိနိုင်လဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

အာရှဒေသတွင်း ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB ဘဏ်ကို ဒေါ်လာ ဘီလီယံ ၁၀၀ မတည်တည်ထောင်ရေး သဘောတူစာချုပ်ကို အဖွဲ့ဝင် နိုင်ငံ ၅၀ တို့ တနလာၤနေ့မှာ ဘေဂျင်းမြို့တော်မှာ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ AIIB အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တရုတ် သမ္မတ ရှီကျင်းပင်က တရုတ်ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံခဲ့ပါတယ်။

“အခုလို ကိုယ်စားလှယ်တွေ တစုတစည်းတည်း တက်ရောက်လာကြတာဟာ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်ပွင့်လင်းလင်း ရှိမှုတို့ကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ရှေ့ဆက်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုရင် AIIB ဘဏ်ဟာ အောင်အောင်မြင်မြင် ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိမှာတော့ ဖွံံ့ဖြိုးဆဲနိုင်ငံတွေကို အနောက်အုပ်စုကြီးစိုးတဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ် ADB တို့က အဓိက အကူအညီပေးနေတာ ဖြစ်ပါတယ်။ အခု တရုတ်က ရှယ်ယာအများဆုံး ပိုင်ဆိုင်ပြီး ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဦးဆောင်ကြမယ့် AIIB ဘဏ်ကြောင့် အာရှဒေသတွင်းမှာ အရင်က အကူအညီထက် ပိုပြီး ရရှိလာမယ်လို့ မျှော်လင့်နေကြတာပါ။ တရုတ်တို့ဘက်ကတော့ အခု AIIB ဘဏ်ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ကို ရယူမှာဖြစ်တယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

ဘဏ်ရဲ့ ဆုံးဖြတ်ချက်တွေ မဲခွဲတဲ့အခါမှာတော့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှုရဖို့ လိုအပ်တယ်လို့ ဖော်ပြထားတာပါ။ လက်ရှိ အစီအစဉ်အရတော့ တရုတ်တို့က ဘဏ်ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်မှာဖြစ်ပြီး မဲပေးပိုင်ခွင့်ကလည်း ၂၆ ရာခိုင်နှုန်း ရယူမှာ ဖြစ်တာကြောင့် ဒါဟာ တရုတ်တို့ မထောက်ခံရင် ဘဏ်အနေနဲ့ ဘာမှ လုပ်လို့ မရဘူးဆိုတဲ့ ဗီတို အာဏာမျိုးကို ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါကလည်း တရုတ်နိုင်ငံရဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှု အချိုးအစားအရ ရယူထားတာသာဖြစ်ပြီး နောက်ပိုင်းမှာ အဖွဲ့ဝင်သစ်တွေ ဝင်လာချိန်မှာ တရုတ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုရော မဲပေးပိုင်ခွင့် အချိုးအစားရော ကျသွားမှာဖြစ်တယ်လု့ိ တရုတ်ဒုတိယဘဏ္ဍာရေးဝန်ကြီးက ခုခံ ပြောဆိုပါတယ်။

AIIB အဖွဲ့ဝင် နိုင်ငံတနိုင်ငံလည်းဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ကိုယ်စားလှယ် Johann Schneider- Amman ကတော့ AIIB ဘဏ်အနေနဲ့ နိုင်ငံတကာ အဆင့်အတန်းနဲ့ ညီညွတ်ဖို့က သိပ်ကို အရေးကြီးတယ်လို့ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ အလေးထားပြီး ပြောခဲ့တာပါ။

“ဘဏ်စီမံအုပ်ချုပ်မှုပိုင်းနဲ့ ပွင့်လင်းမြင်သာမှု ကျင့်သုံးလိုက်နာမှုတို့မှာ နိုင်ငံတကာ အဆင့်အတန်းနဲ့ ညီဖို့က သိပ်ကို အရေးကြီးပါတယ်။”

အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေအပြင် ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေပါ တရုတ်တို့ ဦးဆောင်မယ့် AIIB ဘဏ်မှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ တရုတ်တို့ဦးဆောင်မယ့် AIIB ဘဏ်မှာ ဒေါ်လာ ၂၆၄ သန်းခွဲ မတည်ထည့်ဝင်ဖို့ ပြည်ထောင်စုလွှွတ်တော်က အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။ မြန်မာ့ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍမှာ အထောက်အကူကောင်းတွေ ရလာမယ်လို့လည်း မျှော်လင့်လို့ရတဲ့အကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို ဘောဂဗေဒက အခုလို ပြောပါတယ်။

“ကိုယ်လည်း ရှယ်ယာ အများကြီး ထည့်နိုင်မှာမဟုတ်ဘူး၊ ပြောရေးဆိုခွင့်လည်း ကြီးကြီးမားမားတော့ ရမှာမဟုတ်ဘူး၊ ကိုယ့်တနိုင်ငံတည်းအနေနဲ့ ပြောရရင်တော့။ ကျန်တဲ့ဘဏ်တွေမှာက ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကြီးစိုးတာကိုး၊ အဲတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အသံကို ကိုယ်စားမပြုဘူးပေါ့။ ဒီမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ပြောရေးဆိုခွင့်ရှိမယ်ပေါ့။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပြောခွင့်ဆိုခွင့်ရှိတဲ့ ဘဏ်တွေနဲ့ အပြိုင်ဖြစ်လာမယ်ပေါ့နော်။ အဲဒီလို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်အားစုစည်းတဲ့ အဓိပ္ပါယ်လည်း ပေါက်တာပေါ့။ တကယ်တမ်းတော့ မြန်မာနိုင်ငံတခုတည်းတင်မကဘူး အာဆီယံနိုင်ငံတွေ တခုလုံးကပါ ဒီအခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒါကို လောလောဆယ်မှာ World Bank တို့ ADB တို့က အပြည့်အ၀ ဖြည့်ဆည်းနိုင်တဲ့ အခြေအနေမျိုး မရှိဘူး။ အဲဒါကြောင့် သူက ဒီကွက်လပ်ကို ဝင်ပြီးတော့ ဖြည့်ဆည်းမယ်ဆိုတဲ့ သဘောပေါ့။ သူတို့က အဲလိုလုပ်လိုက်တဲ့ အခါကျတော့ ဟိုဘက်က ADB တို့၊ World Bank တို့လည်း ပိုပြီးတော့ လှုပ်ရှားလာတာ တွေ့ရတယ်။ ဥပမာ - ADB မှာဆိုရင် ဂျပန်က ဒီကိစ္စအတွက် ထပ်ပြီးတော့ ချဲ့လာတာမျိုးလေးတွေ တွေ့ရပါတယ်။”

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်မှာ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်ဖို့ နိုင်ငံပေါင်း ၅၇ နိုင်ငံတို့က သဘောတူထားပေမဲ့ တနင်္လာနေ့ သဘောတူ လက်မှတ်ရေးထိုးရာမှာတော့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၅၀ တို့ကပဲ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ သဘောတူညီချက် မရသေးတာကြောင့် လက်မှတ်မထိုးနိုင်သေးတဲ့ နိုင်ငံ ၇ နိုင်ငံတို့ထဲမှာတော့ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့လည်း ပါဝင်ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့လည်း တရုတ်တို့ရဲ့ AIIB ဘဏ်မှာ ပါဝင်ခြင်း မရှိသေးပါဘူး။ တရုတ်တို့ကတော့ နောက်ထပ် အဖွဲ့ဝင်မယ့် နိုင်ငံတွေအတွက် တံခါးဖွင့်ထားဆဲ ဖြစ်တယ်လု့ိလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG