သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင်


စာရေးဆရာ ဦးထင်လင်းဦး
စာရေးဆရာ ဦးထင်လင်းဦး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံအတွင်း လတ်တလော ပေါ်လာတဲ့ အပြောင်းအလဲတွေထဲမှာ အကျဉ်းထောင်တွေရဲ့ အခြေအနေ တိုးတက်လာတာ ဖြစ်တယ်လို့ မကြာသေးခင်က မုံရွာအကျဉ်းထောင်က လွတ်မြောက်လာတဲ့ စာရေးဆရာ ဦးထင်လင်းဦး က VOA ကို ပြောပါတယ်။ ဘာသာရေးအရ ဝေဖန်ပြောဆိုမှုနဲ့ စွဲချက်တင် အကျဉ်းကျခံခဲ့ရတဲ့ ဦးထင်လင်းဦး က ဒီမိုကရေစီနိုင်ငံတခု အမှန်တကယ်ဖြစ်ဖို့ဆိုရင် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်နဲ့ ဝေဖန်ခွင့်ကို မကန့်သတ်သင့်ဘူးလို့ ပြောပါတယ်။ စာရေးဆရာ ဦးထင်လင်းဦး ကို မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ သမ္မတဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်း သာခွင့်အမိန့်နဲ့ လွတ်လာသူတွေထဲမှာ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ပါတယ်။ လူ့အခွင့်အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်အရေး လှုပ်ရှားနေသူလည်း ဖြစ်တဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအတွက် (၆) ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ နော်အုန်းလှ၊ လူ့အခွင့်အရေး ကာကွယ်ရေး လှှုပ်ရှားသူ ကိုနေမျိုးဇင်၊ လူမှုအဖွဲ့အစည်းအရေး တိုက်ပွဲဝင်နေသူ ကိုထင်ကျော်၊ ၂၀၁၄ ခုနှစ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သတင်းသမား (၅) ဦး၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို ထောက်ခံကူညီခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ (၄) ဦး၊ နောက် မဘသ ဘုန်းကြီးတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံထားရတဲ့ စာရေးဆရာထင်လင်းဦး တို့ဖြစ်ပါတယ်။

အခုလို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဧပြီလ (၁၇)ရက်နေ့က မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စတင်ဖြေဆိုပါတယ်။

ဦးထင်လင်းဦး ။ ။ ည (၁၁) နာရီခွဲလောက်က လာသတင်းပေးတယ်။ “ဆရာ … ကျနော်တို့ဆီကို Fax ဝင်လာပါပြီ။ လာနှုတ်ဆက်တာ ဆရာ Happy New Year ပါ ခင်များ။ ” အဲဒီမှာ ထောင်ပိုင်ကြီး မုံရွာထောင်က ကကြီး (က) ထောင် ဖြစ်သွားတဲ့အခါကြတော့ ထောင်ပိုင်က ဗိုလ်မှူးအဆင့် လာတယ်။ ပစ္စည်းတွေ သိမ်းထားလို့ ရပါတယ်။ နှစ်သစ်မင်္ဂလာပါ။ မနက် (၇) နာရီ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ရဲ့ မိန့်ခွန်းပြောအပြီးမှာ ဆာကို ကျနော်တို့ လွှတ်ပေးရပါတော့မယ်။ မနက် (၇) နာရီခွဲလောက်မှာ သူတို့ လာပြီးတော့ ခေါ်ပါတယ်။ ခေါ်တဲ့အခါကြတော့ အဲဒီအချိန်မှာ အကိုက မုံရွာထောင်ရဲ့ တိုက်ထဲမှာ စာအုပ်တွေက အိတ် (၃) လုံး ရှိတယ်။ အဲဒီ အိတ် (၃) လုံးကို သူတို့ ထမ်းထုတ်တာပေါ့။ အဲဒါပြီးတော့ "ဆရာရဲ့ မုံရွာမြို့ မိတ်ဆွေတွေ ရောက်ပါပြီ။ ဆရာဇနီးဆီလည်း ဖုန်းဆက်ပြီးပါပြီ။ အားလုံး လုပ်ပေးပြီးပါပြီ” လို့ ပြောတယ်။ Confirm လုပ်တော့လဲ အဲဒီအတိုင်း ဟုတ်ပါတယ်။ မုံရွာထောင်အပြင်မှာ မိတ်ဆွေတွေ ရောက်နေပါပြီဆိုတော့ ဒါဆို ထွက်ကြတာပေါ့။ အဲဒီအချိန်မှာ ထောင်မှူး လုပ်တဲ့ ပုဂ္ဂိုလ်၊ နာမည်တောင် မသိပါဘူး။ သူက အသစ်ရောက်လာတာ ဖြစ်တဲ့အတွက် နာမည်တောင် ကောင်းကောင်းမမှတ်မိဘူး။ စာဖတ်ပြသွားတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းပါ။ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ဖတ်ပြတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ ပြန်တမ်းကို ဖတ်ပြပါတယ်။ ဦးထင်လင်းဦး ကို ဒီနေ့ဒီရက်မှာ လွှတ်လိုက်ပါပြီလို့ ဖတ်ပြသွားတယ်။ အဲဒီဟာတွေ ဖတ်ပြပြီးတော့ လွတ်တဲ့ဝရမ်း ထုတ်ပေးတယ်။ အဲဒါပြီးတော့ “ကျနော်တို့ အမှတ်တရ ဓါတ်ပုံရိုက်ပါရစေ။ အထက်ကို တင်ပြဖို့” ဆိုပြီးတော့ ဓါတ်ပုံရိုက်တယ်။ အရင်တုန်းကတော့ ကောင်းချင်မှ ကောင်းခဲ့မှာပေါ့။ အခုတော့ ပြောင်းလဲချင်နေပြီလို့ Message ပေးချင်တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မုံရွာထောင်ထဲမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်တာကို မြင်ခဲ့တာလဲရှင့်။

ဦးထင်လင်းဦး ။ ။ ဟိုး အရှေ့ပိုင်းကာလတွေမှာ ပဲဟင်းဆိုတာက အရည်ကျဲတောက်တောက် ဖြစ်တဲ့အခါ ဖြစ်တယ်။ အမဲသား ကျွေးရမယ့်နေ့မှာ အမဲသားဆိုတာ မမြင်ရဘူး။ အဲဒါမျိုးတွေ ရှိခဲ့ဖူးတယ်။ ဘယ်သူကိုမှ သာစေနာစေရယ်လို့ မပြောပါဘူး။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲ က နိုဝင်ဘာ (၈) ရက်နေ့ ပြီးသွားတော့။ အဲဒီနောက်ပိုင်းမှာ ပဲဟင်းတွေ ပျစ်ခဲလာတယ်။ သီးစုံဟင်းဆိုရင်လဲ ဟိုအရင်တုန်းက တာလဘောလို့ ထောင်ထဲမှာ ခေါ်ကြတယ်။ သူတို့ပြောတဲ့ တာလဘော က ဟင်းနုနယ်ရွက်တွေ ပြုတ်ထဲလိုက်တာ။ ဒါဆို တာလဘောဟင်း။ တခါတလေ ကန်စွန်းရွက်တွေ ပြုတ်လိုက်ရင်လဲ တာလဘော။ တခါတလေ ဂေါ်ဖီထုပ်တွေ ုပြုတ်လိုက်ရင်လဲ တာလဘော။ သူတို့က အဲဒီလိုပြောတာ တာလဘောဆိုတာ အသီးအရွက် ပြုတ်ရုံပေါ့။ အခုတော့ အဲဒီလို မဟုတ်ဘူး .. ဘာပြောင်းလဲလာလဲဆိုတော့ သီးစုံဟင်းဆိုတာကို ပီပီပြင်ပြင် မြင်လာတယ်။ ခရမ်းသီးပါတယ်။ ဘူးသီးပါတယ်။ ပဲတောင့်ရှည်သီးပါတယ်။ ပျစ်ပျစ်နှစ်နှစ်ကို မြင်လာရတယ်။ အဲဒီဟာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲနဲ့ သမ္မတကြီး ဦးထင်ကျော် တက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒါ မြင်လာရတယ်။ အဲဒီအခါကြတော့ ထောင်ထဲမှာ မေးပါတယ်။ ထောင်ပိုင်းထောင်မှူးတို့ အကုန်မေးတယ်။ မေးတဲ့အခါ သူတို့က ပြောတယ် … အရင်တုန်းက ဘတ်ဂျက်နဲ့ ဘယ်လိုမှ အကျဉ်းသားတွေကို အဲဒီလို ကျွေးလို့ မရဘူး။ အခုကျတဲ့ ဘတ်ဂျက်ကတော့ ကျနော်တို့ အဲဒီလို ကျွေးလို့ ရပါပြီလို့ သူတို့ အဲဒီလို ပြောကြတယ်။ ဘယ်သူကိုမှ သာစေနာစေ မရှိဘူး။ မျှမျှတတ ပြောပြတာ။

မအင်ကြင်းနိုင် ။ ။ ဆရာကို NLD က ထုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့လဲ မေးချင်ပါတယ်။ မဘသ ကို ဝေဖန်တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ ဖမ်းဆီးခံရတဲ့အချိန်မှာ NLD ဘက်ကလည်း ပါတီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီးတော့ ဆရာကို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်လိုက်တဲ့အပေါ်မှာ အဲဒီတုန်းက ဆရာ ဘယ်လို ခံစားရလဲ။ ဒီအပေါ်မျာ ဘယ်လို မြင်ပါသလဲရှင့်။

ဦးထင်လင်းဦး ။ ။ သားမိုက်တယောက်ကို နည်းနည်းလေး တုတ်နဲ့ ရိုက်လိုက်တယ်လို့ပဲ ခံစားရတာ။ နည်းနည်းဆိုးတဲ့ သားကို တုတ်နဲ့ ရိုက်လိုက်သလိုပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်ကာလမှာ မြန်မာနိုင်ငံတဝှမ်းလုံး လှည့်ပြီးတော့ စာပေဟောပြောနေတာ။ ရှင်းရှင်းပြောမယ်ဆိုရင် စာပေဟောပြောတယ်ဆိုတာ နိုင်ငံရေး ဟောပြောတာ။ အဲဒီလို အချိန်ကာလမျိုးမှာ ဂန့်ဂေါ်မြို့နယ် အပိုင်းမှာဆိုရင် ကျော(?) ဆိုတဲ့ဒေသ၊ နောက်တခါ ယင်းမာပင်၊ စလင်းကြီးတို့ အဲဒီလို ဒေသတွေမှာ ဘာတွေ့ရသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာရင်ပဲ မူစလင်အစိုးရ တိုင်းပြည်ကို သိမ်းတော့မယ့် ပုံစံမျိုးပေါ့။ စာရွက်စာတမ်းတွေ ဝေတော့ မခံနိုင်ဘူးပေါ့။ ဟုတ်မှမဟုတ်တာ။ အဲဒီလို မဟုတ်တာမျိုးကို ပြောတဲ့အခါကြတော့ မခံနိုင်ဘူးပေါ့။ အဲဒီလို ပုံစံမျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားတွေ မူစလင် ခံယူသွားပြီတို့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေက အစ္စလာမ်နိုင်ငံသား ခံယူသွားပြီတို့ ဆိုပြီးတော့ ကြော်ငြာပြီးတော့ သတင်းစာစောင်တွေမှာ ဖြန့်ဝေနေတဲ့အခါ ဘယ်လိုမှ မခံနိုင်ဘူး။ ဟုတ်မှမဟုတ်တာ။ ဒါမျိုးတော့ မလုပ်နဲ့ဆိုတဲ့ စိတ်မျိုးက အကိုစိတ်ထဲမှာ ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာတဲ့အခါကြတော့ ဒါက သက်သက်မဲ့ တိုက်ခိုက်တာပဲ၊ လူမျိုးရေး တိုက်ခိုက်တာပဲ။ ဘာသာရေး တိုက်ခိုက်တာပဲ။ တိုင်းပြည်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်တယောက်ကို။ တိတိကျကျ ပြောရမယ်ဆိုရင် တိုင်းပြည်က မျှော်လင့်ပြီးတော့ ဦးဆောင်စေချင်တဲ့ ပုဂ္ဂိုလ်တယောက်ကို သက်သက်မဲ့ တိုက်ခိုက်တာပဲဆိုပြီး အဲဒီလို စိတ်ထဲမှာ မခံမရပ်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ ပြောတယ် … ဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ ဘုန်းကြီးတွေအနေနဲ့ ဒီလိုမျိုးတွေ မပြောသင့်ဘူး။ ဒီလိုမျိုးတွေ မလုပ်သင့်ဘူး။ ဒါတွေက ဗုဒ္ဓဘာသာ ရဟန်းတွေနဲ့ မဆိုင်ဘူးဆိုတာမျိုးကို ပြောတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကလည်း ထင်လင်းဦး နင် ဒီလိုပြောလိုက်ဆိုပြီး လှမ်းညွှန်ကြားလို့ မဟုတ်ဘူး။ NLD ပါတီက ဒါမျိုးကို ဒီလို ပြောလိုက်ဆိုပြီး လှမ်းညွှန်ကြားလို့ မဟုတ်ဘူး။ ဆိုင်ကိုမဆိုင်တာ။ အဲဒီအချိန်မှာ ထင်လင်းဦး အသိ၊ ထင်လင်းဦး စိတ်အတွေးမှာ ဒါပဲ။

မအင်ကြင်းနိုင် ။ ။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာ က ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ အခု အစိုးရသစ်လက်ထက်မှာ သာသနာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲတာဖြစ်ဖြစ်၊ သာသနာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာဘက်က ဘယ်လို မျှော်လင့်ထားတာ ရှိပါလဲရှင့်။

ဦးထင်လင်းဦး ။ ။ ကမ္ဘာသူ ကမ္ဘာသားတွေ လက်ခံနေတဲ့ ဒီမိုကရေစီ။ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် .. အဲဒီ ဒီမိုကရေစီကို လိုချင်ပါရက်သာနဲ့ ဘာဖြစ်လို့ စည်းမျဉ်းတွေ စည်းကမ်းတွေ ဘောင်တွေထဲမှာ ပိတ်မိနေရတာလဲ။ ငါ့ရဲ့သားက ငါ့ကို အဖေ ဘာဖြစ်လို့ နိုင်ငံရေး လုပ်နေပါသလဲလို့ လွတ်လပ်စွာ သူ့မှာ မေးပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ အဲဒါ ငါ့သားအနေနဲ့ ဝေဖန်ပိုင်ခွင့် ရှိတာပါ။ ဘာကြောင့်လဲ။ သူဟာ ငါ့က မွေးထားတဲ့ သားတယောက် ဖြစ်နေပေမယ့် သူဟာ လူတယောက် ဖြစ်ပါတယ်။ သူမှာ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ဒီမိုကရေစီကို လိုချင်တယ်ဆိုတာ အဲဒီလို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် စနစ်ရှိသော။ အတွေးအခေါ်ရှိသော ဝေဖန်ပိုင်ခွင့်တွေကို အကိုတို့က ဖြစ်စေချင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဘာသာရေးဆိုတဲ့ ပိတ်ထားတဲ့ ဘောင်တွေထဲမှာ ဟိုးရှေ့က အစဉ်အဆက် ဖြစ်ခဲ့တယ်။ ပြောခဲ့တယ်။ ရှေးလူကြီးသူမတွေ ထားခဲ့တဲ့ ဘောင်တွေထဲမှာ သားစဉ်မြေးဆက်တွေကို ဘောင်တွေနဲ့ ချုပ်ကိုင်ထားတာတွေ၊ လုံးဝမဖြစ်စေချင်ပါဘူး။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေး ပြောဆိုထားတဲ့ NLD အစိုးရသစ်အပေါ်မှာ ဆရာထင်လင်းဦးရဲ့ ယုံကြည်မှု အတိုင်းအတာ ဘယ်လောက်အထိ ရှီပါလဲရှင့်။

ဦးထင်လင်းဦး ။ ။ အစိုးရအဖွဲ့သစ် တက်လာတဲ့အချိန်မှာ မျက်ရည်ကျလောက်အောင် ဝမ်းသာတယ်လို့ အဲဒီလိုပဲ ပြောရမယ်။ နောက်တဖန် အမေစု က အတိတ်ရဲ့ အပိတ်အလှောင်တွေထဲမှာ သူ မနေဘူး။ နောက်ကြောင်းကို ပြန်ပြန်ငဲ့ပြီးတော့ ရှေ့ခရီး အဖဲ့မခံဘူးတဲ့။ အကိုတို့က နောက်ပြန်ကြည့်ပြီးတော့ ရှေ့ခရီး နှောင့်နှေးချင်တဲ့ လူတွေ မဟုတ်ဘူး။ ဒို့နိုင်ငံက ဆင်းရဲသင့်လို့ ဆင်းရဲနေရတဲ့ နိုင်ငံတခု မဟုတ်ဘူး။ သူများနိုင်ငံလို ရာသီဥတု မမှန်လို့။ သဘာဝသယံဇာတ မရှိလို့။ ပထဝီ အချက်အချာ မကျလို့ ဆင်းရဲနေရတဲ့ နိုင်ငံတခု မဟုတ်ဘူး။ အင်မတန်မှ ပထဝီအရ အချက်အချာကျတဲ့ နိုင်ငံ။ ရာသီဥတု အင်မတန် ကောင်းတဲ့နိုင်ငံ။ အင်မတန် သင်ယူလွယ်၊ တက်မြောက်လွယ်တဲ့ လူမျိုးတွေ ရှိတဲ့နိုင်ငံ။ ဒီနိုင်ငံမျိုးကို ဆင်းရဲပြီး အောက်တန်းနောက်တန်း ကျနေရတယ်ဆိုတာဟာ ဒီနိုင်ငံကို အုပ်ချုပ်တဲ့ လူတွေ၊ စနစ်တွေ၊ မူတွေ မကောင်းလို့ ဖြစ်ရတဲ့ကိစ္စ။ ဒါမျိုးကို ဒေါ်အောင်ဆန်းစုကြည် - ငါတို့အမေ ရှေ့ဆောင်လမ်းပြနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။

မအင်ကြင်းနိုင် ။ ။ မုံရွာအကျဉ်းထောင်က လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။ NLD အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ရုပ်သိမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့အတူ ပြည်ထဲရေး ဝန်ကြီးဌာနက စတင် စီစစ်နေတယ်လို့လည်း သမ္မတရုံးက ပြီးခဲ့တဲ့သတင်းပတ်တွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG