သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ ကျောင်းသား ညှိနှိုင်းရေးအပေါ် အမြင်တချို့


မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး NLD အစိုးရနဲ့ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ အဆင်ပြေချောမွေ့စေဖို့ တဘက်နဲ့တဘက် အလျှော့အတင်းတွေ လုပ်ကြရမယ်လို့ ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ တချိန်တည်း မှာပဲ - ဒီလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ပညာရေးဆိုင်ရာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း ထည့်သွင်းပါဝင်စေဖို့ တိုက်တွန်းခဲ့ကြတဲ့အကြောင်း - အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

အရင်အစိုးရလက်ထက်တုန်းက ပြုပြင်ပေးဖို့ ပညာရေး တောင်းဆိုချက် ၁၁ ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူ တွေနဲ့ ဆက်လက် ညှိနှိုင်း ဖော်ဆောင်သွားမယ်လို့ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဧပြီလ ၉ ရက် စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ - NLD အစိုးရနဲ့ ကျောင်းသား တွေအကြား ညှိနှိုှုင်းဆွေးနွေးမှုတွေဟာ အဆင်ပြေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။ နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်တဲ့ ကိုမြင့်အေး ကတော့ - တဘက်နဲ့ တဘက် အခက်အခဲမရှိ ပြေပြေလည်လည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် အပေးအယူတွေ အတိုးအလျှော့ တွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုမြင့်အေး - “ပထမဆုံး ကျနော်ပြောချင်တာက ကျောင်းသားတွေက သူတို့လိုလားတဲ့ ပညာရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အရည်အချင်းရှိတယ်လို့ မြင်ပါတယ်။ အခုတက်တဲ့အစိုးရက ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဆိုတော့ကာ ဒီအစိုးရနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ ပြေလည်မှုရမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ တခုတော့ ပြောစရာရှိတာပေါ့ ဒီမိုကရေစီသဘောကိုကတော့ တယောက်နဲ့တယောက် တယောက်ရဲ့ တောင်းဆိုချက် တယောက်ရဲ့ လိုလားချက်ကို ညှိနှိုင်းရတာကိုးဗျ။ တကယ် ဒီမိုကရေစီစစ်စစ်မှန်မှန် အစိုးရဆိုရင်တော့ ညှိနှိုင်းမှုတွေ လုပ်ရတော့မှာဖြစ်တဲ့အတွက် ပြေလည်မှာပဲ။ ဒါပေမဲ့ ကိုယ်ပြောတဲ့အတိုင်းတော့ ရချင်မှ ရမှာပေါ့။ ဥပမာအားဖြင့်ပေါ့ - ကျောင်းသားတွေက ပညာရေး အသုံးစရိတ်ကို ၂၀% ဖြစ်ရမယ်လို့ ပြောထားတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်အရ ၂၀% ကတော့ ငါတို့ကတော့ မသုံးနိုင်ဘူးဆိုတဲ့ အပေးအယူမျိုးတော့ ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ပေါ့။ အဲအခါမျိုးမှာတော့ တယောက်နဲ့တယောက် ညှိနှိုင်းရမှာပေါ့။ တခုတော့ ပြောစရာရှိတာပေါ့ စေ့စပ်ညှိနှိုင်းတယ်ဆိုတဲ့အခါကျတော့ ကိုယ်လိုလားတာတွေ အကုန်လုံးတော့ ရချင်မှရမယ်။ ဒါကတော့ ညှိနှိုင်းတယ်ဆိုတာ ခုနကပြောသလို သူ့ဘက်က အလျှော့အတင်း၊ ကိုယ့်ဘက်က အလျှော့အတင်း ရှိမှာပေါ့လေ။ အဲတော့ ကျနော်မြင်တာတော့ အောင်မြင်နိုင်တယ်လို့ ယုံကြည်ပါတယ်။”

တခါ ကျောင်းဆရာမဟောင်းတဦးလည်းဖြစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရောက် မခင်အေးမြင့်ကတော့ - ကျောင်းသားတွေအနေနဲ့ စိတ်ဆန္ဒမစောဘဲ ဖြေးဖြေးချင်း ညှိနှိုင်းဖို့ကို တိုက်တွန်းခဲ့ပါတယ်။

မခင်အေးမြင့် - “အခုဟာက NLD အစိုးရဖြစ်ပေမဲ့ အာဏာရှင်အစိုးရလက်ထက်က လုပ်ထားတဲ့ ဟာတွေကိုလည်း တဖြေးဖြေးနဲ့ လုပ်ယူနေရတဲ့ အပေါ်မှာ ဖြစ်ပေါ်လာမယ့် အဖုအထစ်တွေ ပြေလည်အောင်ဆိုရင် အချိန်ကိုပေးပြီး စောင့်စေချင်ပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပေါ့နော် လုပ်ချင်နေတဲ့ဆန္ဒတွေ၊ အရာတွေ မှန်သမျှတွေကို အချိန်လေးကို သည်းခံပြီး စောင့်ကြပါပေါ့နော်။ အားလုံး အဆင်ပြေချောမွေ့အောင် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အခုချက်ခြင်း ရေတွင်းတူး၊ အခု ရေကြည်သောက်ချင်လို့တော့ မရဘူးပေါ့။ အားလုံးကို အချိန်တွေ စောင့်လိုက်လို့ရှိရင် အကုန်လုံး အဆင်ပြေ ချောမွေ့တဲ့ နည်းလမ်းတွေကို ရမှာပါ”

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးကြတဲ့အခါ တတ်သိနားလည်တဲ့ ပညာရှင်တွေ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း သူတို့က ထောက်ပြခဲ့ကြတာပါ။ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုမြင့်အေး ကတော့ -

ကိုမြင့်အေး - “အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ NNER ပါတာကတော့ ကောင်းတယ်။ NNER ပါထားတာကတော့ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။ သူတို့က ပညာရှင်အုပ်စုလည်းဖြစ်တယ်။ ပညာရေးနဲ့ ပတ်သက်လို့လည်း တစိုက်မတ်မတ် လုပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် NNER ပါရင်ကတော့ ကျနော်မြင်တာ တော့ အင်မတန် သင့်တော်ပါတယ်။ NNER ရယ်၊ ကျောင်းသားရယ်၊ အစိုးရရယ်ပေါ့။ အဲ့လိုမျိုး ၃ ဦး၊ ၃ ဖလှယ် ပြောနိုင်ရင်တော့ အင်မတန်ကောင်း တယ်လို့ ကျနော်ကတော့ ထင်တယ်။”

ဒါ့အပြင် ဗကသအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုက - အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးမှာ တက္ကသိုလ်ကျောင်းထဲ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးဟာ အဓိကကျတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း - အမေရိကန်ရောက် နိုင်ငံရေးအကျဉ်းဟောင်းတဦးဖြစ်တဲ့ ကိုအောင်မြတ်သူ က ထောက်ခံပါတယ်။

ကိုအောင်မြတ်သူ - “ကျောင်းသားရှိရင်တော့ ကျောင်းသားသမဂ္ဂရှိမှာပဲလေ။ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေကိုယ်စားပြုတဲ့ အသံကတော့ ကျောင်းသားသမဂ္ဂ က ထွက်မှာပဲလေ။ သမဂ္ဂမရှိရင်တော့ ပရမ်းပတာ ထွက်နေမှာပေ့ါ။ အရင်က ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ကျောင်းသားသမဂ္ဂ ဖြုတ်ဖို့တောင်မှ NLD က လူနည်းစုက သူတို့ ရင်ကြားစေ့ရေးပဲ ဦးစားပေးတဲ့ သဘောရှိတယ်လေ။ သိပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် မသွားချင်တဲ့သဘောမျိုး ရှိတာကိုး။ မူကြမ်းထဲမှာပါတဲ့ ကျောင်းသားသမဂ္ဂ ဆိုတဲ့ စာသားတောင်မှ ဖြုတ်ခဲ့ရတယ်နဲ့ တူပါတယ်။ ဒီနှစ်မှာကျတော့ ကျနော်ထင်တာ အားလုံး ပြောင်းလဲသွားနိုင်ပါတယ်။”

ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက် ၁၁ ချက်ထဲမှာတော့ - ပညာရေးအသုံးစရိတ်ကို ၂၀% သတ်မှတ်နိုင်ဖို့၊ အခမဲ့ပညာရေးစနစ်ကို အလယ်တန်းအဆင့်ထိ တိုးမြှင့်ကျင့်သုံးဖို့၊ ကျောင်းသားအရေးအခင်းတွေကြောင့် ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်နိုင်ခွင့်ရဖို့၊ စာမေးပွဲစနစ်နဲ့ ပညာသင်ကြားနည်းစနစ်တွေ ပြောင်းလဲဖို့ …… စတဲ့ အချက်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG