သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငွေကြေးကဏ္ဍထဲ ပြည်ပဘဏ်ခွဲတွေ ဝင်လာတော့မယ်


ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။

မြန်မာနိုင်ငံမှာ ပြည်ပဘဏ်တွေရဲ့ ဘဏ်ခွဲတွေကို မကြာခင်အချိန်ပိုင်း အတွင်း တွေ့မြင်လာကြရတော့မှာဖြစ်ပါတယ်။ ပြည်ပက အင်အားတောင့်တဲ့ ဘဏ်ကြီးတွေ နိုင်ငံတွင်းမှာလာပြီးတော့ ပြည်တွင်း ဘဏ်လုပ်ငန်းတွေနဲ့ယှဉ်ပြီးတော့ ငွေကြေးကဏ္ဍဝန်ဆောင်မှု ပေးတဲ့အခါပြည်တွင်းဘဏ်လုပ်ငန်းတွေ နစ်နာလေမလားဆိုတဲ့ စိုးရိမ်မှုတွေရှိပေမယ့် လည်း ယေဘုယျအားဖြင့်တော့ အခုလို ပြည်ပဘဏ်တွေ ဝင်လာမယ့် အခြေအနေကို ကြိုဆိုကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက် တဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာတာ အချိန်အတိုင်းအတာတခု ရလာပြီဖြစ်ပေမယ့်လည်း ဘဏ်နဲ့ငွေကြေး ဝန်ဆောင်မှုပိုင်းက အခုချိန်ထိ တိုးတက်မှု အားနည်းနေဆဲပါ။ အထူးသဖြင့် ပြည်ပနဲ့ ဆက်စပ် လုပ်ကိုင်နေကြတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအဖို့ ငွေပေးငွေယူကိစ္စတွေမှာ အခက်အခဲတွေ့ကြရပါတယ်။ ကိုယ်က သူများဆီကနေ ဝယ်လို့ ငွေပေးရ တဲ့အခါ ပြည်တွင်းကနေ တိုက်ရိုက်မပေးနိုင်သေးဘဲ စင်္ကာပူလို တတိယနိုင်ငံတခုကို ကြားခံထားပြီး ပေးနေကြရတာမို့ လွယ်ကူ သက်သာမဖြစ်၊ အချိန်လည်း ပိုကြာ၊ အကုန်အကျလည်း ပိုများ ဆိုတာတွေနဲ့ ကြုံနေကြရတာပါ။

မကြာခင်ကာလအတွင်းမှာတော့ ပြည်ပကဘဏ်တွေ မြန်မာနိုင်ငံတွင်းမှာလာပြီး ဘဏ်ခွဲဖွင့်ခွင့်ပြုတော့မယ်လို့ ဗဟိုဘဏ်က ပြောထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် ဘဏ်နဲ့ငွေကြေးဆိုင်ရာ အခက်အခဲတချို့ ပြေလည်လာလေမလား မျှော်လင့်စရာရှိပါတယ်။

တဘက်မှာလည်း အတွေ့အကြုံများပြီး အရင်းအနှီးအားကောင်းတဲ့ ပြည်ပဘဏ်တွေ ဝင်လာတဲ့အခါ ပြည်တွင်းကဘဏ်လုပ်ငန်း တွေ နစ်နာလေမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိပါတယ်။

ဘဏ်နဲ့ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါ ပြည်ပဘဏ်တွေကို ခွင့်ပြုရမယ်ဆိုတာကို ကိုယ်တိုင်က ဘဏ်လုပ်ငန်းရှင် တဦးဖြစ်တဲ့ CB သမဝါယမဘဏ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က သဘောတူ လက်ခံပါတယ်။ မြန်မာနိုင်ငံထက်အရင် အများကြီးစောပြီး ဘဏ်နဲ့ငွေကြေးကဏ္ဍ ဝန်ဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်ပြီးသားဖြစ်တဲ့ ထိုင်းနဲ့စင်္ကာပူတို့မှာ လုပ်ခဲ့တာတွေကို ဥပမာပေးပြီး ဦးဖေမြင့်က ပြောပြပါတယ်။

ပြည်ပဘဏ်တွေကို ပြည်တွင်းမှာ ဘဏ်ခွဲဖွင့်ပြီး လုပ်ခွင့်ပြုမယ့်ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာလည်း စိုးရိမ်မှု တချို့ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း လွှတ်တော်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်ကိုယ်တိုင် သွားရောက်ပြီးတော့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာက ငွေအရင်းအနှီးလည်း နည်း၊ နည်းပညာလည်း မပြည့်စုံ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကလည်း အားနည်းနေသေးတာကြောင့် ပြည်ပကဘဏ်တွေ ဝင်လာမယ်ဆိုရင် အဲဒီအခွင့်အလန်းတွေကို ရလာမှာဖြစ်တာကြောင့် ဝမ်းသာ စရာကိစ္စတခုအဖြစ်မြင်သူက ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဖွံ့ဖြိုးမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ဘဏ်တွေ ရပ်တည်နိုင်မှုနဲ့ နိုင်ငံရဲ့ ငွေကြေးမူဝါဒကို ထိန်းညှိနိုင်ဖို့အတွက်လည်း လိုအပ်တယ်လို့ ဦးဖြိုးမင်းသိန်းက ထောက်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် လွှတ်တော်မှာလာပြီး ရှင်းလင်း တင်ပြသွားတာကို ဦးဖြိုးမင်းသိန်းက ပြန်ပြောပြပါတယ်။

ဘဏ်ခွဲဖွင့်ခွင့်ပြုမယ့် ပြည်ပဘဏ်တွေကို ရွေးချယ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်နိုင်ဖို့ဆိုပြီး မေလ ၁၂ ရက်နေ့မှာ သမ္မတရဲ့အမိန့်နဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းပေးထားပါတယ်။ အဲဒီအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်ကို တာဝန်ပေး ထားပြီး အဖွဲ့ဝင် ၈ ဦး ပါဝင်ပါတယ်။

နိုင်ငံစီးပွားရေးကို ဘက်စုံကနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ ဒီ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟာလည်း အထူးအရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတဲ့ နိုင်ငံတွေမှာ အားလုံးဟာ ဘဏ်စနစ်နဲ့ ချိတ် ဆက်လုပ်ဆောင်နေကြတာဖြစ်ပြီး ဥပေဒနဲ့အညီ စည်းကမ်းတကျ ထိန်းသိမ်းရေးနဲ့ လွတ်လပ်စွာပြိုင်ဆိုင်နိုင်ဖို့၊ အဲဒီကနေ စီးပွားရေးကဏ္ဍတခုလုံး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့ ဆိုတာတွေကြားမှာ ဟန်ချက်ညီ လုပ်နိုင်ဖို့လိုပါတယ်။

လွတ်လပ်ရေးရပြီး သိပ်မကြာလိုက်တဲ့ ပါလီမန်ဒီမိုကရေစီအချိန်ထက် ဆိုရှယ်လစ်အမည်ခံ စစ်ဘက်အုပ်ချုပ်ရေးလက်အောက် ကာလရှည်ကြာနေခဲ့ရတဲ့ နိုင်ငံတခုအတွက် လွတ်လပ် ခေတ်မီတဲ့ ဘဏ်စနစ် မတိုးတက်ခဲ့တာ အံ့သြစရာမဟုတ်ပါဘူး။ ဒါပေမဲ့ လည်း ဒီမိုကရေစီနဲ့ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်လို့ ပြောထားတဲ့ကာလမှာမှ ဘဏ် စနစ်ကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ တို့ခေတ်ရောက်မှ ညံ့ကြတော့မှာပဲလို့ ပြောရုံအပြင် တခြား မရှိကြောင်းပါ။

XS
SM
MD
LG