သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစွန့်လွှတ်နိုင်သေးတဲ့ ဗဟိုချုပ်ကိုင် ပညာရေးစနစ်


ဒေါက်တာသိန်းလွင် NNER
ဒေါက်တာသိန်းလွင် NNER

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် မပြောင်းနိုင်သေးတာဟာ ဗဟိုကချုပ်ကိုင်ထားတဲ့ စနစ်ကို မစွန့်လွှတ်နိုင်ကြသေးလို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER မှ ဒေါက်တာသိန်းလွင်က ပြောဆိုပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဒေါက်တာသိန်းလွင်ဟာ ပညာရေးကိစ္စနဲ့ အမေရိကန်ကို ရောက်နေစဉ် VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ ကျောင်းသားတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ ဆန္ဒမပါတဲ့ ပညာရေးဥပဒေကနေ ကျောင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီပညာရေးစနစ် ဖြစ်မှာ မဟုတ်ဘူးလို့ သူက ပြောဆိုပါတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးနေကြတဲ့ ပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ကျောင်းသားပြည်သူတွေ လိုလာတဲ့အတိုင်းဖြစ်အောင် ကြိုးပမ်းနေတဲ့ အခြေအနေတွေအပြင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အကြောင်းကို ကိုဇော်ဝင်းလှိုင်က ဒေါက်တာသိန်းလွင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေါက်တာသိန်းလွင် အခုလို ဗွီအိုအေ လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျနော် ပထမဦးဆုံး မေးချင်တာက မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုဟာ ဘယ်အဆင့်ကို ရောက်သွားပြီလဲ။ ကျနော်တို့ ကြားတာက လွှတ်တော်ထဲမှာ ဆွေးနွေတာတွေ၊ ဆုံးဖြတ်ချက် ချတာတွေရှိတယ်။ အပြင်က ဆရာတို့လို NNER အဖွဲ့ဝင်တွေက ကြိုးစားလုပ်ကိုင်နေတာရှိတယ်။ ဒါပေမဲ့ အခုလက်ရှိ အနေအထားမှာ ဘယ်အဆင့်ကို ရောက်နေပြီလဲ။

ဒေါက်တာသိန်းလွင် ။ ။ ပညာရေးဥပဒေကိုပြင်တဲ့ ဥပဒေကြမ်းက လွှတ်တော်ထဲမှာ ရောက်နေပြီ။ အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်။ ပြည်သူ့လွှတ်တော်ကနေ အမျိုးသားလွှတ်တော် အဲဒီအဆင့် ရောက်နေတယ်။ လုပ်ငန်းစဉ်အနေနဲ့။ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေနဲ့ ပတ်သက်လို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေက ပညာရေးဥပဒေကို ပြင်ဖို့ အချက် (၁၁) ချက် တောင်းဆိုတယ်။ လေးပွင့်ဆိုင် (၂၀) ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးဖို့ အမျိုးသားလွှတ်တော်က သဘောတူတယ်။ ဒါပေမဲ့ အချိန်ကာလတော့ သတ်မှတ်ချက်ရှိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တဖြည်းဖြည်း တိုးပေးသွားမှာပေါ့။

ဒေါက်တာသိန်းလွင် ။ ။ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာပါဖို့ အမျိုးသားလွှတ်တော်က သဘောတူတယ်။ ပြည်သူ့လွှတ်တော်ရောက်တဲ့အခါကြတော့ ဗဟိုချုပ်ကိုင်မှု ဆက်ထားတယ်။ ပညာရေး အသုံးစရိတ် (၂၀) ကို ပယ်ဖျက်လိုက်တယ်။ အဲဒီ အသုံးစရိတ်ကို ရာခိုင်နှုန်း သတ်မှတ်ချက် မရှိတော့ဘူး။ နောက်တခါ သမဂ္ဂနဲ့ ပတ်သက်လို့ ဒီကျောင်းသားတွေက ကျောင်းသားသမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းချင်တယ်။ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေက တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှာ ပါစေချင်တယ်။ ကျောင်းသားသမဂ္ဂ လွတ်လပ်ခွင့်မှာ လွှတ်တော်ဘက်က စည်းကမ်းနဲ့ ညီညွှတ်သော။ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွှတ်သော သမဂ္ဂလို့ သုံးလိုက်တဲ့အတွက် အချုပ်ခံတာပါသွားတယ်။ လွတ်လပ်တဲ့ သမဂ္ဂတော့ မဟုတ်ဘူး။ စကားလုံးရဖို့တောင် အတိုက်အခံ ပြောရတယ်။ အဲဒါက အမျိုးသားလွှတ်တော်။ ပြည်သူ့လွှတ်တော်ရောက်တော့ သမဂ္ဂစကားလုံးဟာ ပယ်ဖျက်တဲ့သဘော ရောက်သွားတယ်။ ကျောင်းသားတွေ လိုချင်တာက ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ ကိုယ်စားလှယ် (၂) ဦးက တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီမှာပါဖို့။ လွှတ်တော်ဘက်ကြတော့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်ကို ပယ်ဖျက်လိုက်ပြီး ကျောင်းသားထု ကိုယ်စားလှယ်။ ဒီဥစ္စာက ကျောင်းသားတွေ တောင်းဆိုချက်နဲ့ ဆန့်ကျင်သလို၊ တောင်းဆိုတိုက်ပွဲဝင်ခဲ့တာက ကျောင်းသားသမဂ္ဂက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်က တက္ကသိုလ်အုပ်ချုပ်ရေးကောင်းစီမှာ ပါရမယ်။ ဒီလိုပါတဲ့ အဓိပ္ပါယ်က ကျောင်းသားတွေကိုယ်စားပြုပြီးတော့ ကျောင်းသားတွေဘက်က လိုလားချက်တွေကိုပြောဖို့၊ ကာကွယ်ဖို့ပါတာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆောင်ရွက်ခဲ့တဲ့အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် (၂) ဦးဟာ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ ပါခဲ့တယ်။ ရန်ကုန်တက္ကသိုလ် နဲ့ မန္တလေးတက္ကသိုလ်တို့မှာ။ ၁၉၅၈ ဦးနေဝင်း အိမ်စောင့်အစိုးရလုပ်တဲ့အချိန်မှာ တက္ကသိုလ်ဥပဒေကို ပြင်တယ်။ အဲဒီ ပြင်တဲ့အချိန်မှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အစား၊ ကျောင်းသားများ၏ ကိုယ်စားလှယ်လို့ ပြောင်းလိုက်တယ်။ အဓိပ္ပါယ်က ကျောင်းသားသမဂ္ဂကို မလိုဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပြတယ်။ အခု အဲဒီအတိုင်းပဲ ပြည်သူ့လွှတ်တော်က ကျောင်းသားသမဂ္ဂကို တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ မလိုလားဘူးလို့ ဖြစ်လာတဲ့အတွက် ကျနော်တို့ ဝမ်နည်းစရာကောင်းတယ်။ ကျောင်းသားတွေက တလျှောက်လုံး တိုက်ပွဲဝင်ခဲ့တယ်။ ကျောင်းသားတွေရဲ့ အခွင့်အရေးအတွက် တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာပါဖို့ လွှတ်တော်က ပယ်ဖျက်လိုက်တယ်။ ဒါက သမဂ္ဂနဲ့ ပတ်သက်တဲ့ဖြစ်စဉ်ပါ။ ပညာရေးအသုံးစရိတ်မှာလဲ ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်တယ်။ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးကိုပဲသွားတယ်။ နောက် ကျောင်းသားနဲ့ NNER တောင်းဆိုတာက မသင်မနေရ ပညာရေးကို အနည်းဆုံး စာသင်နှစ် (၉) နှစ်ရှိဖို့။ တောင်းတဲ့ရည်ရွယ်ချက်က ကလေးတွေ ကျောင်းမှာရှိရင် စာတတ်မယ်။ သူတို့ အသက်မွေးဝမ်းကျောင်းပညာတွေ ရမယ်။ သူတို့ဘဝလည်း ထူထောင်နိုင်မယ်။ ပတ်ဝန်းကျင်လည်း ကောင်းအောင် လုပ်နိုင်မယ်။ တပြိုင်နက်ထဲမှာ ကလေးတွေ ကျောင်းမှာရှိချင်းအားဖြင့် ကလေးစစ်သားတို့၊ ကလေးအလုပ်သမားတို့ကို ကာကွယ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့က ကလေးတွေကို အနည်းဆုံး မသင်မနေရ။ (၉) နှစ်တော့ ရှိသင့်တယ်လို့ တောင်းဆိုတယ်။ ဒါက ကျနော်တို့ကြီးပဲ မဟုတ်ဘူး။ နိုင်ငံတကာမှာ လာမယ့် Post 2015 Education Agenda မှာ နိုင်ငံတကာကထားတဲ့ စံက (၉) နှစ်ပါ။ ကျနော်တို့ တောင်းဆိုတာ နိုင်ငံတကာစံနဲ့ ကိုက်တယ်။ ဒါပေမဲ့ အစိုးရနဲ့ လွှတ်တော်က ပယ်ဖျက်လိုက်တယ်။ တဖတ်ကလဲ မသင်မနေရ (၉) နှစ်ကို ပယ်ဖျက်လိုက်ပြီးတော့ ဘတ်ဂျတ် အသုံးစရိတ်ကိုလည်း လျှော့ချလိုက်တယ်။ ဘတ်ဂျတ်ကို တိုးမသုံးချင်ဘူး။ မသင်မနေရ ပညာရေးလုပ်မယ်ဆိုရင် ဘတ်ဂျတ်ကို တိုးသုံးရမယ်။ ဘတ်ဂျတ် ပိုမသုံးချင်တဲ့အတွက် မသင်မနေရ ပညာရေးလည်း မလုပ်ဘူးလို့မြင်တယ်။ အခုတော့ လွှတ်တော်နှစ်ရပ်မှာ ရောက်နေပြီ။ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ကျောင်းသားတွေကတော့ ကျောင်းသားတွေ တောင်းဆိုချက်၊ NNER တောင်းဆိုချက်က ကျနော်တို့က တိုင်းနဲ့ပြည်နယ်အနံှသွားပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက် အကြံဉာဏ်ယူခဲ့တယ်။ ဒါက ကျနော်တို့ ဆွေးနွေးပွဲလုပ်ခဲ့တဲ့ ဒေသတွေက ပေးလိုက်တဲ့အကြံဉာဏ်ပဲ။ ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ ကျောင်းသားတွေလည်း ပါတယ်။ ဒေသခံတွေ၊ ပြည်သူလူထုက ဘာတွေလိုလားတယ်ဆိုတယ်ကို ကျောင်းသားတွေ သိတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲနဲ့ ပညာရေးဥပဒေကို အတည်ပြုမယ်ဆိုရင် ဒီကျောင်းသားလဲ သဘောတူမှာ မဟုတ်ဘူး။ ပြည်သူလူထုလည်း သဘောတူမှာ မဟုတ်ဘူး။ ကောင်းတဲ့ပညာရေးစနစ်လည်း ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က ဆုံးဖြတ်ချက် မကျသေးတဲ့အချိန်မှာ ကျောင်းသားတွေ လိုလားတဲ့။ ပြည်သူလူထုတွေ လိုလားတဲ့ ပညာရေးစနစ်မျိုး။ ဒီမိုကရေစီနည်းကျတဲ့ ပညာရေးစနစ်မျိုး ရှိစေချင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးစနစ်က အဆင်မပြေဘူး။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့က တော်တော်လေး နောက်ကျနေပြီ။ ကမ္ဘာနဲ့ ရင်ဘောင်တန်းဖို့ကတော့ အဝေးကြီး။ ဆိုတော့ အဲဒီဟာကို တနိုင်ငံလုံးက လက်ခံထားတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆရာတို့လို ပညာရှင်တွေကလည်း လက်ခံသဘောပေါက်ထားတယ်။ အစိုးရနဲ့ လွှတ်တော်က ဒါကို အခြေခံအားဖြင့် လက်ခံသလား။ လက်ရှိ ပညာရေးစနစ်ဟာ အလုပ်မဖြစ်ဘူး။ ပြုပြင်ပြောင်းဖို့ လိုတယ်ဆိုတာကို။


ဒေါက်တာသိန်းလွင် ။ ။ လက်ရှိ ပညာရေးစနစ် အကျိုးမရှိဘူးဆိုတာ အားလုံးအသိပါတယ်။ ကလေးတွေရဲ့ ရလဒ်ကိုကြည့်ရင် သိတယ်။ ကျနော်တို့ ကလေးတွေ ဆယ်တန်းအောင်လာတယ်။ ဘွဲ့ရလာတယ်။ သူတို့ဘဝရပ်တည်ဖို့အတွက် ပညာရပ်တွေ ကောင်းကောင်းမပါလာဘူးဆိုတာကို အားလုံးသိပါတယ်။ အစိုးရအရာရှိကြီးတွေက သူတို့သားသမီးတွေကို ဗမာပြည်မှာ မထားဘဲနဲ့ နိုင်ငံခြားမှာ ထားကြတယ်။ ဒါက ပညာရေးစနစ်က အရည်အသွေးမရှိဘူးဆိုတာကို သူတို့ကိုယ်တိုင် သိပါတယ်။ ဒါပေမဲ့ ဘာလို့ မပြောင်းလဲလို့ စဉ်းစားတဲ့အခါကြတော့ တဖက်က ချုပ်ကိုင်တာကို မလျှော့ချင်ဘူး။ အခြေခံဥပဒေကလဲ တနိုင်ငံလုံးရဲ့ နိုင်ငံရေးစနစ်ကို အစိုးရက ချုပ်ကိုင်ထားတယ်။ အလားတူပဲ ပညာရေးစနစ်မှာ ချုပ်ကိုင်ချင်တယ်။ ချုပ်ကိုင်ထားချင်တဲ့အတွက် ပညာရေးစနစ်ကို မပြောင်းဘူးလို့မြင်တယ်။ တဖက်ကလဲ ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးတဲ့အခါ လွှတ်တော်နဲ့ ဆွေးနွေးတဲ့အခါမှာ ပညာရေးဝန်ကြီးဌာနက တော်တော်လေး ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဗဟိုချုပ်ကိုင်ထားတဲ့အတွက် ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ၊ ညွှန်ကြားရေးမှုးတွေ၊ ပါမောက္ခချုပ်တွေက သူတို့လက်ထဲမှာ အာဏာရှိတယ်။ အဲဒီ အာဏာနဲ့ ပညာရေးအသုံးစရိတ်ကို သူတို့ ချယ်လှယ်လို့ရတယ်။ ဆရာတွေ ရာထားတက်တာ၊ နယ်ပြောင်းရွှေ့တာ သူတို့လက်ထဲမှာရှိတယ်။ အဲဒီအတွက် ဒါကို သူတို့ လျှော့မပေးချင်ဘူး။ မပြောင်းလဲဘူးလို့မြင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မပြောင်းလဲချင်ဘူး။ လက်ရှိ စနစ်ကို သူတို့ ဆက်ပြီးချုပ်ကိုင်ထားချင်တယ်ဆိုတာတော့ သိသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားတဲ့သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချလိုက်တယ်ဆိုကတည်းက ဒီအချက်က ပေါ်လွှင်နေတယ်။ အဲဒီ ကျောင်းသားတွေ အဖမ်းခံထားရတဲ့အပေါ် ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။

ဒေါက်တာသိန်းလွင် ။ ။ အဖမ်းမထိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်တဲ့အခါကြတော့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေက တင်ပြတယ်။ ဆန္ဒပြတဲ့ကျောင်းသားတွေ၊ အားပေးကူညီတဲ့ ကျောင်းသားတွေကို ကူညီတဲ့သူတွေကို မဖမ်းဆီးဖို့ မေတ္တာရပ်ခံတဲ့အခါကြတော့ သဘောတူခဲ့တယ်။ အစိုးရဘက်ကလည်း သဘောတူခဲ့တယ်။ လွှတ်တော်ဘက်ကလည်း သဘောတူခဲ့တယ်။ အဲဒါကို လက်မှတ်ထိုးထားတယ်။ အဲဒါ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့။ ဆန္ဒပြတဲ့ကျောင်းသားတွေကို မဖမ်းပါဘူးလို့ အစိုးရဘက်က သဘောတူကတိပေးပြီးမှ အခုဖမ်းတဲ့အခါကြတော့ ကတိချိုးဖောက်ရာရောက်တယ်။ ဒါကြောင့် အစကတည်းက မဖမ်းထိုက်ဘူး။ ကျောင်းသားတွေကလည်း ပညာရေးစနစ် ပြင်ဖို့အတွက် တောင်းဆိုကြတာ။ သူတို့ ဆန္ဒပြတဲ့အခါ၊ ချီတက်လမ်းလျှောက်တဲ့အခါ ဘာမှ ဆူပူတာ၊ အကြမ်းဖက်တာ မရှိခဲ့ဘူး။ ကျောင်းသားတွေက သူတို့ ပြုပြင်ပြောင်းလဲချင်တယ်။ ပညာရေးစနစ်ကို တွေ့ဆုံပြောင်းလဲရေးနဲ့ ပြောင်းဖို့။ နောက်တချက်က ကျောင်းသားတွေက တွေ့ဆုံဆွေးနွေးပွဲကို တောင်းတယ်။ တွေ့ဆုံဆွေးနွေးပွဲက ကျောင်းသား ဆန္ဒပြတဲ့အပေါ် ပြည်သူလူထု ဝိုင်းရံတဲ့အား ကောင်းတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးပွဲကို ခွင့်ပြုခဲ့တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူလိုက်တဲ့အချက်တွေကို ပြန်ပြောင်းလိုက်တာ။ အဲဒါကတော့ အစိုးရအပေါ် ကျနော် ဝေဖန်ထောက်ပြချင်တယ်။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့ဆိုပြီး ဝိုင်းဝန်းအကြံပေးကြတယ်။ နိုင်ငံတကာကလည်း အကြံပေးတယ်။ ကျောင်းသားတွေကလည်း တွေ့ဆုံဆွေးနွေးနည်းနဲ့ တောင်းဆိုတယ်။ တွေ့ဆုံဆွေးနွေးပွဲဖြစ်တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူတယ်။ သဘောတူတဲ့အချက်ကို လွှတ်တော်ရောက်မှ ပြင်တယ်ဆိုရင် ဒီလို တွေ့ဆုံဆွေးနွေးပွဲကို ကျနော်တို့ ဘယ်လို ယုံကြည်ရမလဲ။ နောက်လာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေရှိတယ်။ တိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ။ ကျောင်းသားနဲ့ ဆွေးနွေးပွဲတောင် သဘောတူတဲ့အချက်ကို အစိုးရက ပြင်တယ်ဆိုရင် နောက်လာမယ့် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲတွေကို ဘယ်လို ယုံကြည်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်မယ့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဘယ်လို ယုံကြည်ရမလဲ။ ကျနော် မေတ္တာရပ်ခံချင်တာကတော့ အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲ Dialogue ကို အဓိပ္ပါယ် ရှိစေချင်တယ်။ Dialogue ဖြစ်ပြီဆိုရင် Dialogue ရဲ့ သဘောတူတဲ့အချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ အကောင်အထည် ဖော်စေချင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ သဘောတူခဲ့တယ်။ ပထမပိုင်းမှာ (၁၁) ချက်ကို သဘောတူခဲ့တယ်။ နောက်ရက်ကြတော့ မဟုတ်ပါဘူးဆိုပြီး တခါပြန်ပြီးတော့ ဖျက်ပစ်လိုက်တဲ့ သဘောပုံစံမျိုး သက်ရောက်ခဲ့တယ်ပေါ့။ ဆိုတော့ ဆရာအနေနဲ့ NNER မှာ NLD ကို ကိုယ်စားပြုပြီးတော့ အစပိုင်းမှာ ပါဝင်ခဲ့တယ်။ အခု ဘယ်လို ပုံစံနဲ့ ရပ်တည်နေလဲ။

ဒေါက်တာသိန်းလွင် ။ ။ စတင်ပါဝင်တဲ့အချိန်မှာ NNER ဖွဲ့တော့ ပညာရေးကွန်ရက်တွေပါတယ်။ NLD ပညာရေးကွန်ရက်တွေပါတယ်။ ကျောင်းသားသမဂ္ဂတွေ ဆရာသမဂ္ဂတွေ ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းတွေ ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းကဖွင့်တဲ့ ကျောင်းတွေပါတယ်။ အစပါတဲ့အချိန်မှာ ကျနော်က NLD မှာ တာဝန်ရှိတော့ NLD ရဲ့ ပညာရေးကို ကိုယ်စားပြုလိုက်တယ်။ အခု NLD မှာ တာဝန်မရှိပေမယ့် NNER ရဲ့ ဖွဲ့စည်းပုံက အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တဦးချင်းလိုက်ဖြစ်စေ ပါဝင်လို့ ရပါတယ်။ အခု ကျနော် ဆက်လက်ပါဝင်နေတာကတော့ တဦးချင်းအနေနဲ့ ပါဝင်တယ်။ ကျနော့် NNER လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျနော်ကို ရှိစေချင်တယ်။ နောက် NNER မှာ ကျနော် ဆရာအတတ်သင် လုပ်ထားတဲ့ဖောင်ဒေးရှင်း ရှိပါတယ်။ Thinking Classroom Foundation အနေနဲ့လည်းပါတယ်။ တသီးပုဂ္ဂလိကအနေနဲ့ ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဆရာ အမေရိကကို ရောက်နေတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ဆိုတော့ ကျနော်တို့ နားလည်ထားတာက အမေရိကမှာ ရောက်နေတဲ့ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားတွေ ပညာသင်ပြီးတော့ ပညာတတ်ကြတဲ့လူငယ်တွေ လူတွေကို မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု စနစ်မှာ လာပြီးတော့ ကူညီကြဖို့ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ ဆရာအနေနဲ့ အမေရိကန်တနိုင်ငံလုံးလိုက်ပြီးတော့ နယ်လှည့်ဟောပြောစည်းရုံးနေတယ်လို့ သိရပါတယ်။ ဆိုတော့ အဲဒီလိုမျိုး ဟောပြောတာ ဒီမှာရောက်နေတဲ့သူတွေက ဘယ်လောက်အထိများ ကူညီပေးနိုင်မယ်လို့ ဆရာထင်သလဲ။

ဒေါက်တာသိန်းလွင် ။ ။ အမေရိကလာတဲ့ ရည်ရွယ်ချက် နှစ်ခု ရှိပါတယ်။ တခုကတော့ အမေရိကမှာနေတဲ့ မြန်မာနိုင်ငံသားတွေ ကျောင်းသားတွေ ပညာရေးစနစ်ပြောင်းဖို့ တောင်းဆိုတဲ့အခါကြတော့ အမေရိကန်ရောက် မြန်မာတွေက အားပေးထောက်ခံကြတယ်။ ကူညီကြတယ်။ ပထမအချက်က သူတို့နဲ့ လာတွေ့ပြီးတော့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေ ရှင်းပြတယ်။ အခက်အခဲတွေကို ရှင်းပြတယ်။ ဘာတွေ ဆောင်ရွက်သင့်သလဲဆိုတာကို အကြံဉာဏ် ယူပါတယ်။ နောက်တချက်က ဒီနိုင်ငံမှာရောက်နေတဲ့ လူငယ်တွေ၊ ဒီနိုင်ငံရောက်နေတဲ့ ဗမာနိုင်ငံသားတွေရဲ့ သားသမီးတွေ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားတဲ့အခါကြတော့ ဒီနိုင်ငံရဲ့ ပညာရေးစနစ်ကို ကောင်းကောင်းရထားတယ်။ အဲဒီလူငယ်တွေကို သူတို့အားတဲ့အချိန် ဗမာပြည် ပြန်ပြီးတော့ လုပ်အားပေးဆောင်ရွက်ဖို့။ ဘုန်းတော်ကြီးသင်ကျောင်းတွေ ရှိတယ်။ ပညာဓနကျောင်းတွေ ရှိတယ်။ ဘုရားကျောင်းကဖွင့်တဲ့ ကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေက ကျောင်းသားတွေက အရည်အသွေးရှိတဲ့ ပညာရေး လိုချင်တယ်။ ဒီနိုင်ငံမှာနေတဲ့ ဗမာနိုင်ငံသားတွေက သူတို့ရထားတဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို ပြန်လည်မျှဝေဖို့။ ဒါက ဗမာနိုင်ငံက ကလေးတွေအတွင် အကျိုးရှိဖို့။ နောက်ရည်ရွယ်ချက်တခုက ဒီနိုင်ငံမှာ ရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ဗမာပြည်နဲ့ အဆက်မပြတ်ဘဲနဲ့ ဗမာပြည်ရဲ့ အခြေအနေကိုသိတယ်ဆိုတော့ နောင်တချိန်မှာ ဗမာပြည်ထူထောင်တဲ့အခါမှာ သူတို့ရဲ့ ပါဝင်မှုကိုရဖို့ အဲဒီအတွက် ကျနော် ဒီက လူငယ်တွေနဲ့ တွေ့ပြီးတော့ သူတို့ဆီက အကူအညီတောင်းနေတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ဆရာ ကျေးဇူးအများကြီး တင်ပါတယ်။

ဒေါက်တာသိန်းလွင် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG