သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်မှုမရှိတဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ


ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ (ဓါတ်ပုံ CNDP Facebook)
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ (ဓါတ်ပုံ CNDP Facebook)

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ နိုဝင်ဘာလကျင်းပမဲ့ ရွေးကောက်ပွဲတွေကျရင် NLD လို ပါတီကြီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီအနေနဲ့ ချင်းပြည်နယ်မှာ အနိုင်မရမှာ စိုးရိမ်မှု မရှိပါဘူးလို့ ပါတီအတွင်းရေးမှုှး ဆလိုင်းကျဲအို ဘိခ်ထောင်းက ပြောလိုက်ပါတယ်၊ သူဟာ ညီနောင်တိုင်းရင်းသားပါတီများ မဟာမိတ်အဖွဲ့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်လဲ ဖြစ်ပါတယ်၊ တိုင်းရင်းသား ဒေသတွေမှာ ဒီမိုကရေစီပါတီအချင်းချင်းကြား ထိပ်တိုက်မတေ့ွအောင် ကြိုတင်မညှိနှိုင်းနိုင်ဘူးဆိုရင် နှစ်ဘက်စလုံးမှာ ထိခိုက်နစ်နာမှုတွေ ရှိလိမ့်မယ်လို့ ဆလိုင်းကျဲအို ဘိခ်ထောင်က မြင်ပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပေါ် တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုအပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆလိုင်းကျဲအို ဘိခ်ထောင် ကို, ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကိုဆလိုင်းက လက်ရှိမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှုး၊ ပြီးတဲ့အခါ ညီနောင်တိုင်းရင်းသားပါတီ (၂၁) ပါတီပါတဲ့ မဟာမိတ်အဖွဲ့မှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်။ ပြီးတော့ ဖယ်ဒရယ်ဂျာနယ်ရဲ့ အမှုဆောင်အယ်ဒီတာဆိုတော့ ပြောရရင်တော့ တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ လူတယောက်ပေါ့။ အဲဒီတော့ ဒီတာဝန်တွေ၊ ဒီအလုပ်တွေ လုပ်လာတာ သက်တမ်းဘယ်လောက် ရှိပြီလဲ။ ဘယ်လောက် ကြာပြီလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ကျနော်က ၂၀၁၀ မှာတုန်းက ပါတီဖွဲ့ကတည်းက စတင်ပြီးတော့ လုပ်ဆောင်ခဲ့တာပေါ့။ ကျနော်တို့ပါတီမှာတော့ အတွင်းရေးမှုးပေါ့။ ဒီဖက် NBF မှာကြတော့ (၅) ပါတီနဲ့ NBF ကို စပြီးဖွဲ့စည်းခဲ့ကြတယ်။ အဲဒီကတည်းက ကျနော့်ပါတီက ဝင်ပါခဲ့တာပေါ့။ အခုကတော့ ပါတီ (၂၀) ကျော် ဖြစ်သွားပြီပေါ့။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ CNDP ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော်မှာဆိုရင် အမတ်နေရာ (၇) နေရာ၊ ပြည်ထောင်စုလွှတ်တော်မှာဆိုရင် အမတ်နေရာ (၅) နေရာ။ တခါ တိုင်းရင်းသားပါတီ၊ မဟာမိတ်ပါတီတွေအနေနဲ့ စုစုပေါင်း အမတ်နေရာ (၁၆၀) ဆိုတော့ မနည်းဘူးလို့ ပြောရမှာပေါ့။ ဆိုတော့ ချင်းပြည်နယ်မှာ CNDP ပါတီအပြင် တခြား ချင်းနိုင်ငံရေးပါတီ ဘယ်နှစ်ခုလောက် ရှိလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ချင်းပြည်နယ်မှာတော့ (၇) ပါတီ။

ကိုကျော်ကျော်သိန်း ။ ။ ဘာကြောင့် (၇) ပါတီတောင် ချင်းပြည်နယ်တခုတည်းမှာ ကွဲနေရတာလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ဒီဟာကတော့ အဓိကတော့ တချို့ပါတီတွေကြတော့လဲ ချင်းလူမျိုးထဲမှာရှိတဲ့ မျိုးနွယ်စုတွေ။ အဲဒီဟာကို ကိုယ်စားပြုတဲ့ ပါတီလေးတွေပေါ့။ ဒါကတော့ ရှိတယ်။ ဥပမာ ဇွမ်မီ … ။ ဒါကတော့ ကျနော့်အနေနဲ့ သိပ်ပြီးတော့ လက်ရှိအနေအထားမှာ လက်ခံရမယ်အနေအထားမျိုးလို့ ကျနော် ယူဆပါတယ်။ သိပ်ပြီးတော့ ဒါကို ကျနော့်အနေနဲ့ ကြီးကြီးမားမား စိန်ခေါ်မှု၊ ပြဿနာလို့ မမြင်သေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ ညီနောင်တိုင်းရင်းသား NBF ထဲမှာ (၂၁) ပါတီထဲမှာ တခြားချင်းပါတီတွေ ပါသေးလား။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ တချို့တွေပါပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ (၂၁) ပါတီထဲမှာ NBF ထဲမှာ ချင်းပြည်နယ် စုစုပေါင်း ဘယ်နှစ်ပါတီပါလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ (၃) ပါတီ။

ကိုကျော်ကျော်သိန်း ။ ။ CNDP အပါအဝင် (၃) ပါတီ။ အဲဒီတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားဒေသတွေက လူထုတွေနဲ့ ထိတွေ့နိုင်ဖို့ အခြေအနေ။ တိုင်းရင်းသား ဒေသတွေက လူထုတွေနဲ့ ထိတွေ့နိုင်တဲ့ အခြေအနေ။ တိုင်းရင်းသားဒေသတွေက လူထုတွေက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ကိုယ့်လူမျိုးတူတဲ့ပါတီပေါ့။ အဲဒီအပေါ်ကို ထောက်ခံမှု ဘယ်လောက်ရှိသလဲ။ ဥပမာ နှိုင်းယှဉ်ချင်တယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို့ ပါတီမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိုဆလိုင်းတို့ ပါတီအပေါ် ထောက်ခံမှုကို ဘယ်လို ပြောလို့ရမလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ဒီဟာကလဲ ကျနော် ယူဆထားတာကတော့ ကျနော်တို့က တိုင်းရင်းသားပါတီတွေ ဖြစ်နေတယ်။ တကယ့်ကို တိုင်းရင်းသားကို၊ ဒေသကို အခြေခံတဲ့ ပါတီတွေ ဖြစ်တဲ့အခါကြတော့ ကိုယ့်ဒေသအကြောင်းကိုတော့ ကိုယ်သိတယ်။ ကိုယ့်အနာကို ကိုယ်သိတယ်လို့ပဲ ခံယူထားတာပေါ့။ ရုံးချုပ်ကို ပြည်ပမှာထားပြီးတော့ ပြည်မကနေ တိုင်းရင်းသားဒေသကို တကယ့်ပကတိအခြေအနေကို သိရှိဖို့ ခက်ခဲပါလိမ့်မယ်လို့ ကျနော် ယူဆတယ်။ ဥပမာ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် NLD မှာကော၊ USDP မှာကော သူတို့ရဲ့ CEC ထဲမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီထဲမှာ တိုင်းရင်းသားတွေ ပါသလားပေါ့။ အဲဒီလိုဟာမျိုးတွေက ကျနော်ဆိုလိုချင်တာက အဲဒီအဆင့်မှာ တိုင်းရင်းသားမပါဘဲနဲ့ သူတို့ရဲ့ ပေါ်လစီထဲမှာ၊ သူတို့ရဲ့ ဗဟိုကော်မတီ ကိုင်စွဲထားတဲ့ ပေါ်လစီထဲမှာ တိုင်းရင်းသား issues တွေ ဘယ်လောက်အထိ ပါနိုင်မလဲ။ တိုင်းရင်းသားအကြောင်းတွေ ဘယ်လောက်အထိ သိရှိနိုင်မလဲ။ ကျနော်ကတော့ အဲဒီလို ယူဆတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒီနေရာမှာ ကျနော် စဉ်းစားမိတာက ဒါကတော့ ပါတီမှာ ခေါင်းဆောင်ပိုင်းပေါ့။ ပါတီမှာ တာဝန်ယူထားတဲ့အပိုင်းမှာ ဒီဒေသအကြောင်းသိတဲ့၊ တိုင်းရင်းသားလူမျိုးစုအကြောင်း သိတဲ့လူ ဘယ်လောက်ပါလဲဆိုတာက ကိစ္စရပ်တခု။ နောက်တခုက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ NLD အနေနဲ့က ဒီဒေသမှာရှိတဲ့ ဒီဒေသမှာပဲ ကြိုက်တဲ့လူ ရှိတဲ့လူကိုပဲ သူတို့ ကိုယ်စားလောင်းအဖြစ် ရွေးပြီးတော့ ပါတီကိုယ်စားပြု ဝင်ခိုင်းလို့၊ ဝင်ဖို့အတွက် စီစဉ်နိုင်တယ် မဟုတ်ဘူးလား။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ဒါကတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ပိုင်းရှိတာပေါ့။ လူပုဂ္ဂိုလ်နဲ့ ပေါ်လစီ။ အဲဒီ လူပုဂ္ဂိုလ်ကတော့ ဒီလိုပဲ ဒီလူတွေပဲ သုံးတာပဲ။ ဒါပေမဲ့ အဲဒီလူက ပါတီတခုလုံးရဲ့ macro policy အဲဒီဟာအထိကို အဲဒီလူတွေက လေ့လာနိုင်တဲ့ အနေအထားရှိလား။ ပြောမယ်ဆိုရင် တော်တော်များများ သိပါတယ်။ ကျနော်တို့ နယ်တွေမှာရှိတဲ့ NLD ဆိုပါစို့။ NLD က ပြည်နယ်ခေါင်းဆောင်တွေက NLD ချင်းပြည်နယ်။ NLD ပြည်နယ်ပေါ့။ အဲဒီ တိုင်းရင်းသားဒေသက သူတို့ ကော်မတီခေါင်းဆောင်တွေက သူတို့ဌာနချုပ်ရဲ့ခေါင်းဆောင်တွေအထိကို ဘယ်လောက်အထိ ဆက်သွယ်နိုင်တဲ့ အနေအထားရှိလဲ။ Channel ဘယ်လောက်ရှိလဲ။ တချို့တွေ ကျနော် ကြားမိသလောက် တွေ့ဆုံခွင့်တောင် မရရှိခဲ့တဲ့လူတွေ အများကြီး။ အဲဒီလို Gap ရှိမှာပေါ့။ လူပုဂ္ဂိုလ်နဲ့ ပေါ်လစီ ရှိတာပေါ့။ အဲဒီ လူပုဂ္ဂိုလ်က တိုင်းရင်းသားတွေ သူသုံးတာပဲ။ ဒါပေမဲ့ အဲဒီလူတွေကနေ ဘယ်လောက်အထိ ယန္တရားတခု ချနိုင်မလဲ။ ဘယ်လောက်အထိ ရှိနိုင်မလဲ။ ကျနော်တို့က သံသယ ရှိတာပေါ့။

ကိုကျော်ကျော်သိန်း ။ ။ CNDP လို ပါတီမျိုး တခြားတိုင်းရင်းသားပါတီတွေ။ ကိုဆလိုင်းကို CNDP ပါတီတခုတည်းအနေနဲ့ မဟုတ်ဘဲနဲ့ NBF ရဲ့ အခြေအနေ၊ တခြားတိုင်းရင်းသားပါတီတွေရဲ့ အခြေအနေကို ခြုံပြီးတော့ မေးတာပါ။ ဆိုတော့ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ လူတွေကသာလျှင် ဥပမာ လွှတ်တော်ကိုယ်စားလှယ် - တာဝန်ရှိသူကြီးကြီး။ ဒီလူတွေကသာလျှင် ဒီဒေသအကျိုး၊ ဒီတိုင်းရင်းသားအကျိုးကို တကယ်တမ်း လုပ်ပေးနိုင်မယ်လို့ ကိုဆလိုင်းတို့ တကယ်ပဲယုံသလား။ တကယ်ကော လုပ်ပေးနိုင်ကြမလား။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ကျနော်တို့က ဒီလို ဥပမာဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားဒေသ အဓိက ခံစားနေရတာတော့ မြင်ရတဲ့ဟာကို ခြုံပြီးပြောမယ်ဆိုရင် ကိုယ့် identity ကို ကိုယ့်ရဲ့လူမျိုး အင်္ဂါရပ်ကို ထိန်းချင်တယ်။ အဓိကတော့ အဲဒါ ပထမလို့ ယူဆထားပါတယ်။ အုပ်ချုပ်ရေးတို့ ဘာတို့ဆိုတာကတော့ တကယ်တမ်းတော့ ဒုတိယအဆင့်ပေါ့။ ဆိုလိုချင်တာက ကျနော်တို့ စိုးရိမ်နေရတဲ့ identity ကိစ္စ။ လူမျိုးမပျောက်ကွယ်ရေးကိစ္စ ဆိုတဲ့ဟာက အဲဒီအကာအကွယ်က ဘယ်ကလာမလဲဆိုရင် ဖယ်ဒရယ်။ ဒီအကာအကွယ်ကို တိုင်းရင်းသားအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ ဖယ်ဒရယ်အရေးဆိုတဲ့ဟာက ပါးစပ်နဲ့တော့ ပြောကြတာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဒီနေ့အထိ ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ကျနေုာ်တို့ တိုင်းရင်းသားအစုတွေကလွှဲရင် ကျန်တဲ့ပါတီတွေရဲ့ ရေးဆွဲထားတဲ့ မူဝါဒ၊ ပြောကြားထားတဲ့ဟာတွေက ကျနော်တို့ရဲ့ တကယ့်ကို ယုံကြည်အားထားလောက်တဲ့ အနေအထားမျိုးလို့ မမြင်သေးဘူး။ သမိုင်းကို ကြည့်မယ်ဆိုရင်လဲ ကျနော်တို့ ပြောကြတာပါပဲ ဖဆပလ လက်ထက်ကတည်းကနေ ပါးစပ်နဲ့ ပြောတာပါပဲ။ လက်တွေ့မှာ အကောင်အထည် မဖော်ဘူးလေ။

ကိုကျော်ကျော်သိန်း ။ ။ နောက်တခုက CNDP လို ပါတီမျိုး။ ချင်းပြည်နယ်မှာ ကိုယ်စားပြုတယ်။ ချင်းပြည်နယ်မှာ အခြေစိုက်တယ်။ ချင်းပြည်နယ်က ကျနော်တို့ မြန်မာတနိုင်ငံလုံးအနေနဲ့ ပြောမယ်ဆိုရင် ဆင်းရဲနွှမ်းပါးတဲ့ ပြည်နယ်ထဲမှာပါတယ်။ ကျနော်တို့ ဘာမှ ရှက်စရာလဲ မလိုလို့၊ ဖုံးထားစရာလဲ မလိုဘူး။ ခေတ်အဆက်ဆက်က ဖြစ်လာခဲ့တဲ့ကိစ္စ။ ဆိုတော့ ချင်းလူထု ကိုယ်တိုင်ကရော နိုင်ငံရေးပေါ်မှာ စိတ်ဝင်စားမှု။ သူတို့ရဲ့ ပါဝင်မှု အဲဒီအပေါ်မှာ ကိုဆလိုင်းတို့ ဘယ်လို သဘောရလဲ။ အားရရဲ့လား။ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ ပါဝင်မှုက အားရစရာ အနေအထားရှိလား။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ကျနော်တို့ ဒီဘက်ခေတ်နောက်ပိုင်းကို ကြည့်မယ်ဆိုရင် အများကြီးကို သင်ခန်းစာ ရသွားပြီပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့က ပင်လုံကတိ လက်မှတ်ထိုးထားတယ်။ အဲဒီနောက်ပိုင်းက လာတဲ့ဟာက ကတိမတည်တဲ့အပိုင်းတွေ အများကြီး ကြုံတွေ့လာရတယ်။ နောက် ၉၀ ရွေးကောက်ပွဲမှာလည်း ဒီဘက်ခေတ်နောက်ပိုင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ Peace process ငြိမ်းချမ်းရေးကိစ္စ ပေါ်လာတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူတွေက ဒီဟာကို သူများကို အားကိုးနေလို့လဲ မဖြစ်ဘူး။ ကိုယ့်ဟာကိုယ် အနေအထားတခုခုကို အရင်တည်ဆောက်မှပဲ ဖြစ်မယ်ဆိုတဲ့ဟာကတော့ တဖြည်းဖြည်းနဲ့ aware ဖြစ်လာတယ်လို့ ကျနော်တော့ ယူဆတယ်။ ဥပမာ ပြောမယ်ဆိုလို့ရှိရင် ၉၀ ရွေးကောက်ပွဲတုန်းကလဲ တကယ်တမ်းက ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ (၁၃) နေရာရှိတယ်။ အဲဒီမှာ အများဆုံးက ချင်းပါတီတွေပဲ အနိုင်ရတာပဲ။ NLD က (၅) နေရာရတယ်။ တစည က (၁) နေရာရတယ်။

ကိုကျော်ကျော်သိန်း ။ ။ ချင်းပါတီ အများစု အနိုင်ရတာ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ NLD က (၄) နေရာ။ သူတို့က စုစုပေါင်း (၅) နေရာ ရတယ်။

ကိုကျော်ကျော်သိန်း ။ ။ အဲဒါ ၉၀ တုန်းကပေါ့။ ၂၀၁၀ ကျတော့ကော။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ အများစုက ကျနော်တို့ တိုင်းရင်းသားပါတီတွေနဲ့ local တွေပဲ ရတာပဲ။ ဆိုလိုချင်တာကတော့ Even ၉၀ ရွေးကောက်ပွဲမှာတောင် ပြည်မပါတီတွေက ချင်းပြည်နယ်မှာ အနိုင်မရပါဘူး။ ဒါကို ..

ကိုကျော်ကျော်သိန်း ။ ။ ကျနော် အဲဒီမှာ တဆက်တည်း မေးတဲ့ကိစ္စက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတာ။ တတိုင်းပြည်လုံးမှာ အနိုင်ရအောင် NLD ပါတီအနေနဲ့ လုပ်သွားမယ်။ တဖက်ကလဲ NLD ပါတီ ကိုယ်တိုင်က ပြည်ထောင်စုပါတီ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုပါတီ ဖြစ်တယ်။ ဒီ ဝေါဟာရကတော့ နဂိုကလဲ ကြားခဲ့ဖူးပါတယ်။ ပါတီကြီးတွေက ပြည်ထောင်စုပါတီ ဖြစ်တယ်လို့ ပြောခဲ့ကြတာ။ ဆိုတော့ NLD လို၊ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်တဦးက ဦးဆောင်တဲ့ NLD ပါတီက ကိုယ်စားလှယ်တွေနဲ့ ကိုဆလိုင်းတို့ ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ဖို့ရာက ကိုဆလိုင်းတို့ တကယ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိရဲ့လား။ အခုန ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားအရရော။ ကိုဆလိုင်းတို့ တိုင်းရင်းသားပါတီတွေအနေနဲ့ ဒီစကားအပေါ် ဘယ်လို နားလည်သလဲ။ ဒါကို စိုးရိမ်စရာကိစ္စလို့ မြင်သလား။ ဒါမှမဟုတ် အေးဆေးပါလို့ ထားလား။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ပထမအချက်အနေနဲ့ ဒါကို ဖြစ်နိုင်ရင်တော့ မလိုအပ်ဘဲနဲ့ ဒီမိုကရေစီ အင်အားစုတွေ ထိတွေ့ပတ်သက်မှုတွေက သိပ်ပြီးတော့ မဖြစ်သင့်ဘူး။ တကယ်တမ်းကတော့ ဒါ ညှိနှိုင်းလို့ရတဲ့ အပိုင်းပဲ။ ပြည်မပါတီ NLD ကနေ သဘောက ပြည်မကို ကိုယ်စားပြုနေဖို့ ။ ကျနော်တို့ တိုင်းရင်းသားဒေသက အများကြီး မဟုတ်ပါဘူး။ ၃၀ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ ယူလိုက်မယ်။ သူတို့က ၂၅ ရာခိုင်နှုန်းကို ထားခဲ့မယ်ဆိုရင်တော့ သူတို့က ၆၀ ရာခိုင်နှုန်းလောက် ပြည်မမှာ လုပ်လို့ရတာပဲ။ အဲဒီ ၆၀ ရာခိုင်နှုန်း ပြည်မနဲ့ ၃၀ ရာခိုင်နှုန်း တိုင်းရင်းသားပါတီတွေ ပေါင်းလို့ရှိရင် ပြီးသွားပြီပဲ။ တကယ်တမ်းတော့။ အဲဒီလို မဟုတ်ဘဲနဲ့ သူနိုင်ကိုယ်နိုင် လုပ်မယ်ဆိုရင်တော့ နှစ်ဘက်စလုံးက အခက်အခဲတော့ ရှိမှာပဲ။ ဒါပေမဲ့ တဘက်ကလဲ အဲဒီလို ပြောချင်းအားဖြင့် ကျနော်တို့က ကြောက်နေမလား။ တကယ်တမ်းတော့ အခုန ကျနော် ပြောပြီးပြီ ၉၀ ရွေးကောက်ပွဲတုန်းကလဲ အဲဒီတုန်းကလဲ NLD ပဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီပဲ။ ဒါပေမဲ့ ချင်းပြည်နယ်မှာ Majority မရခဲ့ဘူး။ ခင်များတို့အနေနဲ့တော့ မြင်ပါတယ်။ ဒါကို သူတို့အနေနဲ့ သူတို့က မမြင်ပါဘူး။ တကယ်တမ်း သူတို့က ဒါကို ရန်သူလို့လဲ မမြင်ပါဘူး။ တကယ်တမ်း ပြိုင်ဘက်လို့လဲ မမြင်ပါဘူး။ ကျနော်တို့က အခြေခံအားဖြင့် ယူဆတာက ကျနော်တို့က ဒီအချိန်မှာ တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်အရေးက ဒီဖြစ်စဉ်မှာ ထည့်တွက်လို့ မရဘူး။ ပြောမယ်ဆိုရင် တိုင်းရင်းသားတွေက ဖယ်ဒရယ် နဲ့ ဒီမိုကရေစီ နှစ်ခုကို ကျနော်တို့က တိုက်ပွဲဝင်နေတယ်။ ပြည်မမှာကျတော့ ဒီမိုကရေစီအရေးကိုပဲ တိုက်ပွဲဝင်နေတဲ့အခါကြတော့ ကျနော်တို့က ဝန်ထုပ်ဝန်ပိုး နှစ်ခု ထမ်းနေရတယ်လို့ ခံစားရတယ်။ အဲဒီအခါကြတော့ ကျနော်တို့က ဒီမိုကရေစီ ပထမ၊ ဒီမိုကရေစီ ဒုတိယ၊ ဒီမိုကရေစီ တတိယ ဆိုပြီးတော့ ဒီမိုကရေစီကို အရင်လုပ်မယ်။ ပြီးမှ ဖယ်ဒရယ် လုပ်မယ်ဆိုတဲ့ဟာက အောင်ဆန်းခေတ်က လုံးဝ လွတ်လပ်ရေး ပထမ၊ လွတ်လပ်ရေး ဒုတိယ၊ လွတ်လပ်ရေး အရင်ရပြီးမှ ရခိုင်ကို ပြည်နယ်ပေးမယ်။ လွတ်လပ်ရေးရမှ ကျနော်တို့ တိုင်းရင်းသားတွေကို ပြည်နယ်ပေးမယ်။ ဖယ်ဒရယ်ပေးမယ် ဆိုတဲ့ဟာက တကယ်တမ်းက လွတ်လပ်ရေးလည်း ရကော ကျနော်တို့ ပြည်နယ်မရဘူး။ ဖယ်ဒရယ် မရဘူး။ ဆိုတဲ့အခါကြတော့ ကျနော်တို့က ဒီဟာပြီးမှ ဒီဟာလုပ်မယ်ဆိုတဲ့ဟာကို လက်မခံဘူး။

ကိုကျော်ကျော်သိန်း ။ ။ တပြိုင်နက်ထဲ သွားရမယ်ပေါ့။ အခုန ပြောခဲ့တဲ့ အခြေအနေရ ကိုဆလိုင်းတို့ စိုးရိမ်စိတ် ရှိသလား။ စိုးရိမ်စိတ် မရှိဘူးလား။ ကိုယ့်ပြည်နယ် ကိုယ့်နေရာမှာတော့။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ကျနော်တို့က စိုးရိမ်စိတ် မရှိဘူး။ ကျနော်တို့ စိုးရိမ်တာက မလိုအပ်ဘဲနဲ့ နှစ်ဘက် နစ်နာတဲ့အပိုင်းတွေ အချို့တော့ ရှိမှာပဲ။ သေချာပေါက်ပဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ ရှုံးမယ်လို့တော့ အရှုံးဘက်က ရပ်တည်မယ်ဆိုတာကို လုံးဝမယူဆဘူး။ ရွေးကောက်ပွဲသမိုင်း ကျနော်တို့မှာ ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲသမိုင်း ရှိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၅ အလွန် အနာဂတ် မြန်မာနိုင်ငံအရေးကို ကိုဆလိုင်း ဘယ်လောက် အကောင်းမြင်ထားလဲ။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ ကျနော်ကတော့ အကောင်းမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက သေချာတာကတော့ ရွေးကောက်ပွဲကတော့ Free and Fair တော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့

ကိုကျော်ကျော်သိန်း ။ ။ ရွေးကောက်ပွဲက Free and Fair ဖြစ်လိမ့်မယ်လို့ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကိုဆလိုင်းက မယူဆဘူးပေါ့။

ဆလိုင်းကျဲအို ဘိခ်ထောင် ။ ။ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အတိုင်းအတာတခုထိတော့ ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်။ အဲဒီအချိန်မှာ ကျနော်တို့ ယူဆထားတာကတော့ ဒီအခြေအနေအရဆိုရင် ကျနော်တို့က တပါတီတည်းထဲနဲ့ အစိုးရ ဖွဲ့လို့ရတဲ့ အနေအထားမျိုး မဖြစ်နိုင်တော့ဘူးလို့ ယူဆတယ်။ အဲဒီဟာကလဲ ပြောမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားဘက်က ပြဿနာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကျနော့်ကိုယ်တောင်မှ ပိုပြီးတော့ လေးစားရမလားလို့ ခံယူထားတယ်။ အဲဒီအချိန်မှာ ကျနော်တို့က အများ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်မလားဆိုတာတောင်မှ ယူဆထားတယ်။

ကိုကျော်ကျော်သိန်း ။ ။ အများကြီး ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG