သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများအတွက် ဖွံ့ဖြိုးရေးမဏ္ဍိုင်


အမှုဆောင်ညွှန်ကြားရေးမှုး ဒေါ်Pansy ထွန်းသိန်း (Local Resource Center)
အမှုဆောင်ညွှန်ကြားရေးမှုး ဒေါ်Pansy ထွန်းသိန်း (Local Resource Center)

LRC လို့ အများသိတဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ကနေ ပြည်တွင်းအရပ်ဖက် ဒေသခံ NGO အဖွဲ့အစည်းတွေ စနစ်တကျ ရပ်တည်နိုင်ဖို့ ကူညီပေးနေပါတယ်လို့ LRC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး ဒေါ် Pansy ထွန်းသိန်းက ပြောပါတယ်၊ ဒီအဖွဲ့ဟာ ဒေသခံ NGO အဖွဲ့တွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အဓိက ဖြန့်ဖြူးပေးနေပြီး၊ လိုအပ်တဲ့ သင်တန်းတွေကိုလဲ ပေးနေပါတယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ သူက ပြောခဲ့တာပါ၊ ဒေါ် Pansy ထွန်းသိန်းဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးမူကြမ်း ရေးဆွဲနေသူတွေထဲမှာလည်း ပါပါတယ်၊ ဒါကြောင့် ဒီမူကြမ်းကနေ ဥပဒေဖြစ်လာတဲ့အခါ တကယ်ပဲ အမျိုးသမီးတွေ လုံခြုံအောင် ကာကွယ်ပေးနိုင်မှာလားဆိုတာနဲ့ LRC အဖွဲ့ဆောင်ရွက်နေတဲ့ ကိစ္စတွေကို VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ဒေါ်ပန်စီထွန်းသိန်းကို သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်၊ ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ တင်ဆက်ပေးပါမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ Local Resource Center (LRC) လို့ ခေါ်တဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ကို လာပြီးတော့ မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ပထမဦးဆုံး သိချင်တာက Local Resource Center အနေနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ၊ Local NGO အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ။ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တချို့တွေက ရယူချင်လို့ရှိရင် Local Resource Center ကို မေးရတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားရှင့်။

ဒေါ်ပန်စီထွန်းသိန်း ။ ။ တကယ်တော့ ကျမတို့ရဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့က အရပ်ဖက်အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းတွေအတွက်ပဲ တကယ်တော့ ဦးတည်ပြီးတော့ ဖွင့်ထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ ဝန်ဆောင်မှုပေးတယ်ဆိုတာတွေက Local NGO လို့ခေါ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုပဲ ပေးတာပါ။ အဓိက ပြောချင်တာက ဖွံ့ဖြိုးရေးမဏ္ဍိုင်ကတော့ Local NGO လို့ ခေါ်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုပဲ ဦးတည်ပြီးတော့ ကျမတို့ ဝန်ဆောင်မှုတွေ ပေးတာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဘယ်လို ဝန်ဆောင်မှုတွေများပါလဲ။

ဒေါ်ပန်စီထွန်းသိန်း ။ ။ အဓိက ကျမတို့ ပေးတာကတော့ သတင်းအချက်အလက်တွေပေါ့။ အရပ်ဖက် လူ့အဖွဲ့အစည်းလို့ခေါ်တဲ့ CSO တွေရဲ့ သိသင့်တဲ့ သတင်းအချက်အလက်တွေကို ပေးတယ်။ ကျမတို့ အဲဒါကို ဘယ်လိုပေးသလဲဆိုတော့ ကျမတို့ Local Resource Center (LRC) လို့ လူသိများပါတယ်။ အဲဒီတော့ ကျမ LRC လို့ပဲ ပြောပါရစေ။ ကျမတို့ ဒီအဖွဲ့တွေက ရှိတဲ့အဖွဲ့တွေက ရန်ကုန်မှာ ရှိတယ်။ မော်လမြိုင်မှာ ရှိတယ်။ လားရှိုး၊ မန္တလေးတွေမှာ ရုံးခွဲတွေ ရှိတယ်။ အဲဒီတော့ ကျမတို့ရုံးတွေမှာ ဘာတွေ ရှိသလဲဆိုရင် အဓိက အချက်အလက်တွေပေးဖို့ Library တွေ ပေးတယ်။ စာကြည်တိုက်ကို ဖွင့်ပေးတယ်။ ပြီးတဲ့အခါမှာ ကျမတို့ Internet ရဖို့အတွက် ဝန်ဆောင်ခ မယူဘဲနဲ့ အင်တာနက်၊ ကွန်ပြူတာတွေ ပေးထားတယ်။ အဲဒီမှာ ကျမတို့ရဲ့ လူ့အရပ်ဖက် အဖွဲ့အစည်းတွေကလာပြီး သုံးခွင့်ရှိတယ်။ ပြီးတဲ့အခါမှာ သူတို့အဖွဲ့သေးသေးလေးတွေဆိုရင် ရုံးခန်းမရှိတဲ့အတွက် ကျမတို့က သူတို့ကို ရုံးခန်းအနေနဲ့ လိုအပ်မယ့် ဝန်ဆောင်မှုတွေ ပေးပါတယ်။ အဲဒါတွေကလည်း အကုန်လုံး ဝန်ဆောင်ခတွေ ဘာမှ မယူပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ မမတို့ ဒီလို လုပ်ပေးနိုင်အောင်လို့ ဒီအဖွဲ့အစည်းအနေနဲ့ ရပ်တည်နိုင်အောင် ရန်ပုံငွေဘာတွေက ကိုယ်ထူကိုယ်ထပဲလား။ တခြားအဖွဲ့အစည်းတွေက ပံ့ပိုးတာ ရှိပါလား။

ဒေါ်ပန်စီထွန်းသိန်း ။ ။ လောလောဆယ်တော့ ကျမတို့မှာ ကိုယ်ထူကိုယ်ထအနေနဲ့တော့ ရန်ပုံငွေ အနည်းအကျဉ်း ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျမတို့ အစည်းအဝေးခန်းတွေကို ငှားတယ်။ ကျမတို့ အစည်းအဝေးခန်းကို တတ်နိုင်တဲ့လူတွေဆီက ယူတာပေါ့။ မတတ်နိုင်တဲ့ အဖွဲ့အစည်း သေးသေးလေးတွေကိုတော့ အလကား ပေးပါတယ်။ အဲဒါနဲ့ ရန်ပုံငွေလေးတွေ ရတာရှိပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျမတို့ အခု Big Funding ပိုက်ဆံပေးနေတဲ့ အဖွဲ့တွေ ရှိပါတယ်။ အဲဒါတွေက USAID ရှိတယ်။ European Union ကလည်း ကျမတို့က ပေးတာလည်း ရှိပါတယ်။ နောက် British Council အဲဒီ အဖွဲ့အစည်းတွေက ကျနော်တို့ကို ပံ့ပိုးပေးထားတာ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေရဲ့ ငွေတွေနဲ့ ကျမတို့ လှည့်ပတ်နေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျမတို့ ဖွံ့ဖြိုးရေးမဏ္ဍိုင်ကတော့ ရှေ့ဆက်သွားဖို့ဆိုရင် ကိုယ့်ဟာကိုယ် ကိုယ်ထူကိုယ်ထ ဖြစ်အောင်လို့ ကြိုးစားနေပါတယ်။ အဲဒီတော့ ကျမတို့ နောက်ထပ် Business ပိုင်းတွေလုပ်ဖို့ ရှိပါတယ်။ အဲဒီတော့ နောက်ထပ် (၁) နှစ် (၂) နှစ်လောက်ဆိုရင်တော့ အဲဒါတွေ အကောင်အထည်ဖော်လို့ ရမယ်လို့ ထင်ပါတယ်။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ ကျမတို့က ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့အခါမှာ အဖွဲ့အစည်းတွေ၊ တခြားလူတွေရဲ့ ပံ့ပိုးမှုတွေကို သိပ်ပြီးတော့ ကျမတို့ အားကိုးစရာ မလိုအောင် ကျမတို့ ဆက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလို သတင်းအချက်အလက်တွေ ပံ့ပိုးနိုင်အောင် သတင်းအချက်အလက်တွေကို ဘယ်လို စုဆောင်းပါလဲ။ ဥပမာ Data တို့ဘာတို့ပေ့ါ။ Local NGO က တခုခု လုပ်ချင်တယ် ဆိုလို့ရှိရင် သူတို့အနေနဲ့ လိုချင်တဲ့ သတင်းအချက်အလက်ကို မေးမယ်။ အဲဒါဆိုရင် မမတို့က အဲဒီ သတင်းအချက်အလက်တွေကို ဘယ်ကများ စုဆောင်းပါလဲရှင့်။

ဒေါ်ပန်စီထွန်းသိန်း ။ ။ ကျမတို့က အခုနပြောတဲ့ ကွန်ရက်တွေ အများကြီးရှိတယ်။ ကျမတို့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေ ရှိတယ်။ အဲဒီ ကွန်ရက်တွေကနေ ကျမတို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရမယ်။ နောက်တခါ ကျမတို့ အမြဲပဲ နှစ်ရက်တခါ NGO တွေ ဆုံဆည်းကြတယ်။ ဆုံဆည်းပြီးတော့ ဖလှယ်တဲ့ အစီအစဉ်တွေ၊ အစည်းအဝေးတွေ လုပ်ပါတယ်။ အဲဒီကလဲ သတင်းအချက်တွေ ရတာပေါ့။ ဒီလိုပဲ ကွန်ရက်တွေကတဆင့်၊ အစည်းအဝေးတွေကတဆင့် နောက်တခါ ကျမတို့ Website ရှိတယ်။ Facebook ရှိတယ်။ အဲဒီကနေတဆင့် အင်တာနက်ကတဆင့် ယူတဲ့ သတင်းတွေလည်းရှိတယ်။ ကျမတို့ လူ့အဖွဲ့အစည်းတွေရဲ့ လိုအပ်မယ်ထင်တဲ့ သူတို့နဲ့ သက်ဆိုင်မယ်ထင်တဲ့ သတင်းအချက်အလက်တွေကို ကျမတို့က ပြန်ပြီးဖြန့်နေတာပေါ့။ Facebook ကနေတဆင့်၊ Website ကနေတဆင့် ဖြန့်နေတာတွေ ရှိတယ်။ နောက်တခုက ကျမတို့ LRC မှာပဲ စနေနေ့ဆိုရင် များသောအားဖြင့် လူ့အရပ်ဖက် အဖွဲ့အစည်းတွေ CSO တွေက စုံစည်းပြီးတော့ သူတို့မှာ တခုခု ဖလှယ်စရာရှိတယ်ဆိုရင် နေရာပေးပါတယ်။ အဲဒီနေရာမှာ သူတို့လာပြီးတော့ အကုန်လုံး ဆွေးနွေးရင်နဲ့ သတင်းအချက်အလက်တွေ ရတာတွေလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမအနေနဲ့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ အမျိုးသမီး အခွင့်အရေးတွေကို လှုပ်ရှားဆောင်ရွက်နေတယ်ဆိုတာကို သိရပါတယ်။ အခုနောက်ဆုံး ပြုစုနေတဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းရဲ့ အခြေအနေ ဘယ်လို ရှိပါလဲရှင့်။

ဒေါ်ပန်စီထွန်းသိန်း ။ ။ အဲဒီ ဥပဒေကြမ်းကတော့ ကျမတို့ရဲ့ Drafting Committee လို့ခေါ်တဲ့ အဖွဲ့လေးတခု ဖွဲ့ထားတယ်။ အဲဒီမှာ အကုန်လုံး ဝိုင်းပြီးတော့ ပညာရှင်တွေ အကုန်ရေးကြတာပေါ့။ ဒါရေးတာကတော့ အကြမ်းဖျဉ်းတော့ တော်တော်လေး ပြီးသွားပါပြီ။ အဲဒီ အကြမ်းဖျဉ်းကို လောလောဆယ်တော့ Lawyer တယောက်နဲ့ အပ်ထားပါတယ်။ ဒါကတော့ ကျမတို့ Department of Social Welfare ကတဆင့် စီစဉ်ပေးတယ်။ ဥပဒေပညာရှင်တဦးကနေ ကျမတို့ကို ဒါကို ဥပဒေနဲ့ကိုက်ညီအောင်လို့ အသုံးအနှုန်းတွေကို ဥပဒေစကားတွေနဲ့ ပြန်ပြီးတော့ ရေးသားပေးနေတယ်။ အဲဒါ ရေးသားပြီးရင် နောက်တခါ ပြန်ပြီးတော့ သုံးသပ်ပြီးတော့ Review လုပ်မယ်။ ပြီးတဲ့အခါ ကျမတို့လည်း ဆက်ပြီးတော့ တင်ဖို့အစီအစဉ် ရှိပါတယ်။ မကြာခင်တော့ တင်ဖြစ်မယ်လို့ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလို ဥပဒေကြမ်း ရေးဆွဲတဲ့နေရာမှာ အမျိုးသမီးရေးရာအဖွဲ့တို့။ အမျိုးသမီးစွမ်းဆောင်ရှင်များ အဖွဲ့တို့၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအဖွဲ့တို့ - အဲဒီ အသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍ ဘယ်လို ရှိပါလဲရှင့်။

ဒေါ်ပန်စီထွန်းသိန်း ။ ။ အကုန်လုံးက ကျမတို့ ကော်မတီထဲ ပါပါတယ်။ ရေးဆွဲတဲ့ ကော်မတီ အဲဒီထဲမှာ သူတို့ဘက်ကလည်း အများကြီး ပါပါတယ်။ နောက် အစိုးရဌာနတွေ အကုန်လုံးပါတယ်။ နောက်တခုက ဥပဒေပညာရှင်တွေလည်း ပါပါတယ်။ နောက် ... ကော်မတီလည်း ပါပါတယ်။ တကယ်တော့ (၄၄) ယောက် ရှိပါတယ်။ ရေးဆွဲနေတဲ့ အုပ်စုက။ ရေးနေတာ ကြာလည်ကြာပါပြီ။ ဘာကြောင့်ကြာလဲဆိုတော့ ကျမတို့က အရင်ဆုံး သုတေသနတွေ လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေ အသစ်ဆွဲမယ်ဆိုလို့ရှိရင် ဘာတွေ လိုအပ်လဲ။ အခြားနိုင်ငံတွေမှာ ဘယ်လို ဥပဒေတွေ ရေးဆွဲထားလဲ။ သူတို့ ရေးဆွဲထားတဲ့ ဥပဒေသည် ဘယ်လို ကျမတို့ အသုံးချလို့ရလဲ စသဖြင့် လေ့လာတယ်။ လေ့လာပြီးတော့ တကယ်ပဲ သုတေသနတွေ လုပ်ပြီးတော့မှ ရတဲ့အချက်အလက်ပေါ်မှာ တည်ပြီးတော့မှ ဒီဥပဒေကို ရေးဆွဲတာ။ ဒါကြောင့်မို့လို့ ကြာတာပေါ့။ ဒါပေမဲ့ ကြာပေမယ့် ကောင်းလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မမအနေနဲ့ ကုလသမဂ္ဂလည်း နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တယ်။ အခု မြန်မာနိုင်ငံကို ပြန်လာပြီးတော့ လူမှုရေးတွေ၊ အမျိုးသမီးရေးတွေ ဆောင်ရွက်နေတယ်ပေါ့။ အဲဒီတော့ ပြန်လာတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားက အမျိုးသမီးတွေရဲ့ အခွင့်အရေး တိုးတက်နေတယ်လို့ ယူဆပါလားရှင့်။

ဒေါ်ပန်စီထွန်းသိန်း ။ ။ အပေါ်ယံကတော့ တိုးတက်နေသလိုပါပဲ။ ဒါပေမဲ့ တကယ့်တကယ် ကြည့်လို့ရှိရင် အောက်ခြေပိုင်းမှာ အများကြီး လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ အဓိက ကျမတို့မှာ လိုအပ်နေတဲ့ ဥပဒေတွေ မရှိသေးဘူး။ ဒါကြောင့်မို့ တကယ့်တကယ် ဝန်ဆောင်မှုတွေလည်း မပေးနိုင်ဘူး။ အမျိုးသမီးတယောက်သည် အကြမ်းဖက် ခံရပြီဆိုရင်လဲ လိုအပ်တဲ့ ဝန်ဆောင်မှုတွေက မရှိပါဘူး။ အဲဒါကြောင့်မို့ ကျမတို့ အဓိက ဥပဒေ လိုအပ်တဲ့အတွက် ဒီဥပဒေကြီးကိုလည်း ရေးဆွဲတာ။ ဒီဥပဒေကြီးထဲမှာ ဘာတွေပါလဲဆိုတော့ အမျိုးသမီးတွေ လိုအပ်နေတဲ့ ဝန်ဆောင်မှုတွေ အကုန်လုံးကို ချိတ်ထားပါတယ်။ ဒါတွေ ပါမှသာလျင် အမျိုးသမီးတွေက အကြမ်းဖက်မှု ခံရပြီဆိုရင် ဘယ်လို လိုအပ်ချက်တွေ ရှိလဲဆိုတဲ့ ဆောင်ရွက်မှုတွေကို ပေးလို့ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အဓိကတော့ လိုအပ်ချက်တွေကိုတော့ ချက်ချင်းတော့ ဖြည်းဆည်းလို့ မရတော့ဘူး။ တဖြည်းဖြည်း လုပ်သွားတဲ့အတွက် ကျမ ထင်ပါတယ်။ ဒီဥပဒေကြီး ပြီးသွားပြီဆိုရင် ဒါကြီးကို ဥပဒေ ပြီးတာနဲ့ ပြီးမသွားဘူးပေါ့။ သူကိုလဲ ကျမတို့က အကောင်အထည် ဖော်ရမယ်။ တကယ်လို့ ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်နိုင်ရင် အမျိုးသမီးတွေမှာ အများကြီး တိုးတက်မှုတွေ ရှိမယ်လို့ မျှော်လင့်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေက အကြမ်းဖက်မှုနဲ့ ပတ်သက်လာလို့ရှိရင် အကာအကွယ် မဲ့နေဆဲပဲလို့ သဘောထားရမှာပေါ့။

ဒေါ်ပန်စီထွန်းသိန်း ။ ။ မှန်ပါတယ်။ လောလောဆယ်မှာ အကာအကွယ် အရမ်းမဲ့နေပါတယ်။ အဲဒီတော့ နောက်တခုက ကျမတို့ လောလောဆယ် ရေးဆွဲနေတဲ့ ဥပဒေကြီးထဲမှာ အိမ်တွင်းအကြမ်းဖက်မှု အဲဒါ ပါနေတယ်။ အဲဒါကလဲ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် အကြမ်းဖက်မှု ခံနေရတဲ့ အမျိုးသမီးတွေက အိမ်တွင်းထဲမှာ ဖြစ်တာလည်း များတယ်။ နောက် နီးစပ်ရာ ဆွေမျိုးသားချင်းထဲကတဆင့် အကြမ်းဖက်တာတွေလည်း ရှိတယ်။ အဲဒါတွေ ရှိနေတဲ့အတွက် ဒီဥပဒေထဲမှာ ထည့်လိုက်ခြင်းအားဖြင့် တနည်းအားဖြင့်တော့ အကာအကွယ်လေးတွေ ရနိုင်မယ်လို့ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ ဥပဒေ ထွက်လာလို့ရှိရင် ဒီဥပဒေကို enforce လုပ်ဖို့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးဖို့အတွက်က ရပ်ရွာကျေးရွာအဆင့်တွေ ပါမယ်။ ပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ရမယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အဖွဲ့တွေလည်း ပါဝင်ရမယ်။ သူတို့အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို မကြီးအနေနဲ့ ဘယ်လောက်များ မျှော်လင့်ထားပါလဲ။

ဒေါ်ပန်စီထွန်းသိန်း ။ ။ အဲဒါလေး ကျမတို့ အခု ရေးဆွဲနေတဲ့ ဥပဒေ ရေးဆွဲနေတဲ့ အဖွဲ့ကပဲ Implementation Plan ဒီဥပဒေကြီး ထွက်လာပြီဆိုရင် ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ Plan ကြီးကို ကျမတို့က ရေးဆွဲနေပါတယ်။ အဲဒီမှာ ဘာလုပ်လဲဆိုတော့ ကျမတို့ ပါဝင်နေတဲ့ အဖွဲ့တွေ အကုန်လုံး အမျိုးသမီးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့တွေအကုန်လုံးက တာဝန်ယူပြီးတော့ ဒီဥပဒေအကြောင်းကို အကုန်လုံးကို ရှင်းပြရမယ်။ အောက်ခြေလူထု ရောက်တဲ့အထိ ပညာပေးမယ်။ ပညာပေးမှာသာလျင် အမျိုးသမီးတွေက သိမယ်။ ဒီဥပဒေကြီး ရှိပါလား။ ဒီဥပဒေကြီးကို ငါတို့ ဘယ်လို အားကိုးလို့ရမလဲ။ တခုခုဖြစ်ရင် ဘယ်ကို တိုင်းမလဲ စသည်ဖြင့် အဲဒီ ပညာပေးတဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးလုပ်ဖို့ အစီအစဉ် ကျမတို့ ရှိပါတယ်။ ကျမတို့ အကုန်လုံး ရေးဆွဲထားပြီးပါပြီ။ ဘယ်သူက ဘာလုပ်မလဲ။ ဘယ်မြို့နယ်မှာ ဘာလုပ်ကြမလဲဆိုတာ။ အဲဒီ အစီအစဉ်တွေ ရှိပြီးပါပြီ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ ဥပဒေကြီး အတည်ပြုပြီး ပြဌာန်းနိုင်ဖို့ အလားအလာ ဘယ်လောက်လောက် ရှိပါလဲ။

ဒေါ်ပန်းစီထွန်းသိန်း ။ ။ ကျမတို့တော့ မျှော်လင့်ပါတယ်။ အလားအလာ အများကြီး ရှိပါတယ်။ နိုင်ငံတော်ကလည်း အများကြီးကို ဒီဥပဒေကြီးကို သိပ်ကိုစိတ်ဝင်စားပါတယ်။ အမြန်ဆုံးလဲ ဥပဒေကြီးကို adopted လုပ်ဖို့လို့လည်း သမ္မတကြီးကိုယ်တိုင်က အားပေးတယ်လို့ ကြားပါတယ်။ လွှတ်တော်က အမတ်တွေကလည်း ဒီဥပဒေကြီး မပြီးသေးဘူးလားလို့ မေးနေတာတွေလည်း ရှိပါတယ်။ မကြာခင်တော့ ပြီးမှာပါ။ ပြီးပြီတော့ မြန်မြန်အကောင်အထည် ဖော်နိုင်ပါစေလို့ ကျမအနေနဲ့ ဆုတောင်းတာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီဥပဒေက အမတို့ မူကြမ်းကို အားလုံးလည်း စစ်ပြီးပြီ၊ အားလုံးလည်း သဘောတူကြပြီဆိုရင် ဘယ်လွှတ်တော်ကနေ ဘယ်လိုစပြီးတော့ တင်မလဲ။ ဘယ်လွှတ်တော်ကိုယ်စားလှယ်က ဒါကို propose လုပ်ဖို့ စဉ်းစားထားပါလဲ။

ဒေါ်ပန်စီထွန်းသိန်း ။ ။ ဒါကတော့ လူမှု့ဝန်ကြီးဌာနကနေ တင်မှာ ဖြစ်ပါတယ်။ ကျမတို့တွေက ရေးဆွဲတဲ့ အဖွဲ့ထဲမှာပဲ ပါတာပေါ့။ ကျမတို့တွေက တင်တာတို့ဘာတို့တော့ အစိုးရဌာနဆိုင်ရာတွေက လုပ်သွားမှာပေါ့။ အခုနပြောတဲ့ လူမှု့ဝန်ထမ်း ဝန်ကြီးဌာနကနေ တင်မှာဖြစ်ပါတယ်။ တင်ပြီးတဲ့အခါမှာ လွှတ်တော်ထဲမှာလည်း ကျမတို့ ဆွေးနွေးပြီးပါပြီ။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ ဘာတွေပါလဲ။ လွှတ်တော်အမတ်တွေနဲ့ ဌာနဆိုင်ရာတွေမှာလည်း တော်တော်လေး ဆွေးနွေးပြီးပါပြီ။ ဒီဥပဒေမှာပါတဲ့အချက်အလက်တွေ အကုန်လုံး။ အဲဒီတော့ သူက တောက်လျှောက် လုပ်လာတဲ့အခါမှာ အားလုံးက သိနေတယ်။ ဒီ process က ဘာလဲ။ ဘာတွေပါနေလဲဆိုတာ သိတယ်။ အဲဒီအတွက် ကျမက ပြောချင်တာကတော့ ပါဝင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် အားလုံးအတွက် အသုံးကျမယ်လို့ ကျမ ယုံကြည်ပါတယ်။

XS
SM
MD
LG