သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ယခင် အစိုးရ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ် ဆိုပေမယ့်၊ လုပ်ပုံလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်စရာတွေ ပြင်ဆင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ လွှတ်တော်အမတ်တွေ တည်းခိုရာ နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းခိုနေတဲ့ ဦးဝင်းထိန်ကို ဝိုင်းတော်သား ကိုသားညွန့်ဦးက ရွေးကောက်ပွဲရလဒ်နဲ့ ဆက်နွယ်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် အရင်ဆုံး မေးချင်တာက အခု အန်ကယ်တို့က အများစု အနိုင်ရထားပါပြီ။ အဲဒီတော့ တချို့နေရာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ လားရှိုးတို့၊ မိတ္ထီလာတို့မှာ ပြဿနာမျိုးတွေ ရှိပါတယ်။ အန်ကယ်တို့အနေနဲ့ Complaint လုပ်ဖို့ရှိလား။ အန်ကယ်တို့ကိုကော Complaint လုပ်ခံရတာမျိုး ရှိပါလား။

ဦးဝင်းထိန် ။ ။ ကျနော်တို့က Complaint လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ သူတို့ ပြဿနာတွေ လာတင်ပြလို့ရှိရင် အထောက်အထား မခိုင်မာဘဲနဲ့ မလုပ်နဲ့။ အထောက်အထား ခိုင်မာရမယ်။ တခုခုလုပ်မယ် Action ယူမယ်ဆိုရင် တိုင်တာပဲဖြစ်ဖြစ်၊ တရားစွဲတာပဲဖြစ်ဖြစ် ဥပဒေကြောင်းကနေ ရှေ့နေနဲ့တိုင်မယ်။ ရှေ့နေနဲ့တိုင်ပြီး ဥပဒေနဲ့ ညီမယ်ဆိုရင် လုပ်သာလုပ် အဲဒီလို ပြောထားတယ်။ အခုထက်ထိတော့ ကျနော်တို့ ကိုယ်စားလှယ်တွေကတော့ တယောက်မှတော့ စွပ်စွဲတော့ မခံရသေးဘူး။

ကိုသားညွှန့်ဦး ။ ။ ယေဘုယျအားဖြင့် တနိုင်ငံလုံး အတိုင်းအတာမှာ ဖြစ်သွားတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ကယ်အနေနဲ့ ကျေနပ်အားရမှုရှိလား။ တစုံတရာ အမှားအယွင်းတွေ ရှိပါလား။

ဦးဝင်းထိန် ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုထက်ထိ ပြောမယ်ဆိုရင်တော့ ကျေနပ်အားရမှု ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ အောင်မြင်စရာတွေရှိတယ်။ ဘာကြောင့် ဒီထက်ပိုပြီး မအောင်မြင်သလဲဆိုရင် တချို့နေရာတွေမှာ တရားလက်လွတ် အဲဒါမျိုးတွေ အလုပ်ခံရတယ်။ လားရှိုးဆိုရင် အငြင်းပွားနေတာ။ မိတ္ထီလာဆိုရင် အလစ်ငိုက်ခံရတာ။ အသေးစိတ်တော့ မပြောတော့ဘူး။ ရမည်သင်းဆိုရင် ဟိုဘက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဲဒီက ဘုန်းကြီးတွေကို စာနဲ့ရေးပြီးတော့ NLD ကို မဲမပေးဖို့ကိစ္စတွေ၊ စာအမထောက်အထားတွေရှိတယ်။ နောက် တိုင်းဒေသကြီးလွှတ်တော်က ကြံ့ခိုင်ရေးပါတီက သူက မန္တလေးတိုင်းမှာလည်းဝန်ကြီး။ အဲဒီလွှတ်တော်နေ့မှာ ပုံစံ (၁၆) ခေါ်တယ်။ မဲရုံတိုင်း မဲစာရင်းပေါင်းတဲ့ (၁၆) ကို သူကိုယ်တိုင် ကြီးကြပ်ပြီးတော့ လုပ်နေတဲ့ဟာကို သူတို့က တွေ့တယ်။ ခက်တာက ကျနော်တို့ လူတွေကလဲ ဒါတောင် သင်တန်းပေးထားတာ။ မဲရုံ ဥပဒေတွေက ဘယ်လို၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေက ဘယ်လို ပေးထားတဲ့အထဲက အဲဒီတွေ လုပ်နေချိန်မှာ ချက်ချင်းကန့်ကွက်လို့ရတယ်။ ချက်ချင်းအရေးယူလို့ရတယ်။ ပြီးမှ လာတိုင်တယ်ဆိုတော့ ကျနော်တို့လူတွေ ညံ့တာလည်းပါတာပေါ့။

ကိုသားညွှန့်ဦး ။ ။ အခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရတာနဲ့ ပတ်သက်ပြီးတော့ တနေ့ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ပြောပါတယ်။ သူတို့အနေနဲ့ လွှတ်တော်ခေါ်မယ်။ နောက်ပြီးတော့ တက်လာတဲ့ အစိုးရကို စနစ်တကျ အာဏာလွှဲသွားဖို့အတွက်လုပ်မယ်။ ဒီနေ့ဆိုလဲ သူရဦးရွှေမန်း ပြောတဲ့အထဲမှာ အကူးအပြောင်းကို စနစ်တကျဖြစ်အောင်ပြင်မယ်။ ပုံသဏ္ဍာန်ကတော့ ချောချောမွေ့မွေ့ အာဏာလွှဲမယ်ဆိုတဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောတာရှိပါတယ်။ အန်ကယ်အနေနဲ့ ဒီ အကူးအပြောင်းနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိပါလား။

ဦးဝင်းထိန် ။ ။ နှစ်ပိုင်းပေါ့။ တပိုင်းကတော့ အခု ၂၀၁၅ က ၁၉၉၀ နဲ့ မတူဘူး။ ၁၉၉၀ က အခုအချိန်နဲ့ယှဉ်ရင် ပြည်သူလူထုအနေအထားကော၊ နိုင်ငံတကာအနေအထားက အင်မတန်ကို အဆင့်အတန်း သိပ်မမြင့်သေးဘူး။ အခုတော့ ပြည်သူက နိုင်ငံရေး နှိုးကြားနေပြီ။ နောက် နိုင်ငံတကာကလည်း အာရုံစိုက်နေတဲ့အပြင် သူတို့ကိုယ်တိုင်က International Observers တွေ နိုင်ငံတကာစောင့်ကြည့်သူတွေ ခေါ်တဲ့အခါကြတော့ အခုရလဒ်က ဘယ်လိုမှ ငြင်းကွယ်လို့ မရဘူး။ ကျနော်တို့က အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအနေအထားအရ၊ ပြည်တွင်းအနေအထားအရ စိတ်ပူစရာ မဟုတ်ဘူးလို့ ယူဆရတယ်။ သို့သော်လဲ ကျနော်တို့က ၁၉၉၀ တုန်းက ဖြစ်ရပ်လို့ ခဲမှန်ဖူးတဲ့ စာသူငယ်လို အဲဒီအနေအထားလေးတော့ စိတ်ထဲကျန်သေးတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခုကတော့ အများက စိတ်ဝင်စားတဲ့ကိစ္စပါ။ NLD က သမ္မတ ဘယ်သူဖြစ်မလဲ။ အစိုးရ ဘယ်လိုဖွဲ့မလဲ။ အန်ကယ်တို့ .. ကျနော်တို့ သိပါတယ်။ နားလည်ပါတယ်။ အဲဒီတော့ အန်ကယ်တို့ ပြောနိုင်သလောက် အစိုးရဖွဲ့နိုင်မယ့် အန်ကယ်တို့အနေနဲ့ ခိုင်ခိုင်မာမာ လူထုကို ပြောနိုင်မယ့် အခုအနေအထား ဘယ်လောက် အတိုင်းအတာအထိ ပြောနိုင်မလဲ။

ဦးဝင်းထိန် ။ ။ ဒီလ (၅) ရက်တုန်းက သတင်းစာ ရှင်းလင်းပွဲလုပ်တော့ နိုင်ငံတကာသတင်းထောက်တွေ အများကြီးပါ။ ရာနဲ့ချီပြီးလာတယ်။ အဲဒီမှာ ဒီ မေးခွန်းမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဖြေလိုက်တယ်။ နောက်တနေ့ Channel News Asia နဲ့ အင်တာဗျူးလုပ်တဲ့အခါကြတော့ သူ သမ္မတကိစ္စကို ဖြေလိုက်တယ်။ သူလုပ်မယ့်အလုပ်ဟာ သမ္မတနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်မယ့်ကိစ္စဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လောက်အထိ ပြဿနာ ဖြစ်စေတယ်ဆိုတာကို ပြည်တွင်းကိုလည်း ပြမယ်။ နိုင်ငံတကာကိုလည်း ပြမယ်။ ပြချင်လို့။ ဒါကြောင့်မို့ သူကိုယ်တိုင် သမ္မတ မဖြစ်သော်လဲ သမ္မတခန့်မယ်။ သမ္မတ သူခိုင်းတာ လုပ်ရမယ်။ သူက ခေါင်းဆောင်။ ဘာကြောင့်လဲဆိုတော့ ပါတီမှာလည်း သူက ခေါင်းဆောင်။ နောင်အစိုးရအဖွဲ့မှာလည်း ခေါင်းဆောင်။ နာမည် ဘယ်လိုခေါ်နေပါစေ သူပဲခေါင်းဆောင်။ ဖွဲ့စည်းပုံအခြေခံက သမ္မတ ရှိမယ်။ အဲဒီ သမ္မတ က သူ့အမိန့် နာခံရမယ်။ ဒီအတိုင်းပဲ ကျနော်တို့က နာမည်တွေ ဘာတွေတော့ အခုအချိန်မှာပြောတာ စောပါသေးတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခုက အန်ကယ်တို့အနေနဲ့ တခြား ဒီအစိုးရဖွဲ့မယ်။ နောက်တခုက တိုင်းပြည်အုပ်ချုပ်မယ်ဆိုရင် တခြားလက်တွဲဖို့အတွက် မဟာမိတ်အဖွဲ့တွေ၊ ညွှန့်ပေါင်းပုံစံမျိုး စဉ်းစားချက်တွေ ရှိပါလား။

ဦးဝင်းထိန် ။ ။ ကျနော်တို့က အများစု Majority မရဘူးဆိုရင်တော့ ညွှန့်ပေါင်းပုံစံ စဉ်းစားကောင်း စဉ်းစားမယ်ပေါ့။ အခုကတော့ ညွှန့်ပေါင်း စဉ်းစားလို့မရအောင် အခြေအနေ ရှိတယ်။ သို့သော် ပါတီကြီးတခုအနေနဲ့ အစိုးရတခုလုံးကို လွှမ်းမိုးတယ်ဆိုရင် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေး သဘောထားကို ဆန့်ကျင်ရာရောက်မယ်။ အားပျော့ရာရောက်မယ်။ ဒါကြောင့်မို့ ညွှန့်ပေါင်းမလုပ်သော်လဲ ကျနော်တို့ မဟာမိတ်တွေ ရှိတယ်။ ဥပမာ ဦးခွန်ထွန်းဦးရဲ့ SNLD, ဦးအေးသာအောင်တို့ရဲ့ ရခိုင်ပါတီ။ သူတို့က ကျနော်တို့ အကြပ်အတည်းဖြစ်တုန်းကတောင် လက်တွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ သူတို့အတွက်လဲ ဒေါ်အောင်ဆန်းစုကြည်က အများကြီး စဉ်းစားပါလိမ့်မယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်တခု မေးချင်တာက အခု ပြီးခဲ့တဲ့ အစိုးရလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စပေါ့။ အခု လုပ်နေရင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်တွေ ပြန်ဖြစ်နေပြန်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို စဉ်းစားချက်ရှိလဲ။ လက်ရှိ အစိုးရလုပ်သွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တစုံတရာ ဝေဖန်စရာရှိလား။ ဒီအပေါ်မှာ ဆက်လုပ်သွားမလား။ ဘယ်လို စဉ်းစားထားပါလဲ။

ဦးဝင်းထိန် ။ ။ အဲဒါကို ပြောရရင်တော့ အရှည်ကြီးပဲ။ MPC က လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကော။ နောက်တခြား ဦးခွန်ဥက္ကာတို့ လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျနော် တက်တာရှိတယ်။ ဦးထွန်းနိုင်အေး တက်တာရှိတယ်။ ရှိတဲ့အခါမှာ ပြီးခဲ့တဲ့လက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်။ တကယ်တော့ လက်မှတ်ထိုးတာက (၈) ဖွဲ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အတိုင်း ဘာပြောသလဲဆိုရင် ဒီမှာတော့ လက်မှတ်မထိုးချင်ဘူး။ ထိုးလိုက်ခြင်းအားဖြင့် လက်မှတ်မထိုးတဲ့အဖွဲ့နဲ့ ထိုးလိုက်တဲ့အဖွဲ့ စိတ်ဝမ်းကွဲမယ် တစ်အချက်။ နှစ်အချက်က လက်မှတ်ထိုးပြီးတဲ့အဖွဲ့ကတော့ Unlawful association ဆိုတဲ့ ခွင်ကလွတ်သွားပြီ။ အဲဒီတော့ ကျန်တဲ့လူတွေကို ဖိတိုက်မှာ စိုးရိမ်တယ်ဆိုတော့ စိုးရိမ်တဲ့အတိုင်း ဖြစ်တာ။ ဆိုတော့ ဒီ အပစ်အခတ် ရပ်စဲရေးက သိပ်သဘာဝ မကျဘူး။ သို့သော် အခု ဦးအောင်မင်းတို့ ကြိုးစားတဲ့အထဲက အသုံးတည့်တဲ့ဟာ မှန်သမျှ ကျနော်တို့ ဆက်သုံးမယ်။ သူတို့လုပ်လို့ ပယ်တယ်ဆိုတာ မရှိဘူး။ အဲဒီလိုတော့ တဘက်သတ် မလုပ်ဘူး။ သူတို့ လုပ်ထားတဲ့အထဲက နောင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမယ့် အချက်အလက်တွေ။ NCA က Agreement မှာပါတဲ့ Accords တွေ တော်တော်များများ ကျနော်တို့ သုံးမယ်။ တချို့ မလိုတဲ့ဟာတွေ ပယ်မယ်။ နောက်တချက်က Myanmar Peace Center က လူပြောသူပြော အင်မတန်များတယ်။ နိုင်ငံရေးအားဖြင့် သိက္ခာရှိတဲ့လူတိုင်းက Myanmar Peace Center ကို မလေးစားဘူး။ အဲဒီ မလေးစားတဲ့ အခြေအနေတွေကို ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်မယ်။

ကိုသားညွှန့်ဦး ။ ။ သူတို့ရဲ့ ရပ်တည်မှု၊ ဆောင်ရွက်မှုတွေပေါ့။

ဦးဝင်းထိန် ။ ။ ဒါက ကျနော် ပြောရဲတာ လွှတ်တော်မှာ ဦးအောင်မင်းကို တခါလာရင် တခါမေးတယ်။ နောက်တခါလာရင် တခါမေးတယ်။ နှစ်ခါစလုံး စိတ်ဆိုးတယ်။ ဘာလဲဆိုတော့ Myanmar Peace Center က ခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရဝန်ထမ်းတွေ၊ ဝန်ထမ်းစည်းကမ်းနဲ့ ခန့်အပ်တာလားလို့ မေးတဲ့အခါမှာ … ကျနော် မေးတာကိုပဲ ဣဿာ မစ္ဆရိယစိတ်နဲ့ မေးသလို ဘာညာနဲ့ မဖြေဘဲ လျှော်ပြီးလုပ်တယ်။ ဒါက တခါ။ နောက်တခါက ဒီတိုင်းပြည်မှာ ဥပဒေရှိပြီသား။ ဥပဒေရှိတော့ သူတို့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်မယ်ဆိုရင် ပုဒ်မ (၇၁) နဲ့ ထောင်ကျတာ အများကြီး။ ကျနော်တို့ထဲကပါတယ်။ ကျောင်းသားတွေထဲကပါတယ်။ ပုဒ်မ (၇၁) ရှိတယ်။ အဲဒီ (၇၁) ကို ဆက်ပြီးသုံးမှာလား တစ်အချက်။ နှစ်အချက်က (၇၁) အရ Unlawful Association တရားမဝင် အဖွဲ့အစည်းတွေရယ်လို့ ဖွဲ့ထားတဲ့လူနဲ့ ဆက်လုပ်တဲ့ စာချုပ်ဟာ ဥပဒေကြောင်းအရ ဘယ်လောက် ခိုင်မာလဲ။ အဲဒါ မေးတဲ့အခါမှာ ကျနော် မေးတာမဖြေဘဲနဲ့ သူကို သမ္မတကြီးက ဒီအဖွဲ့တွေနဲ့ ဆက်ဆံဖို့အတွက် လက်မှတ်ထုတ်ပေးထားတယ်။ အဲဒီလိုမျိုးပဲ ပေါက်ကွဲသွားတာ။ ကျနော် လိုချင်တဲ့ဥစ္စာကို မဖြေဘူး။ ဖြေတာလဲ မဖြေရဲဘူး၊ မဖြေရဲဘူး မဖြေနိုင်ဘူးဆိုတာကို သဘောပေါက်ပါတယ်။ ကျနော် ဖြေတာက MPC ရဲ့ လုပ်ငန်းတွေကို Transparent ဖြစ်အောင် မေးတာ။ သူ မဖြေဘူး။

ကိုသားညွှန့်ဦး ။ ။ နောက်တခုက နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ပါ။ နိုင်ငံအကျဉ်းသား လွတ်မြောက်ရေးအတွက်ဆိုပြီး လှုပ်ရှားသူတွေ အစာငတ်ခံ ဆန္ဒပြတယ်။ အန်ကယ်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်လို့ သွားတွေ့ခဲ့တယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသား issue နဲ့ ပတ်သက်လို့ အန်ကယ်တို့ရဲ့ သဘောထား ဘယ်လို ရှိပါလဲ။

ဦးဝင်းထိန် ။ ။ အခုဆိုပါတော့ ကျနော်တို့ အစိုးရဖွဲ့ပြီဆိုရင် တစ်အချက်က Corruption free government နဲ့ စရမယ်။ ဒါက ဦးစားပေး တစ်။ ပြီးရင် အမျိုးသားရင်ကြားစေ့ရေး။ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ဥပဒေ။ အဲဒီ (၃) ခုစလုံးက တပြိုင်တည်း သွားရမယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားက Priority ထဲမှာပါတယ်။ မပါစရာ အကြောင်းမရှိဘူး။ ကျုပ်တို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကျဉ်းကျခံခဲ့ရသူတွေ။ မစဉ်းစားဘဲနေမှာ မဟုတ်ဘူး။ ဦးစားပေးထဲမှာတော့ ပါမှာသေချာပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အရင် စီးပွားရေးလုပ်ငန်း။ ဒီ အစိုးရလုပ်ခဲ့တဲ့ ဒီ အစိုးရမတိုင်ခင်ကတည်းက ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းလည်း ရှိပါတယ်။ ဥပမာ မြစ်ဆုံလိုဟာမျိုးတွေ။ နောက်တခု စီးပွားရေး project ကြီးတွေ။ နောက် စီးပွားရေးလုပ်ငန်းတွေ။ ဒါနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားက ဘယ်လို ရှိပါလဲ။

ဦးဝင်းထိန် ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးပြီလေ။ မြစ်ဆုံလို Project မျိုးက ပြည်သူလူထုက ဘာမှမသိဘူး။ ဘယ်သူနဲ့ ချုပ်တယ်ဆိုတာပဲ သိပြီးတော့ Details တွေ မသိဘူး။ အဲဒီတော့ နောက်တခုက ပြည်သူလူထုက လက်ခံလား၊ လက်မခံလား မစုံစမ်းဘဲနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားတာတွေ ရှိတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာက အရင်အစိုးရနဲ့ လုပ်ထားတဲ့ စီးပွားရေး Project တွေ တရုတ်နဲ့မှ မဟုတ်ဘူး။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဲဒီ စာချုပ်တွေက International Norm နဲ့ ကိုက်မကိုက် ပြန်ကြည့်ရမယ်ဆိုတဲ့အကြောင်း ပြောပြီးပြီ။ ကျနော်တို့က ပြန်ပြီးတော့ နိုင်ငံတကာ ထုံတမ်းအစဉ်အလာနဲ့ ကိုက်ညီတဲ့ စာချုပ်ဆိုလို့ရှိရင် လုပ်ရင် စဉ်းစားမှာပေါ့။ သို့သော် မြစ်ဆုံ လို နေရာမျိုးတော့ နိုင်ငံရေးအရ အင်မတန် ထိလွယ်ရှလွယ်တဲ့ကိစ္စ ဒါ တစ်ချက်။ နောက်တစ်ချက်က ကချင်လူထုရဲ့ ပုံမှန် လွှမ်းမိုးနေတဲ့ KIA နဲ့ ငြိမ်းချမ်းရေး မရမချင်း ဘယ်လိုမှ လုပ်လို့မရဘူး။ အဲဒီတော့ ပြည်သူလူထု လက်ခံအောင် လုပ်နိုင်လို့ရှိရင်တော့ ဘယ်လို Project မျိုးမဆို လက်ခံမှာပဲ။

ကိုသားညွှန့်ဦး ။ ။ အန်ကယ်ဦးဝင်းထိန် အခုလို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG