သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်ပေါင်းစုံ ဝိုင်းဝန်းဖြေရှင်းနိုင်မှ


ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂမ်ဘရွန်အောင်ခမ်း
ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂမ်ဘရွန်အောင်ခမ်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ရင် ပိုကောင်းမယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဂမ်ဘရွန်အောင်ခမ်း က ပြောဆိုပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ တကယ်အလုပ်ဖြစ်ဖို့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပြီး စစ်တပ်ဖက်က တပ်တွေဆုတ်ပေးဖို့လည်း လိုတယ်လို့ သူက ပြောဆိုပါတယ်။ စစ်တပ်တွေ တိုးချဲ့နေရင် ယုံကြည်မှုတည်ဆောက်မှု ခက်ခဲလိမ့်မယ်လို့ သူက မြင်ပါတယ်။ ကချင်ပြည်နယ်ကိစ္စမှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ တရုတ်နဲ့အတူ အမြဲဆက်သွယ်ဆောင်ရွက်နေတဲ့အကြောင်း၊ ဒါပေမဲ့ တရုတ်တို့အနေနဲ့ သူတို့အကျိုးစီးပွားမကြည့်ဘဲ မြန်မာ့နိုင်ငံရေးကို စေတနာမှန်မှန်နဲ့ လုပ်ပေးသင့်တယ်လို့ ဥက္ကဋ္ဌဖြစ်သူ ဂမ်ဘရွန်အောင်ခမ်း က ဗွီအိုအေ ကိုဇော်ဝင်းလှိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဦးဂမ်ဘရွန်အောင်ခမ်း အခုလို ဗွီအိုအေကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခု မကြာခင်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်တော့မယ်။ ဆိုတော့ ဦးဂမ်ဘရွန်အောင်ခမ်း ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်မယ့် အစီအစဉ် ရှိပါသလား။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ လစ်လပ်နေတဲ့နေရာအားလုံး ဝင်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ အထူးသဖြင့် ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော် ဒေသ (၄) ခုမှာ ရှိပါတယ်။ တကယ်လိုများ ကျနော်တို့ကို ဆွမ်ပရာဘွမ် နဲ့ အင်ဂျန်းယန်တို့ကို ခွင့်ပြုမယ်ဆိုရင် အကုန်လုံး (၆) နေရာပေါ့။ ကျနော်တို့ ဝင်ဖို့ စီစဉ်လုပ်ထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက ကချင်နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်မရတာ၊ ဒေါက်တာတူးဂျာတို့အနေနဲ့ နိုင်ငံရေးပါတီဖွဲ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ခွင့်ပြုချက်မကျခဲ့ဘူး။ ဦးဂမ်ဘရွန်အောင်ခမ်းတို့လည်း နိုင်ငံရေးပါတီဖွဲ့ဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။ ဘာကြောင့်မို့ နိုင်ငံရေးပါတီဖွဲ့ဖို့ ကချင်ပြည်နယ်မှာမှ အထူးတလည် ဒီလိုမျိုး အခက်အခဲတွေ ဖြစ်နေရတာလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ လွန်ခဲ့တဲ့ အချိန်မှာတော့ အဓိကတော့ ကေအိုင်အို ကို သူတို့အနေနဲ့ သူတို့လိုချင်တဲ့ပုံစံမျိုးနဲ့ သွားချင်တယ်။ အခက်အခဲဖြစ်တယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့အချိန်မှာတော့ KSPD ပါတီကို ဖွဲ့ခွင့်မပြုဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အကုန်လုံး register လုပ်ဖို့ ကချင်ပါတီအားလုံးလောက်နီးပါး register ဖွဲ့ခွင့် ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ နိုင်ငံရေး campaign တွေ၊ စည်းရုံးရေးလုပ်တဲ့ လုပ်ငန်းတွေမှာ အခက်အခဲရှိလား။ ဘယ်လို အခက်အခဲတွေ ရှိသလဲ။ အဆင်ပြေရဲ့လား။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အခုလောလောဆယ်တော့ ကျနော်တို့ မြစ်ကြီးနားနဲ့ နီးစပ်တဲ့နေရာတွေမှာ အကုန်လုံး သွားနေပါတယ်။ သိပ်တော့ အခက်အခဲ မရှိဘူး။ ဒါပေမဲ့ ဒီတခြား တိုက်ပွဲဖြစ်တဲ့ ဒေသမျိုးမှာဆိုရင်တော့ သွားဖို့နည်းနည်း ခက်ခဲ့တယ်။ ဥပမာ မံစီဒေသ၊ မိုးမောက်၊ ဗန်းမော်ဘက် သွားမယ်ဆိုလဲ နည်းနည်းအခက်အခဲရှိတယ်။ ဆွမ်ပရာဘွမ်ဘက် သွားမယ်ဆိုလဲ နည်းနည်းအခက်အခဲ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခက်အခဲရှိတယ်ဆိုတာ ဘယ်လို ပုံစံမျိုးလဲ။ သွားလာဖို့ မရတာလား။ ဒါမှမဟုတ် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာလား။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ကန့်သတ်ချက်ရယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ တိုက်ပွဲဖြစ်တယ်ဆိုတော့ လုံခြုံရေးကို ကျနော်တို့ ကြည့်ရတယ်။ ဒါကြောင့်မို့လဲ တခါတလေကြရင် ဒီဟာကိုကြည့်ပြီးတော့ သွားရတယ်။ ဒါကြောင့် တိုက်ပွဲအခြေအနေအပေါ် မူတည်ပြီးတော့ သွားနေရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးရင် ၂၀၁၅ ရွေးကောက်ပွဲလည်း ဝင်မယ်ဆိုတာ အထွေထွေရွေးကောက်ပွဲမှာ ဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်ပေါ့။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့တော့ ကျနော်တို့ အကုန်လုံးတော့ ပြင်ဆင်ထားပါတယ်။ ဒါကြောင့် အခုကနေ အကုန်လုံးမှာ တတ်နိုင်သလောက် စည်းရုံးရေးဆင်းနေပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ကချင်ပြည်နယ်တခုတည်းမှာပဲ ဝင်ယှဉ်ပြိုင်မှာပေါ့။ ကချင်ဒီမိုကရက်တစ်ပါတီအနေနဲ့။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အခုလက်ရှိ အခြေအနေမှာတော့ ကချင်ပြည်နယ်မှာပဲ မြို့နယ် (၁၈) မြို့နယ်ရှိတယ်။ ဒီမှာ တတ်နိုင်သလောက် ဝင်ဖို့တော့ စီစဉ်လုပ်ထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ KIA အပါအဝင်ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း တော်တော်လေး အရှိန်မြင့်လုပ်လာတာ အခုနောက်ပိုင်းမှာရှိတယ်။ ဒါပေမဲ့လဲ ဒီကြားထဲမှာ အဆင်မပြေမှုတွေရှိတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ သဘောတူညီချက်က မရနိုင်သေးဘူး ဖြစ်နေတယ်ပေါ့။ ဆိုတော့ အခုလက်ရှိ အနေအထားမှာဆိုရင်ပဲ ကေအိုင်အေနဲ့ ဗမာအစိုးရကြားထဲမှာ ကြိုကြားတိုက်ပွဲတွေ ဖြစ်နေသေးတယ်။ တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်၊ တဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ အဲဒီ အခုလက်ရှိ အနေအထားက ဘယ်လိုရှိသလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အဓိကတော့ ဒီ ceasefire လုပ်တဲ့နေရာမှာတော့ နိုင်ငံရေးဆွေးနွေးမှုပေါ်မှာ မူတည်တယ်။ နိုင်ငံရေးဆွေးနွေးမှု မရှိဘူးဆိုရင်တော့ ceasefire လုပ်ဖို့တော့ အခြေအနေ အခက်အခဲရှိနေတာကို တွေ့နေရတယ်။ ဒါကြောင့် အဓိကတော့ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ သဘောတူရလိမ့်မယ်။ ဒါမှလဲ ကေအိုင်အို နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါ ဒီဟာကို လိုလားနေတယ်။ ဒါကြောင့် အဓိကတော့ နိုင်ငံရေးဆွေးနွေးမှုအပေါ်မှာ မူတည်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုဆိုရင် ကချင် ကေအိုင်အေနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေတာရှိတယ်။ ကေအိုင်အေ ကတော့ လက်နက်ကိုင်အဖွဲ့အစည်း။ ဒါပေမဲ့ ဦးဂမ်ဘရွန်အောင်ခမ်းတို့လို နိုင်ငံရေးပါတီတွေရှိတယ်။ ဒေါက်တာတူးဂျာတို့လို့ နိုင်ငံရေးပါတီတွေရှိတယ်။ အဲဒီလူတွေကရော အခုသွားနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ကချင်နဲ့ မြန်မာအစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ဘယ်လိုမြင်သလဲ။ ဘယ်လို သဘောထားရှိသလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အဓိကတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တဲ့အချိန်မှာ ငြိမ်းချမ်းရေး လက်နက် ceasefire တခုတည်း လုပ်လို့မရပါ။ အဓိကတော့ နိုင်ငံရေးဆွေးနွေးမှု လုပ်ရမယ်။ သဘောတူညီမှု နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီမှု ရမှပဲ ငြိမ်းချမ်းရေးက ဖြစ်လာမယ်။ အဓိကတော့ နိုင်ငံရေးဆွေးနွေးမှု လုပ်မှပဲ ဒီဟာကို လက်ခံမှ ceasefire ဖြစ်လာမယ်လို့ ဒီလိုပဲ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆွေးနွေးမှုတွေက ဘာကြောင့် ဒီလောက်ကြာနေရတာလဲ။ နိုင်ငံရေးဆွေးနွေးမှု ရှိဖို့တော့လိုတယ်။ ဒါကိုလဲ နှစ်ဖက်စလုံးက ပြောနေတာကို ကျနော်တို့ ကြားနေတယ်။ ကေအိုင်အေကလည်း ပြောတယ်။ မြန်မာအစိုးရကလည်း ပြောတယ်။ တယောက်နဲ့တယောက် ယုံကြည်မှုတည်ဆောက်ရမယ်။ ဒါတွေလဲ ယုံကြည်မှုတည်ဆောက်တဲ့ကာလ တော်တော်ကြာလာပြီ။ ဘာတွေများ လိုအပ်လို့ ဒီလောက်အထိ ဖြစ်နေရတာလဲ။ ဘယ်လို မြင်သလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အဓိကတော့ ဒီမှာက သူတို့ သဘောတူညီမှု နှစ်ဖက်ကနေ ညှိနှိုင်းနေတဲ့ အခြေအနေမျိုး တွေ့မြင်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ဖက်ကနေ တောင်းဆိုနေတဲ့ အချက်အလက်တွေက နှစ်ဖက်စလုံး သဘောတူညီမှု မရသေးဘူး။ ဒါကြောင့်မို့ နှစ်ဖက်စလုံး သဘောတူညီမှုရတဲ့အချိန် အခြေအနေမှ ငြိမ်းချမ်းရေးက ဆွေးနွေးမှု ဖြစ်လာမယ်လို့ ကျနော်က ဒီလိုမြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ဦးဂမ်ဘရွန်အောင်ခမ်းတို့လို နိုင်ငံရေးပါတီတွေ ဝင်ပြီးတော့ ပါဝင်သင့်သလား။ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေတဲ့နေရာမှာ။ သဘောက လူထုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကဏ္ဍစုံက ပါဝင်မှုရှိဖို့ လိုမလား။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ အကုန်လုံးတော့ ဒီ civic society လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အကုန်လုံး ပါဝင်နိုင်ရင်တော့ ကောင်းပါတယ်။ ဒါမှလဲ အကုန်လုံး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမှာ အဖက်ဖက်က အားပေးတဲ့အခြေအနေမျိုး ရှိလာမယ်။ ဒါမှမဟုတ်ဘူးဆိုရင် ကျနော်တို့က တဖက်ကနေပဲ ဆွေးနွေးမှုလုပ်လာတယ်ဆိုရင်တော့ မကောင်းဘူး။ ဒါကြောင့် အကုန်လုံး ပါသင့်တယ်။ ဒီမှာ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ တဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ်မှာ ဦးဂမ်ဘရွန်အောင်ခမ်းအနေနဲ့ ဘယ်လို မြင်မိသလဲ။ ဘယ်လို သုံးသပ်မိသလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ တကယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးမှုလုပ်မယ် ceasefire လုပ်မယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေကို လျှော့ရမယ်။ အဓိကတော့ လက်ရှိ စစ်အစိုးရ လက်ရှိ စစ်တပ်အနေနဲ့ နောက်ဆုတ်ပေးရမယ်။ ဒါမှလဲ ဒီဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီဟာကို လိုလိုလားလားနဲ့ ဖြစ်လာမယ်။ အဓိကတော့ ယုံကြည်မှုရှိလာမယ်။ ဒါမှမဟုတ်ဘူးဆိုရင် လက်နက်ကိုင်တွေ၊ လက်နက်ရှိနေတယ်။ စစ်တပ်က သွားနေတယ်ဆိုရင် ပစ်ခတ်ကြမယ်။ ဒါကြောင့် ရှေ့တန်းမှာ ခွါပြီးမှ ဆုတ်သင့်တယ်လို့ မြင်ပါတယ်။ မြန်မာစစ်တပ်တွေ ဆုတ်သွားသင့်တယ်လို့ ကျနော်က မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု စစ်တပ်က ကြည့်ရတာတော့ အတိုင်းအတာတခုအထိ သူတို့ဖက်က အခုဖြစ်နေတဲ့ အနေအထားတွေမှာ ပြင်ပဖိအားတွေကြောင့်လဲ ပါမှာပေါ့။ ဆိုတော့ တဖက်က သူတို့ campaign သဘောမျိုး ပြောကြဆိုကြတာ ရှိပေမယ့် တကယ့်တကယ် လက်တွေ့မှာ သူတို့အနေနဲ့ ဆုတ်သွားပြီး။ အစိုးရဖက်ကပြောတာက သူတို့က စတိုက်တာ မဟုတ်ဘူး။ ကချင်ဖက်က တိုက်တယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီလိုမျိုးအပေါ်မှာ ကချင်လူထုအကြားမှာ ဘယ်လိုအမြင်ရှိသလဲ။ ဒါမှမဟုတ် ဦးဂမ်ဘရွှန်အောင်ခမ်း တဦးတည်းအနေနဲ့ ဘယ်လို မြင်သလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ဒါကြောင့်မို့ အဓိကတော့ စစ်တပ်အနေနဲ့ နောက်ဆုတ်ပေးရမယ်။ အခု ဖြစ်နေတဲ့ အခြေအနေမျိုးက ---- ဧရာဝတီအရှေ့ဖက်ပဲဖြစ်ဖြစ် အကုန်လုံး ထိုးစစ်နေတဲ့ အနီးစပ်ဆုံး ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီဟာမျိုး စစ်တပ်တွေက တိုးချဲ့နေတယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ဒီဟာတွေဖက်လည်းပါလိမ့်မယ်။ Ceasefire လုပ်ဖို့ ကြန့်ကြာတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြန့်ကြာတယ်ဆိုတာ အဲဒီဖက်လည်း ပါလိမ့်မယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခု ကျနော်တို့ သိချင်တာက ကချင်ပြည်နယ်ရဲ့ အခုလက်ရှိ ဖြစ်နေတဲ့ အနေအထားတွေမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်က တရုတ်နဲ့ နယ်စပ်ဖြစ်နေတယ်။ နောက်ပြီးတော့ တရုတ်ကုမ္ပဏီတွေက ကချင်ပြည်နယ်ထဲမှာ တော်တော်ကို ကြီးကြီးမားမား ရင်းနှီးမြုပ်နံှမှုတွေ လုပ်ထားတယ်။ တရုတ်အစိုးရရဲ့ interest ကလည်း အများကြီးရှိတယ်။ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ဘယ်လို မြင်သလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ တရုတ်တွေက စီးပွားရေးကို အဓိကဇောင်းပေးပြီးတော့ လုပ်တယ်။ သူတို့ အကျိုးအမြတ်ရှိမယ်ဆိုရင် ဘာမဆိုလုပ်မယ်။ ဒီဒေသခံရဲ့ အကျိုးအမြတ်ကို ဘာမှမကြည့်ဘူး။ ဒေသခံတွေနဲ့ ဆွေးနွေးမှုလည်း မရှိဘူး။ ဒါကြောင့် ဒီဟာကတော့ ရေရှည်မှာ မကောင်းဘူးပေါ့။ ကျနော်တို့ အိမ်နီးနားချင်းလည်း ဖြစ်တယ်။ ကျနော့်အနေနဲ့ ဒီဟာကို ဒါမျိုးပုံစံမျိုးနဲ့တော့ လုံးဝမဖြစ်စေချင်ဘူး။ အဓိကတော့ နိုင်ငံကြီးပီပီ သူတို့အနေနဲ့ စဉ်းစားရမှာက ပြည်သူလူထုတွေနဲ့ ဆွေးနွေးပြီးမှ စီးပွားရေးတွေကိုလည်း ရင်းနှီးမြုပ်နံှမှုကို လုပ်သင့်တယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပြီးခဲ့တဲ့အခေါက် မြစ်ကြီးနားလုပ်သွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျနော်လည်း ရှိခဲ့တယ်။ အရင်နှစ်က လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်က သူ့ကိုယ်စားလှယ် လွှတ်ပြီးတော့ လေ့လာသူအနေနဲ့ တက်ရောက်လာတယ်။ အခုနောက်ပိုင်းမှာလည်း မကြာသေးခင်က တရုတ်အစိုးရက ပြောတာက ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းတွေမှာ သူတို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာအောင် သူတို့ဖက်က အရင်လို မဟုတ်ဘဲနဲ့ ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်မယ်လို့ ပြောလာတာရှိတယ်။ အဲဒီလို သဘောထားပြောင်းလာတဲ့ အနေအထားကို ဘယ်လို မြင်မိသလဲ။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ တကယ်လုပ်ရင်တော့ ကျနော်တို့လည်း ကြိုဆိုရမှာပေါ့။ အဓိကတော့ သူ့ရဲ့ အကျိုးအမြတ်အပေါ် မူတည်လိမ့်မယ်။ သူအကျိုးမရှိဘူးဆိုရင်တော့ လုပ်လိမ့်မယ်မဟုတ်ဘူး။ စိတ်ထားမှန်မှန်နဲ့ အိမ်နီးနားချင်းပီပီနဲ့ သူက လုပ်သင့်တယ်။ ပါဝင်တယ်ဆိုတာ ကောင်းပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်။ စိတ်ထားမှန်ရမှာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါဆိုလို့ရှိရင် အခု ဥပမာဆိုကြပါစို့ သိသာတဲ့ ဥပမာတခုကတော့ မြစ်ဆုံကိစ္စပေါ့။ မြစ်ဆုံဆိုရင် ပြည်သူလူထု၊ ကချင်ဖက်က အပါအဝင် ဗမာလူထုအများစုက ဒါကြီးက မတရားသဖြင့် အရင်စစ်အစိုးရလက်ထက်က လက်မှတ်ထိုးခဲ့တာဖြစ်တယ်။ ဒါက လူထုအတွက် ဘာမှအကျိုးမရှိဘူးဆိုပြီး စီမံကိန်းကြီး ပျက်ဖို့အတွက် campaign လုပ်ကြတော့ လောလောဆယ် ရပ်နေတယ်။ အဲဒီလို ကြီးကြီးမားမား ကိစ္စကြီးတွေ ရှိနေတော့ တရုတ်အနေနဲ့ သူ့ရဲ့ ရင်းနှီးမြုပ်နံှမှုတွေ အများကြီးဝင်ထားပြီးပြီဆိုတော့ သူက တကယ် ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ အခုလို ပြောနေတာ ဖြစ်နေမလား။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ငြိမ်းချမ်းရေးကို လိုလားတာတော့ သူ့အနေနဲ့ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံအတွက်လည်း ကောင်းတယ်။ ငြိမ်းချမ်းရေးဆိုတာကတော့ ရသင့်တယ်။ ဖြစ်သင့်တယ်။ ဒါပေမဲ့ သူ ငြိမ်းချမ်းရေးလုပ်တိုင်း သူ့ရဲ့ investment အပေါ်မှာတော့ အမြဲတမ်းကြည့်မှာပဲ။ သူလုပ်လို့ မရရင်တော့ ရတဲ့နည်းနဲ့ လုပ်မယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ အဓိကတော့ သူ့ရဲ့ လူထုတွေနဲ့ ဆွေးနွေးမှု လုပ်သင့်တယ်။ ဥပမာ မြစ်ဆုံမှာ လုပ်မယ်ဆိုလဲ ကချင်လူထုတွေနဲ့ ဆွေးနွေးသင့်တယ်။ နိုင်ငံတွေနဲ့ ဆွေးနွေးသင့်တယ်။ ဒါမှလဲ ဖြစ်မှာ။ ဒါမှမဟုတ် သူလုပ်ချင်တဲ့ ငွေရှိတိုင်းလုပ်မယ်၊ နိုင်ငံကြီးတိုင်းလုပ်မယ်ဆိုရင် အနာဂတ်အတွက် မကောင်းလက္ခဏာကို ဒီလိုပဲ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကချင်ပြည်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဲ့ နယ်စပ်လည်း ဖြစ်နေတော့ တရုတ်ရဲ့ စီးပွား interest လည်း အများကြီး ရှိနေတော့ တရုတ်ပြည်နဲ့တော့ ကင်းလို့ရမယ် မထင်ဘူး။ အဲဒါက ဘယ်လိုမျိုးလဲ။ အနာဂတ်မှာ ဦးဂမ်ဘရွန်အောင်ခမ်းတို့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ကချင်လွှတ်တော်ထဲ ရောက်သွားပြီဆိုရင် တရုတ်နဲ့ကိစ္စတွေ သဘောက စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ်၊ နယ်စပ်ရေးရာကိစ္စပဲဖြစ်ဖြစ် အဲဒီပြဿနာတွေက တောက်လျှောက်ရှိနေမှာပဲ။ အဲဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ သူက အရမ်းအင်အားကြီးတဲ့အခါကြတော့။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ သူက စိတ်ထားမှန်မှန်နဲ့ မိတ်ဆွေကောင်းပီသစွာနဲ့ ဆက်ဆံသင့်တယ်။ ကြီးတာငယ်တာ ဒါကိုမကြည့်ဘဲနဲ့ အိမ်နီးနားချင်း အမြဲတမ်းတော့ ဆက်ဆံနေရမယ်။ စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံရမယ်။ ကျနော်တို့ ကချင်တွေဆိုလည်း တရုတ်ပြည်မှာ ရှိတယ်။ အမြဲတမ်း ကူးလူးဆက်ဆံရမယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံ၊ ဒေသတခုရဲ့ အခြေအနေကိုတော့ သူက လေးစားရမယ်။ ဒါမှလဲ ကျနော်တို့ ဆက်ဆံတဲ့နေရာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာမယ်လို့ ကျနော်က ဒီလိုမြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်။

ဦးဂမ်ဘရွန်အောင်ခမ်း ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG