သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု-နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး


ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken
ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း ကူးပြောင်းရေးမှာ စိန်ခေါ်မှုတွေ အများအပြား ကျန်နေသေးတယ်ဆိုတာကို သိရှိထားသလို၊ ရွေးကောက်ပွဲ အနိုင်ရ အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲသွားမှာဖြစ်ကြောင်း မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကုမ္ပဏီတွေကတဆင့် စံချိန်စံနှုန်း ပြည့်ဝတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြုပ်နံှမှုတွေကို ဆက်ပြီးအားပေးသွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ (၁၈) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ပြောဆိုချက်တချို့က မနန္ဒာချမ်း က ကောက်နုတ်တင်ပြထားပါတယ်။

မနန္ဒာချမ်း ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်မှုတွေမှာ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့အကြောင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲလွန်ကာလ ဒီမိုကရေစီ အကူးအပြောင်း လုပ်ငန်းစဉ်တွေကို အကဲခတ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ပြီး၊ ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဒုနိုင်ငံခြားရေး ဝန်ကြီး Antony Blinken ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလာမယ့် ဒီမိုကရေစီအစိုးရသစ်နဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမယ်ဆိုတာကို အမေရိကန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက သူ့ရဲ့ ခရီးစဉ်အဆုံးအဖြစ် ဇန်နဝါရီလ (၁၈) ရက်နေ့၊ တနလာၤနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

Antony Blinken ။ ။ ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင် အတူတကွ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ဒါဟာ ပထမဦးဆုံးအကြိမ် လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဖော်ပြနိုင်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အပြင် ဒီတကြိမ်ဟာ ဒီဆန္ဒတွေကို လေးစား အကောင်အထည်ဖော်ပေးမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီရေး ရှေ့ရှုမယ့်အပြင် လူတိုင်းရဲ့ အခွင့်အရေးတွေကို လေးစားမှု ပြသတာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း အခုအောင်မြင်မှုဟာ ဆယ်စုနှစ်ချီပြီး အနစ်နာခံ ကြိုးစားခဲ့မှုတွေရဲ့ရလဒ်ဖြစ်တယ်လို့ ကျနော် ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ အလားတူ စွန့်လွတ်အနစ်နာခံခဲ့ရသူတွေ များစွာလည်း ရှိပါတယ်။ မြန်မာအစိုးရအတွက်ဆိုရင်လည်း ဒါဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ပေးအပ်ထားတဲ့ ကတိအတိုင်း လုပ်ဆောင်နေကြောင်း ပြသမှုပါပဲ။ ဒါကြောင့်မိုလို့ အခုအချိန်ဟာ မြန်မာနိုင်ငံသား အားလုံးနဲ့ ခေါင်းဆောင်တွေအားလုံးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး အစိုးရသစ်တခု ဖွဲ့စည်းဖို့၊ ကွဲလွဲမှုတွေကို ဆွေးနွေးအဖြေရှာကြဖို့ အထူး အခွင့်အလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။

မနန္ဒာချမ်း ။ ။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ လာမယ့် အနာဂတ်မှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရအုံးမယ်ဆိုတာကိုလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုလို ထောက်ပြခဲ့ပါတယ်။

Antony Blinken ။ ။ အခု လာမယ့် အသွင်ကူးပြောင်းရေးကာလဟာ ရှေ့ဆက်ရမယ့် ခရီးစဉ်တွေအတွက် မှတ်တိုင်တခု အဖြစ်သာရှိနေပြီး စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ကြရဦးမှာပါ။ နိုင်ငံအတွင်း ကျယ်ပြန့်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ထူထောင်သွားရမှာဖြစ်သလို ရေရှည်တည်တံ့အောင် လုပ်ဆောင်သွားရမှာပါ။ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေကိုလည်း ဆက်ပြီး လုပ်ဆောင်သွားရဦးမှာပါ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူမျိုးမရွေး ကိုးကွယ်မှုဘာသာမရွေး လူတိုင်းရဲ့ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာဖို့လည်း လိုပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရဟာ ပြည်သူပြည်သားတွေ အားလုံး လိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ လည်ပတ် ဆောင်ရွက်သွား နိုင်တဲ့အထိ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားကြရဦးမှာပါ။ ဒီရည်မှန်းချက်တွေ အားလုံး ပြီးပြည့်စုံတဲ့အထိ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရအဖွဲ့သစ်နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မနန္ဒာချမ်း ။ ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေး ကုမ္ဗဏီတွေကနေတဆင့် စံချိန်စံနှုန်း ပြည့်ဝတဲ့၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီး အားပေးသွားမယ်လို့လည်း ဒု-နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

Antony Blinken ။ ။ ဒီနေ့မနက်ခင်းမှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့နဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အခြေအနေတွေ အပြင် ရှေ့အလားအလာတွေကိုပါ ဆွေးနွေးနိုင်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ အာရုံထား အလေးထား လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တာမှာ လယ်ယာမြေနဲ့ လုပ်သားတွေရဲ့ အခြေအနေတွေ တိုးတက်ရေး ကိစ္စတွေပါ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ကုမ္ဗဏီတွေကနေတဆင့် စံချိန်စံနှုန်း ပြည့်ဝတဲ့၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီး အားပေးသွားမှာပါ။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးမယ့်အပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုတွေလည်း ဖြစ်စေလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သယံဇာတတွေကို အမြတ်ထုတ်သွားရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ အကြောင်းကိုလည်း ကျနော်တို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စတွေ အောင်မြင်ရေးအတွက် အမေရိကန်အစိုးရက အတတ်နိုင်ဆုံး ကူညီသွားမှာပါ။ တချိန်တည်းမှာပဲ စစ်တပ်အနေနဲ့ ထိုးစစ်တွေအကုန်လုံး ရပ်တန့်ပြီး ဒေသတွင်းမှာရှိနေတဲ့ အရပ်သား ပြည်သူတွေဆီ လိုအပ်တဲ့ အကူအညီတွေ ရောက်ရှိစေရေး လမ်းဖွင့်ပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ အလားတူပဲ (မြန်မာနိုင်ငံခရီးစဉ်တွင်း) မနှစ်က သမ္မတ အိုဘားမား ပြောကြားသွားတဲ့အချက် တခုကိုလည်း ကျနော် ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာပြည်သူပြည်သား အားလုံး ယုံကြည်ထားတဲ့အချက် ဖြစ်တယ်လို့လည်း ကျနော် ယူဆထားပါတယ်။ အဲဒါကတော့ မတူညီမှုတွေ ပေါင်းစပ်ယှဉ်တွဲနေထိုင်ခြင်းဟာ အင်အားတခုဖြစ်ပြီး တဦးနဲ့တဦး အမျိုးဘာသာ ယုံကြည်မှုအရ ရန်လိုမုန်းတီးမှုတွေ ပပျောက်စေမယ့်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအပေါ် ဆန့်ကျင်မှုတွေကို ဖယ်ရှားနိုင်မယ့် တိုးတက်မှု လမ်းကြောင်းတရပ် ဖြစ်တယ် ဆိုတာပါပဲ။ ဒီအချက်ကိုပဲ အခြေခံပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှု အပါအဝင် လူမျိုး ဘာသာရေးအရ ခွဲခြား ဆက်ဆံမှုအားလုံးကို စိုးရိမ်ကြောင်း ကျနော် ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း ဆိုရရင်တော့ ဒီပြဿနာတွေဟာ အားလုံးအပေါ် တပြေးညီတည်း သက်ရောက်စေမယ့် ဥပဒေစိုးမိုးမှုနဲ့ပဲ အဖြေရှာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါမှလည်း အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်မယ်။ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မယ်။ လွတ်လပ်စွာ ပညာသင် အသက်မွေးမှုတွေ လုပ်ဆောင်နိုင်မယ်။ ဒါ့အပြင် လူတိုင်းဟာ ဒီမိုကရေစီအခွင့်အရေးတွေကို ညီတူမျှတူ ခံစားကြရမှာ ဖြစ်ပါတယ်။

မနန္ဒာချမ်း ။ ။ အမေရိကန်ပြည်ထောင်စုက ဆက်ပေးမယ့် အကူအညီတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးသွားမယ်ဆိုတာကို အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အဓိက ပြောဆိုပါတယ်။

Antony Blinken ။ ။ အစိုးရအဖွဲ့သစ်ကို ကျနော်တို့ တတ်နိုင်သမျှ ကူညီသွားမှာပါ။ လက်ရှိ တိုးတက်မှုတွေအပေါ် အခြေခံပြီး ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရလာဖို့၊ လူမှုအသိုင်းအဝိုင်းတွင်း ကွဲလွဲမှု ပြေလည်အောင် ဖြေရှင်းသွားရမှာပါ။ ဒါတွေဟာ ပြည်နယ်တွင်း ဆုတ်ယုတ်မှုတွေကို ဖန်တီးနေတဲ့ အဓိက အချက်တွေ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကျနော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေအတွက် ၂၀၁၂ ခုနှစ်စရင် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း (၅၀၀) ကျော် ကူညီပံ့ပိုးပေးခဲ့ပြီးပါပြီ။ ဒီအစီအစဉ်တွေထဲမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စအပြင် လူမှုအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ကဏ္ဍ ပိုမို တိုးတက်လာစေရေးလည်း ပါဝင်ပါတယ်။

မနန္ဒာချမ်း ။ ။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအတွက် ဆွေးနွေးဖြစ်ပါသလားဆိုတဲ့ မေးခွန်းကို ဒု နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုလို ဖြေပါတယ်။

Antony Blinken ။ ။ ဟုတ်ကဲ့။ ဒီအကြောင်းကို သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မေးမြန်းဆွေးနွေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးရဲ့ ထင်ရှားတဲ့ သင်္ကေတတစ်ခုဟာ နိုင်ငံရေးအကျဉ်းသားပေါင်း (၁,၃၀၀) ကျော်ကို လွှတ်ပေးခဲ့တာပါပဲ။ ဒီအချက်ကို ကမ္ဘာက ဂရုစိုက် စောင့်ကြည့်ခဲ့ပြီး ဒီမိုကရေစီရေး ရှေ့ရှုတဲ့ အရေးပါတဲ့ အသွင်ကူးပြောင်းမှုတခုအဖြစ် ယူဆခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေဆဲဖြစ်ပြီး တချို့ကိုလည်း နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ ဆက်လက်ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အစီအစဉ် ပြီးပြတ်အောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။ အစိုးရအသစ် တက်လာတဲ့အချိန်မှာ အသွင်ကူးပြောင်းရေး အဆင့်ပြီးဆုံးသွားပြီ ဖြစ်သလို နိုင်ငံရေးအကျဉ်းသားတွေလည်း တယောက်မှမရှိတော့ဘူးဆိုရင် အခု လက်ရှိအစိုးရအတွက် ကောင်းမွန်တဲ့ သမိုင်းကြောင်းအဖြစ် တွင်ကျန်ခဲ့မှာဖြစ်ပါတယ်။

မနန္ဒာချမ်း ။ ။ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေး ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းကိုလည်း ဒု-နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုလို ဖြေပါတယ်။

Antony Blinken ။ ။ ဒီနှစ်အတွင်း အစိုးရသစ်တက်လာတဲ့အခါ နီးနီးကပ်ကပ် ဆက်ဆံသွားနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော် ပြောချင်တာကတော့ အခုဒီနှစ်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံကို ကျနော်တို့အနေနဲ့ ထောက်ပံ့မှုတွေ ပိုမို လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး ဒါတွေဟာ အစိုးရအသစ် တက်လာရင်လည်း ဆက်လက် ရှေ့တိုးလုပ်ဆောင်သွားမှာပါ။ အခုအချိန်မှာဖြစ်နေတဲ့ အောင်မြင်မှုတွေနဲ့ စိတ်တက်ကြွလှုပ်ရှားမှုတွေကို ကျနော်တို့ နားလည်သလို ရှေ့ဆက်ပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာကိုလည်း သိရှိထားပါတယ်။ အခုတက်လာမယ့်အစိုးရဟာ လူထုရဲ့ ထောက်ခံမှုအပြည့် ရှိတယ်ဆိုတာ ပြသခဲ့ပြီး ဖြစ်တာမို့လည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြည့်အ၀ လက်တွဲလုပ်ဆောင်သွားဖို့ ဘာမှမဖြစ်နိုင်စရာ မရှိပါဘူး။ ဒါကြောင့် မြန်မာအစိုးရသစ်နဲ့ အမေရိကန်အကြား ကျယ်ပြန့်နက်နဲတဲ့ ဆက်ဆံမှု ရှိလာလိမ့်မယ်လို့ပဲ ကျနော် မျှော်လင့်ပါတယ်။

မနန္ဒာချမ်း ။ ။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ချိန်ခွင်လျှာ ပြန်ညှိ့ဖို့လားဆိုတဲ့ မေးခွန်းမျိုးတွေလည်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တချို့က မေးခဲ့ပါတယ်။ မြန်မာ - တရုတ် - အမေရိကန်ဆက်ဆံရေးနဲ့ အနာဂတ် အလားအလာကိုလည်း မစ္စတာ Anthony Blinken က အခုလို ပြောပါတယ်။

Antony Blinken ။ ။ မြန်မာနိုင်ငံမှာ မြန်မာအစိုးရ အပါအဝင် ပြည်သူတွေနဲ့ အမေရိကန်က ပူးပေါင်းဆက်ဆံမှုတွေ လုပ်နေတာဟာ မြန်မာပြည်သူတွေအတွက်ပါပဲ။ တရုတ်အပါအဝင် ဘယ်နိုင်ငံ ဘယ်သူတွေအတွက်မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးနဲ့ အကောင်းဆုံး ဆက်ဆံသွားနိုင်လိမ့်မယ်လို့ပဲ ကျနော်တို့က မျှော်လင့်ထားပါတယ်။ ဒီနေရာမှာ အမေရိကန်နဲ့ ဆက်ဆံမလား၊ တရုတ်နဲ့ဆက်ဆံမလား ဆိုတဲ့ ကိစ္စ မေးစရာကိုမရှိပါဘူး။ တရုတ်နဲ့မြန်မာ ခိုင်မြဲတဲ့ ဆက်ဆံမှုရှိရင် ဒေသတွင်း လုံခြုံမှု၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် အလားအလာကောင်း ဖြစ်ပါတယ်။ ဒါ ကျနော်တို့ လိုလားချက်ပါ။ ဒီ့ထက်ပိုပြီး ပြောရရင်တော့ အခုခရီးစဉ်အပြီး ကျနော့်အနေနဲ့ ဆိုးလ်မြို့တော်နဲ့ ဘေဂျင်းမြို့တော်တွေကို ဆက်သွားဖို့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီနှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံနဲ့ ပိုပြီး နည်းနည်းနက်နက် ဆက်ဆံနိုင်ဖို့ ကြိုးစားနေတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်နိုင်ဖို့လည်း ကြိုးစားနေတာပါ။ အောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပါရီမြို့ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနဲ့ သဘောတူညီမှုတွေ ရအောင်လုပ်နိုင်ခဲ့တာက သာဓက ပါ။ ဒီသီတင်းပတ်အတွင်းမှာ အီရန်နဲ့ နျူးကလီးယား သဘောတူညီချက် ရအောင်လုပ်တဲ့နေရာမှာလည်း တရုတ်နိုင်ငံက အများကြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ ပိုမို ရင့်ကျက်တည်ငြိမ်မှု ရှိလာနေပြီဆိုတော့ မြန်မာ့အရေးမှာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နှစ်ဘက်စလုံးက မလုပ်နိုင်စရာ မရှိပါဘူး။

မနန္ဒာချမ်း ။ ။ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် ပြည်ထောင်စုဘက်က ဘာတွေ ကမ်းလှမ်းခဲ့ပါသလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုလို ပြောပါတယ်။

Antony Blinken ။ ။ ပထဦးဆုံးကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံကို အမေရိကန်က အကူအညီတွေ သိသိသာသာကြီး တိုးမြှင့်ပေးခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ပြချင်ပါတယ်။ အစောပိုင်းက ပြောခဲ့သလိုပဲ ၂၀၁၂ ကနေ စရင်၊ ဒေါ်လာ သန်း (၅၀၀) ကျော် ရှိပါတယ်။ ကျနော်တို့ အဓိက လုပ်ဆောင်ခဲ့တာတွေကတော့ မြန်မာနိုင်ငံမှာ အင်စတီကျုးရှင်းလို့ခေါ်တဲ့ ဖွဲ့စည်းမှု အဆောက်အအုံကြီးတွေ ခိုင်ခိုင်မာမာ ပေါ်ထွန်းလာစေရေး လူသားအရင်းအမြစ်နဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးတွေပဲ ဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းအုပ်ချုပ်ပုံ၊ လူ့အခွင့်အရေး၊ ပြည်သူ့ ဥပဒေ လူသားချင်းစာနာမှုအကူအညီ၊ အားနည်းတဲ့ အစုအဖွဲ့တွေကို ကူညီရေး၊ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်မှု၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာစေဖို့၊ စတာတွေကို ကျနော်တို့ အာရုံထား ကူညီပေးခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း အမေရိကန်ကနေ အခုလို ကူညီဆောင်ရွက်ပေးနေခဲ့တဲ့ အချက်တွေအပေါ် အစိုးရအသစ်အနေနဲ့ ဆက်လက်ပြီး အတူတကွ လုပ်ဆောင်သွားဖို့ပါပဲ၊ လူသားချင်းစာနာတဲ့ ကူညီမှုတွေအပြင် ဖွံ့ဖြိုးရေးအကူအညီတွေကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီထက်ပိုပြီး ခက်ခဲတဲ့ အကြောင်းအရာတခုဖြစ်တဲ့ ပြည်ပရင်းနှီးမြုတ်နှံသူတွေကို စွဲဆောင်နိုင်ဘို့ စီးပွားရေး ကုန်သွယ်ရေး ပြုပြင်မှု အဆင့်တွေ ဘာတွေ လုပ်ရမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးမှုဝါဒတွေ နေသားတကျ ဖြစ်အောင်လုပ်ရမယ့်အပြင် နိုင်ငံပိုပြီး ဖွံ့ဖြိုးလာအောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာဖို့လည်း အဓိက ကျပါတယ်။ ဒါတွေကို အမေရိကန်အနေနဲ့ နည်းပညာအကူအညီတွေ၊ အကြံဉာဏ်တွေ ပေးနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ပုဂ္ဂလိက ကဏ္ဍတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာလည်း ပါပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ခဲ့သမျှ လုပ်နေသမျှတွေအပြင် ရှေ့ဆက်ဘာတွေ လုပ်သွားမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ပဲ ပြောရပါလိမ့်မယ်။

မနန္ဒာချမ်း ။ ။ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက အာရုံစိုက်မှုနဲ့ပတ်သက်လို့လည်း မစ္စတာ Anthony Blinken က အခုလို ပြောဆိုပါတယ်။

Antony Blinken ။ ။ ကျနော်တို့ လတ်တလော အဓိက ထားနေတာကတော့ အစိုးရသစ်ဆီ အာဏာလွှဲပြောင်းရေးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိစေရေးပါပဲ။ အစိုးရသစ်အပေါ် အမျိုးမျိုးမျှော်မှန်း ပြောဆိုနေတာတွေထက် အစိုးရသစ်ဆီကို ဘယ်လို လွှဲပြောင်းပေးမလဲ ဆိုတာ အဓိက ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ ထင်ထင်ရှားရှား ပြသခဲ့တဲ့ သဘောဆန္ဒအရကတော့ နောင်ပေါ်ထွက်လာမယ့် အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ NLD ပါတီရဲ့ ဦးဆောင်မှုပါပဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့ လာမယ့်လတွေအတွင်း ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။

မနန္ဒာချမ်း ။ ။ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ တနလာၤနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်တချို့ပါရှင်။

XS
SM
MD
LG