သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ဖို့အရေး


ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတဲ့အပေါ် တိကျရေရာတဲ့အဖြေ ထွက်မလာသေးပေမယ့်လဲ ရွေးကောက်ပွဲအပြီး ဘယ်သူ သမ္မတဖြစ်လာမလဲဆိုတာကို ထင်ကြေးပေး ပြောဆိုမှုတွေအမျိုးမျိုး ထွက်ပေါ်နေပါတယ်။ လက်ရှိ အဓိက နိုင်ငံရေးပါတီကြီးတွေအကြား အားပြိုင်နေမှုအပေါ် အခြေခံပြီး သမ္မတ ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာတွေကို ကိုဇော်ဝင်းလှိုင် က သီပေါမြို့နယ် ကိုယ်စားပြု SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက လွှတ်တော်အမတ် ဦးရဲထွန်း ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးရဲထွန်း ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက သမ္မတကို ရွေးတဲ့အခါမှာ သမ္မတ ရွေးချယ်ရေးအဖွဲ့ (၃) ဖွဲ့ကနေ တဖွဲ့ကို တယောက်စီ တင်နိုင်တယ်လို့ ဆိုထားတယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော်က တဖွဲ့။ အမျိုးသားလွှတ်တော်က တဖွဲ့နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား အစုအဖွဲ့ကတယောက် အဲဒီလို (၃) ယောက် တင်နိုင်တယ်လို့ ဆိုထားပြီးတော့ အဲဒီလို သူတို့ ရွေးလိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်ထဲကလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲကလည်းကောင်း ဖြစ်ရမယ်၊ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုပြီးတော့ ပြောထားပါတယ်။ အဲဒီလိုဆိုတော့ ရွေးကောက်ခံ မဟုတ်တဲ့ ပုဂ္ဂိုလ်ထဲကလည်း ရွေးချယ်ခံနိုင်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့ သတိထားမိတယ်။ အဲဒီတော့ ပထမအကြိမ်မှာတုန်းကတော့ သမ္မတလောင်းတွေတင်တဲ့အခါမှာ အရွေးကောက်ခံရတဲ့အထဲကပဲ တင်ကြတယ်။ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ဒီလိုပဲ အရွေးကောက်ခံရတဲ့အထဲကပဲ ကျနော်တို့ ရွေးကြတယ်။ ရွေးတဲ့အခါကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများနေရာ လစ်လပ်သွားတယ်။ အဲဒါကြောင့်မို့ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်လိုက်ရတဲ့အခါကြတော့ နေရာ (၄၀) ကျော်မှာ ရွေးကောက်ပြီးတော့ NLD က လွှတ်တော်ထဲကို ဝင်လာနိုင်တာပေါ့။ ဒီဟာက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအကွက်ကို ဖန်တီးပြီးတော့ NLD ကို ဝင်လာစေတာလား။ သို့တည်းမဟုတ် မူလက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ကို သတိမထားမိလို့ ဒီလို ဖြစ်သွားတာလားဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ခဲ့ဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ပါတီတခုအနေနဲ့ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ် ဒုသမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရဖို့အတွက်က သူတို့က လွှတ်တော်ထဲမှာ အမတ်နေရာ (၂၆) ရာခိုင်နှုန်းကို အနိုင်ရမှ ရွေးချယ်ခံပိုင်ခွင့် ရှိတာလား။ သတ်မှတ်ချက်က ဘယ်လောက် ရှိလဲ။

ဦးရဲထွန်း ။ ။ ကျနော်တို့ အခုနပြောတဲ့ (၃) ယောက်။ ပြည်သူ့လွှတ်တော်က တယောက် ရွေးပေးရမယ်။ အမျိုးသားလွှတ်တော်က တယောက် ရွေးပေးရမယ်။ စစ်တပ်အစုအဖွဲ့က တယောက် ရွေးပေးရမယ်ဆိုတဲ့ အခါမှာ လျှို့ဝှက်မဲနဲ့ ရွေးရမှာ ဖြစ်ပါတယ်။ (၃) ယောက် ရလာပြီးတဲ့အခါမှာ ဒီ (၃) ယောက်ကို ပြန်ပြီးတော့ (၁) ယောက် ရွေးရမယ်လို့ ဆိုတဲ့အခါမှာ တကယ်လိုများ ပြည်ခိုင်ဖြိုးပါတီက တပ်မတော်နဲ့လည်း နားလည်မှု ရှိထားတယ်။ စည်းလုံးညီညွှတ်တယ်ဆိုရင် သူတို့မူလ ပြောထားတာက သူတို့ ရွေးကောက်ခံကိုယ်စားလှယ် (၂၆) ရာခိုင်နှုန်းပဲ ပြည်ထောင်စုလွှတ်တော် တခုလုံးရဲ့ (၂၆) ရာခိုင်နှုန်းပဲ ရှိပါစေ။ အရွေးခံရပါစေ။ တပ်မတော်သား (၂၅) ရာခိုင်နှုန်းနဲ့ ပေါင်းပြီးတော့ (၅၁) ရာခိုင်နှုန်း ရှိတာကြောင့် သူတို့က သမ္မတကို ပိုင်ပိုင်နိုင်နိုင် ရွေးချယ်နိုင်လိမ့်မယ်လို့ သူတို့က အဲဒီလို သုံးသပ်ထားတာ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီကြားထဲမှာ NLD ကိုပဲ ဥပမာ ယူကြပါစို့။ ဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေရှိမယ်။ တခြားပါတီငယ်လေးတွေ ရှိမယ်။ သူတို့နဲ့ မဟာမိတ်ဖွဲ့ပြီးတော့ (၅၁) ရာခိုင်နှုန်း ရနိုင်အောင် ကြိုးစားနိုင်ရင်လဲ ဒါလဲ ဖြစ်နိုင်တဲ့ နည်းလမ်းတခုပေါ့။ အဲဒီလိုမျိုး စဉ်းစားလို့ ရတယ်ပေါ့။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ အခုန တိုင်းရင်းသားပါတီလေးတွေကို စည်းရုံးညှိနှိုင်းဖို့ဆိုတာကြတော့ သူတို့ တပါတီထဲ (၅၁) ရာခိုင်နှုန်း (၅၀) ရာခိုင်နှုန်းကျော် မရှိခဲ့ရင်တော့ အဲဒီ ပါတီလေးတွေကို စည်းရုံးရမှာပေါ့။ စည်းရုံးပြီးတဲ့အခါကြတော့ သူတို့က လွှတ်တော်ရဲ့ (၅၀) ရာခိုင်နှုန်းကျော်ရှိရင် သေချာပေါက် လွှတ်တော်ရဲ့ပြင်ပမှာ တိုင်ပင်ပြီးတော့ အဲဒီတယောက်ကိုပဲ ဝိုင်းစုပြုံ မဲထည့်လိုက်ချင်းအားဖြင့် ကိုယ်လိုလားတဲ့လူ သမ္မတဖြစ်သွားမှာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်ဆုံးမှာတော့ လျှို့ဝှက်မဲနဲ့ ရွေးကောက်လိုက်တဲ့ ဒုသမ္မတလောင်း (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်မယ်။ မဲခွဲဆုံးဖြတ်တဲ့နေရာမှာ (၅၁) ရာခိုင်နှုန်း အနည်းဆုံး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိရမယ်။ ဒါပဲပေါ့။

ဦးရဲထွန်း ။ ။ သူက အဲဒီလို စုစုစည်းစည်းနဲ့ ကျနော်တို့က ထည့်ပေးနိုင်ရင်တော့ သေချာတယ်လို့ ပြောတာဖြစ်ပေမယ့် တကယ်လို့ အဲဒီလို စုစုစည်းစည်း မလုပ်ဘဲနဲ့ (၃) ယောက်က မဲတွေ ပြန့်သွားပြီးတော့ တယောက်က ဆိုကြပါစို့ (၃၁) ရာခိုင်နှုန်းနဲ့ ကျန်တဲ့လူက သူထက်နည်းတဲ့မဲနဲ့ အများဆုံးရတဲ့လူက သမ္မတ ဖြစ်မှာပဲ။ ဆိုလို ချင်တာကတော့ … (၅၁) ရာခိုင်နှုန်း မဟုတ်ဘဲနဲ့ (၃) ယောက်ထဲက အများဆုံးရတဲ့လူက သမ္မတ ဖြစ်မှာပဲ။ အဲဒီလို ကွဲသွားတဲ့ အနေအထားနဲ့လဲ ဖြစ်နိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ လောလောဆယ်မှာတော့ ဦးသိန်းစိန်က သူတယောက်ရှိမယ်။ ပြည်ခိုင်ဖြိုးဘက်က။ ဦးရွှေမန်းကလည်း တက်လာနိုင်တယ်ဆိုတဲ့ အလားအလာ ရှိပါလား။ ကြားမိလား။ ဦးရဲထွန်းတို့ ဘယ်လို ခန့်မှန်းမိလဲ။ အချင်းချင်းကြားထဲမှာ။

ဦးရဲထွန်း ။ ။ ကျနော် ခန့်မှန်းတာက ဦးရွှေမန်းတို့ရဲ့ ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီအနေနဲ့ သမ္မတလောင်း ဖြစ်ဖို့အတွက်ဆိုရင် အရွေးကောက်ခံထဲကပဲ ရွေးရမယ်လို့ အဲဒီလို အကြမ်းမျဉ်းမူ ချထားတယ်လို့ ကြားရပါတယ်။ အဓိပ္ပါယ်ကတော့ သမ္မတအဖြစ်နဲ့ ယှဉ်ပြိုင်အရွေးခံချင်တဲ့လူက စစ်တပ်ကတင်တဲ့လူ မဖြစ်ရဘူး။ သူတို့ ထောက်ခံတဲ့လူက ရွေးကောက်ခံကိုယ်စားလှယ်ထဲကပဲ ဖြစ်ရမယ်လို့ အဲဒီလိုမူ ချထားတယ်လို့ ကြားရပါတယ်။ ဒီလို ဆိုလိုက်တဲ့အတွက်ကြောင့်မို့ ဦးသိန်းစိန်က ဝင်အရွေးမခံတော့ဘူး ဒီလိုဆိုရင်။ သူတို့ ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ သမ္မတ ဖြစ်နိုင်တဲ့လူကို ဘောင်ရှုံ့လိုက်တာ ဖြစ်ပြီးတော့ ဦးရွှေမန်းကတော့ မုချ ရွေးကောက်ပွဲဝင်မယ်လို့ ဆိုတာဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို မုချဝင်မယ်ဆိုရင် နိုင်မယ်လို့ သေချာပေါက် ပြောနိုင်တဲ့နည်းကတော့ သူဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေမှာ NLD က ဝင်မပြိုင်ဖို့ သူ့အနေနဲ့ ညှိနှိုင်းနိုင်လို့ရှိရင် အဲဒီဒေသမှာ သူက မုချအရွေးခံရတဲ့ ကိုယ်စားလှယ် ဖြစ်နိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပေါ်လစီက စောစောက ဦးရဲထွန်းပြောသလို ရွေးကောက်ပွဲဝင်ပြီး အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုသာလျှင် ဒုသမ္မတလောင်းအဖြေစ် ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ ပါတီမူ ချမှတ်ထားတယ်ဆိုရင် ဦးသိန်းစိန်က အပြင်မှာ ထွက်ထိုင်နေတယ်။ ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့အခါကြတော့ သူက တပ်မတော်ကိုယ်စားလှယ်အနေနဲ့ တက်လာမယ်။ ပြီးတော့မှ သူတို့ချထားတဲ့ မူအရဆိုရင် သူကို လွှတ်တော်ထဲမှာ မဲခွဲကြတဲ့အခါ ပြည်ခိုင်ဖြိုးပါတီက မဲမပေးဘူးဆိုရင် တပ်မတော်ကိုယ်စားလှယ်အနေနဲ့ တက်လာတယ်ဆိုအုံးတော့ (၂၅) ရာခိုင်နှုန်းပဲ သူရမှာပေါ့။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ အဲဒီလို အနေအထားမျိုးဖြစ်ရင် ဦးသိန်းစိန်အနေနဲ့ …မှန်ပါတယ် သူ့ထောက်ခံမဲက (၂၅) ရာခိုင်နှုန်းတိတိပဲ ရှိမှာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါက အကုန်လုံး ထောက်ခံတယ်ဆိုမှ။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ အကုန်လုံး ထောက်ခံတယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲက (၂၅) ရာခိုင်နှုန်းတိတိပဲ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါဆိုရင် NLD ဘက်ကရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံ အနေအထားအရ (၅၉-စ) နဲ့ ငြိစွန်းနေတဲ့အတွက် သမ္မတဖြစ်ပိုင်ခွင့် မရှိဘူး။ NLD ဘက်က တခြားတက်လာနိုင်စရာရှိတယ်ဆိုပြီး တစ်ပြေးနေတာက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး အဲဒီလိုမျိုး ဥပမာပေးနေတာ ရှိတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲဝင်မယ်။ သူ လွှတ်တော်ထဲရောက်မယ်။ ဦးတင်ဦးက အပြင်မှာ ထိုင်စောင့်နေပြီးတော့ ဒုသမ္မတလောင်းအဖြစ်နဲ့ NLD ဘက်က တက်လာတဲ့ ကိုယ်စားလှယ် ဖြစ်နိုင်ပါလား။

ဦးရဲထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ (၅၉-စ) ကို မပယ်ဖြုတ်နိုင်တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာမှာပဲ ဝင်ပြီးတော့ ဆောင်ရွက်မယ်လို့ သူတို့ ယာယီအားဖြင့် ရာထားလိုက်ပြီ။ အဲဒီတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကတော့ ဦးဉာဏ်ဝင်းလို့ ရာထားလိုက်ပြီ။ သမ္မတနေရာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ကို ရာထားတယ်ဆိုတဲ့အတွက်ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကလဲ ရွေးကောက်ပွဲ မဝင်ဘဲနဲ့ အပြင်ကနေ ထိုင်စောင့်နေတာက ပိုကောင်းတာပေါ့။ ဒီလို လုပ်ချင်းအားဖြင့် သူတို့ထဲကနေ ရွေးကောက်ခံ ကိုယ်စားလှယ်တယောက် လစ်လပ်သွားပြီးတော့ လွှတ်တော်မှာ အင်အားတခု လျော့နည်းသွားတဲ့ ဥစ္စာကို ကာကွယ်နိုင်တာပေါ့။ ဒါ လျော့နည်းသွားလို့ရှိရင် ကြားဖြတ်ရွေးကောက်ပွဲက ဘယ်တော့ လုပ်မလဲဆိုတာကလဲ ကျနော်တို့ နိုင်ငံရေးပါတီတွေက မဆုံးဖြတ်နိုင်ဘူး။ ရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက်ကြောင့် သမ္မတအဖြစ်နဲ့ ရာထားတဲ့လူက အပြင်မှာပဲ ထိုင်စောင့်နေတာ ကောင်းတာပေါ့။ ကျနော် ပြောတဲ့အတိုင်းပဲ လုပ်လိမ့်မယ် ထင်ပါတယ်။ အဲဒီလို ဆိုလို့ရှိရင် သူတို့ စဉ်းစားရမှာက (၅၀) ရာခိုင်နှုန်းကျော် လွှတ်တော်နှစ်ရပ်ပေါင်း (၅၀) ရာခိုင်နှုန်းကျော် နိုင်ပြီဆိုရင် သူတို့က ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးကို တကယ်တင်နိုင်တယ်။ တကယ်တင်ပြီးတဲ့အခါကြတော့ သမ္မတရဲ့ အောက်မှာ သူတို့ လိုလားတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို ခန့်ထားနိုင်တယ်။ ဒါမှ မဟုတ်ရင်လဲ သူတို့မှာ အင်အားရှိတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့အတွက် (၅၉-စ) ဖြုတ်ပယ်ရေးအတွက် တပ်မတော်က တင်လာတဲ့ ဦးသိန်းစိန်နဲ့ ညှိနှိုင်းပြီးတော့ အပေးအယူ လုပ်မလားဆိုတာကတော့ ကာယကံရှင်တွေနဲ့ သူတို့ နိုင်ငံရေးပါတီရဲ့ သဘောထားအပေါ်မှာ အများကြီးတည်တာပေါ့။ ဆိုလိုချင်တာက သူတို့ကြိုက်တာ လုပ်လို့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တဘက်မှာ ပြည်ခိုင်ဖြိုးပါတီကလည်း သမ္မတဦးသိန်းစိန် နဲ့ ဦးရွှေမန်း နှစ်ယောက်နဲ့တင် ကိစ္စက ပြီးတာမဟုတ်ဘူး။ လောလောဆယ်မှာ သမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားထဲမှာ နိုင်ငံရေးအယူအဆ မတူတာတွေ တော်တော်ကြီးကြီးမားမား ရှိနေတယ်ဆိုပြီးတော့ အပြင်မှာ သတင်းတွေ ထွက်နေတယ်။ ဒါပေမဲ့ တဘက်မှာ သူတို့နှစ်ယောက်အပြင် အောက်မှာ အများကြီးရှိသေးတယ်။ ဦးစိုးသိန်းတို့လို ထိပ်ပိုင်းခေါင်းဆောင်တွေ။ ဦးအောင်သောင်းကတော့ ကျန်းမာရေးအခြေအနေအရ အခုလိုမျိုး ပါဝင်ခွင့်မရှိတော့တဲ့ အနေအထားမှာ ဖြစ်သွားပြီ။ ဒါပေမဲ့ တခြား ဗိုလ်ချုပ်ဌေးဦးတို့ အောက်မှာ အများကြီး။ အများက ယူဆနေတဲ့ Hard liner လို့ခေါ်တဲ့ သဘောထား တင်းမာတဲ့လူတွေလည်း ရှိနေသေးတယ်။ ပါတီထိပ်ပိုင်းမှာ။ အဲဒီလူတွေက လက်ခံပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင် (၂) ယောက်အကြားမှာ ညှိတဲ့ကိစ္စကို။

ဦးရဲထွန်း ။ ။ တကယ်လို့သာ ဦးသိန်းစိန်က သမ္မတ ဆက်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ ဖြစ်ချင်စိတ် ပြင်းပြင်းထန်ထန် ရှိနေတယ်။ သူ့ပါတီကလည်း လိုလားတယ် ဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးက သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် NLD တို့ စေ့စပ်ညှိနှိုင်းတဲ့အထဲမှာတော့ ပြည်ခိုင်ဖြိုးက ဘေးရောက်သွားမှာပေါ့။ တကယ်လို့ လွှတ်တော်ထဲမှာ NLD က (၅၀) ရာခိုင်နှုန်းကျော် အင်အားကို ကိုင်ထားနိုင်မယ်ဆိုရင် သူနဲ့ တပ်မတော်အင်အားစုနဲ့ ပေါင်းလိုက်ရင်ပဲ (၇၅) ရာခိုင်နှုန်းကျော်တဲ့ အတွက်ကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တဲ့ အင်အားရှိသွားပါပြီ။ အဲဒီလို ပြင်တဲ့ဟာကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ချင်တယ်ဆိုရင် အရာမရောက်တော့ဘူးပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ တခု မေးစရာရှိတာက စိတ်ကူးယဉ် သိပ်ဆန်မနေဘူးလား။ ဒီလိုဖြစ်နိုင်ချေ အလားအလာက။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ သိပ်ပြီးတော့ မဖြစ်နိုင်တဲ့ ကိစ္စပေါ့။ သို့သော်လဲ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာ မရှိတဲ့အတွက်ကြောင့်မို့ ထာဝရအကျိုးစီးပွားပဲ ရှိတယ်လို့ ဆိုထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မဖြစ်ဘူးလို့ မပြောနိုင်သလို။ တကယ်ဖြစ်လာရင်လဲ ဒါက တပ်မတော်နဲ့ NLD ကြားမှာ အလွန်ကို ကောင်းတဲ့ပူးပေါင်းမှု၊ နီးကပ်မှုလို့ ကျနော်တို့ သုံးသပ်ရမှာ ဖြစ်ပြီးတော့ တိုင်းပြည်အတွက်လဲ အင်မတန် ကောင်းတဲ့အလားအလာလို့ ကျနော်တို့ ယူဆနိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍကရော သူတောင်မှ ပါမလိုလို တပ်မတော်ကတင်တဲ့ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ တက်လာမလိုလို၊ ဘာလိုလို အသံတွေ ထွက်နေပြန်တယ်။ သူ့ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိမလဲ။ ကာကွယ်ရေးဦးစီးချုပ်က ဒီဟာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား။ သူမှာ နိုင်ငံရေး ambition သမ္မတဖြစ်လိုတဲ့ဆန္ဒ မရှိဘူးလား။

ဦးရဲထွန်း ။ ။ ကျနော် တွေးတာက တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုဆန္ဒ ရှိခဲ့တယ်။ တိုင်းပြည်ကိုလည်း သမ္မတအဖြစ်နဲ့ ဆက်လက်ပြီးတော့ ဦးဆောင်ချင်တဲ့စိတ်ရှိတယ် ဆိုလို့ရှိရင်တော့ သူက ဦးသိန်းစိန်က နားသွားမယ်။ ဒုသမ္မတအဖြစ်နဲ့ မလုပ်တော့ဘူးဆိုရင်တော့ ဦးသိန်းစိန်နေရာမှာ ဦးမင်းအောင်လှိုင် တက်လာခဲ့တယ်ဆိုရင်လဲ ဦးမင်းအောင်လှိုင်က NLD နဲ့ ညှိနှိုင်းတဲ့ ဇာတ်ကောင် ဖြစ်သွားမှာပေါ့။ ဦးသိန်းစိန် မဟုတ်တော့ဘဲနဲ့ ဦးမင်းအောင်လှိုင် ဖြစ်မယ်။ NLD က (၅၀) ရာခိုင်နှုန်းကျော် နိုင်ထားတယ်လို့ ကျနော်တို့က ယူဆထားမယ်ဆိုရင် ဇာတ်ကောင်က ဦးသိန်းစိန် မဟုတ်တော့ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ဦးမင်းအောင်လှိုင် ဖြစ်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းတာကို သူက ဆက်လုပ်နိုင်မှာပေါ့။ အဲဒီလိုဆိုရင်လဲ ဇာတ်လမ်းက တမျိုးဖြစ်သွားမှာပေါ့။

XS
SM
MD
LG