သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေလိုသလို အသုံးချမှု ပြုပြင်ဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း


မြန်မာနိုင်ငံမှာ အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေကို အလျှော့အတင်းလုပ်ကြ၊ လိုသလို အသုံးချနေကြတာကို ပြုပြင်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကတည်းက လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာပေမဲ့ လူ့အခွင့်အရေးကို လေးစားတတ်ဖို့နဲ့ လူ့အခွင့်အရေး ဗဟုသုတတွေရှိဖို့ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားတတ်တဲ့ အလေ့အကျင့် မွေးမြူပေးဖို့ အဓိက လိုအပ်ပါတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောသွားတာပါ။

“ကျနော့်ရဲ့ ၃ နှစ်တာ လေ့လာမှုအပေါ်မှာ ခြုံငုံပြီးတော့ အရေးကြီးဆုံးတချက်ကို ပြောပါဆိုရင်တော့ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ ဒီထက်ပိုမိုပြီးတော့ရင် ရှိဖို့လိုပါတယ်။ လူ့အခွင့်အရေး ဗဟုသုတတွေ ပြည့်ပြည့်၀၀ ရှိဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကို လေးစားတဲ့ အလေ့အကျင့်တွေ ကျနော်တို့ မွေးမြူပေးဖို့ လိုပါတယ်။ ဒါဟာ အဓိကအကျဆုံးပါ။ ဒီဟာကို ကျနော်တို့ တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အခြေအနေက ဒီထက်ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျနော်ကတော့ ရှုမြင်ပါတယ်။”

မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ လူ့အခွင့်အရေး အခြေအနေက နောက်ပြန်ဆွဲနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကြေညာချက်ထွက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အခုလို မျိုး ပြောသွားတာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့တော့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်တဲ့ ဘောင်အတွင်းက အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်ကပဲ ပြောပါတယ်။

“ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်ပေးတဲ့ အတိုင်းအတာ အတွင်းမှာတော့ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရသင့်သလောက် ရပါတယ်။ ဒါတွေကတော့ ပြီးခဲ့တဲ့နှစ်တွေမှာရော အခု ၂၀၁၅ မှာရော ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ လက်ခံနိုင်တဲ့ အနေအထားပေါ့လေ ရှိပါတယ်။ ဒီထက် တိုးမြှင့်ပြီးတော့ ဆောင်ရွက်နိုင်ရင်တော့ ပိုပြီးတော့ ကောင်းမွန်ပါတယ်။”

ဒီနေရာမှာ အရေးကြီးဆုံးက အားလုံးလိုက်နာရမယ့် တည်ဆဲဥပဒေဖြစ်ပြီးတော့ ဒီဥပဒေကို အသုံးချတဲ့ နေရာမှာ မှန်ကန်မှု ရှိဖို့လိုသလို၊ ဥပဒေကလည်း လူ့အခွင့်အရေးကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရမယ်လို့ ဦးစစ်မြိုင်က အခုလို ပြောပါတယ်။

“ဥပဒေကို လိုရင်လိုသလို သုံးတယ်ဆိုတဲ့ အပိုင်းတွေကတော့ အရေးယူတဲ့လူလည်း ယူတယ်၊ မယူတဲ့လူလည်း မယူဘူး။ ဥပဒေကိုလည်း အလျှော့အတင်းနဲ့ အသုံးချနေတယ်ဆိုတာတွေကိုတော့ ကျနော်တို့လည်း ကြားနေရ၊ တွေ့နေရတာ ဖြစ်ပါတယ်။ အဲတော့ တရားဥပဒေကြောင်းနဲ့ သွားတဲ့အပိုင်းကိုတော့ ကျနော်တို့ရဲ့ ဆောင်ရွက်ပိုင်ခွင့်ကိုတော့ ပေးမထားပါဘူး။ ပေးမထားတဲ့အတွက် ကျနော်တို့အနေနဲ့ လေ့လာတဲ့သဘောပဲ ရှိပါတယ်။ ဒီဟာတွေကတော့လည်းပဲ ကျနော်တို့ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ အခြေခံ သဘောတရားအပေါ်မှာတော့ ဒီအပေါ်မှာ ပိုပြီးတော့ရင် ကျင့်သုံးသွားဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင် ပြောသွားတာပါ။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကန့်သတ်တာတွေ၊ ဘာသာရေးဆိုင်ရာ သည်းခံနိုင်စွမ်း လျော့ပါးလာတာတွေနဲ့ ကျင့်ဝတ်နဲ့မညီဘဲနဲ့ လူထုကို ထိခိုက်အောင်လုပ်တဲ့ အာဏာပိုင်တွေကို အရေးမယူဘဲနဲ့ လျစ်လျူရှုနေတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ နောက်ပြန်ဆွဲတဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လမှာ တင်ပြမှာ ဖြစ်ပါတယ်။ သူတို့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံမှာ ပိုပြီးတော့ လုပ်ပိုင်ခွင့်ပေးဖို့နဲ့ မြန်မာအစိုးရဘက်ကလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုရှိအောင် လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို အကြံပြုထားပါတယ်။

XS
SM
MD
LG