သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ လွှတ်တော်အတည်ပြု


မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားနဲ့ မယူဖို့ ဥပဒေအရ တားမြစ်ထားချက် မပါဝင်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

အခြားသောဘာသာတွေမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ဘာသာဝင် အမျိုးသမီးတွေကို ကာကွယ်မှုတွေရှိသလို မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုလည်း ကာကွယ်နိုင်ဖို့ ဥပဒေတွေ ရှိသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှု ရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့တာနဲ့ ပတ်သတ်ပြီး အချို့သော လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကတော့ အခြားဘာသာဝင်တွေလို ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမျိုး လိုအပ်ကြောင်း၊ ဒီလို လိုအပ်တဲ့အတွက် ဥပဒေ ပေါ်ထွက်လာနိုင်ဖို့ တင်ပြခဲ့တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့က အရှင် သောပါက က ပြောပါတယ်။ ဥပဒေအပေါ်မှာ ဝေဖန်မှုတွေ ရှိပေမဲ့ ဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားအမျိုးသားက လက်ထပ်ခြင်း မပြုရလို့ တားမြစ်ထားခြင်း မရှိကြောင်း ဥပဒေကို သေချာစွာ ဖတ်ရန်လိုကြောင်း အခုလို ပြောပါတယ်။

“ဦးဇင်းတို့ အခုပြထားတဲ့ဥပဒေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ကျန်တဲ့ဘာသာခြားတွေက မယူရဘူးလို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ ဥပဒေကိုဖတ်ရင်သိတယ်။ နောက်တခုက ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ်၊ အစ္စလာမ်က အစ္စလာမ်အမျိုးသမီးကို ယူတဲ့သူ မှန်သမျှ အစ္စလာမ်ပဲ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိတာရော သိဖူးသလား။ ဟိန္ဒူကို လိုချင်လို့ရှိရင် ဟိန္ဒူဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိပြီးသား။ ခရစ်ယာန်ဘာသာကိုယူရင် ခရစ်ယာန်ဘာသာ ဖြစ်ရမယ်ဆိုတဲ့ ခရစ်ယာန်ဘာသာမှာ ရှိတာရော သိဖို့လိုအပ်တယ်။ ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့ ဥပဒေ တခါမှ မရှိခဲ့ဖူးဘူး။ အခု ပြဌာန်းတာက ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ်ဆိုတာတောင် မပါဘူး။ အဲဒါ လွန်သလား။ သူတို့ပြောနေတဲ့ ၁၉၅၄ ဥပဒေကလည်း ဘာမှ လုံလောက်မှုမရှိလို့ ဒါတွေကို ရှေ့ဆက်ပြီးတော့ တောင်းဆိုတဲ့သဘောမျိုး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာအများစုဖြစ်ပေမဲ့ ဒီအင်အားကို ဗုဒ္ဓဘာသာအတွက် အခွင့်အရေး အများကြီးယူထားတာ မဟုတ်ဘူး။ ဟိုဘက်က ရှိသလိုမျိုးလေး တန်းတူအဆင့်အတန်းမျိုးလေး ရအောင်လို့ တောင်းဆိုထားတာပဲ ရှိတယ်။ တကယ်ဆိုရင် ဒီဥစ္စာတွေက ဒီထက်မကတောင် တောင်းဆိုသင့်တယ်။”

အမျိုးသမီးအရေးလှုပ်ရှားသူ အခရာအဖွဲ့က မထားထားကတော့ ဒီဥပဒေဟာ အမျိုးသမီးတွေအပေါ်မှာ အမှန်တကယ် ကာကွယ်မှု မပေးနိုင်ကြောင်း၊ နိုင်ငံရေးလှည့်ကွက် တခုသာဖြစ်ကြောင်း ဥပဒေနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ချစ်တယ်၊ ကြိုက်တယ် ဆိုရင် ဘယ်သူ့ကိုမှ ပြောတော့မှာမဟုတ်ဘူး။ အဲဒါသည် မြန်မာအမျိုးသမီးတွေအတွက် ပိုတောင်မှ အန္တရာယ်များသေးတယ်။ တိတ်တိတ်လေးယူမယ်။ အဲဒီအတွက် violence ဖြစ်လာတယ်ဆိုရင် ကြိတ်ပြီး ခံရတော့မယ့် အခြေအနေမှာ ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကာကွယ်ပေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးသွားလို့ရှိရင် ဒါက discriminatory ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတိုင်းကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေချည်းပဲ ရှိတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဟိုး ဘိုးစဉ်ဘောင်ဆက်ထဲက တိုင်းရင်းသားအများကြီးနဲ့ နေလာတဲ့ဟာကို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ လုပ်ထားတာချည်း ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ဟာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ပေါ့နော်။ ပြီးသွားရင် မြန်မာအမျိုးသမီးတွေ တော်တော်များများကိုလည်း တကယ်တမ်း ကာကွယ်ပေးမယ့်ဥပဒေ ဟုတ်မနေဘူးပေါ့နော်။ ဒါသည် နိုင်ငံရေးလှည့်ကွက်တခုလို့ပဲ အတိအကျကို မြင်တယ်။”

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဗုဒ္ဓဘာသာဝင် မိန်းမတွေနဲ့ တခြားသာသာဝင် ယောကျ်ားတို့ လက်ထပ်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် မိန်းမတွေကို အကာအကွယ်ပေးဖို့ ဒီဥပဒေကို ပြဌာန်းတာဖြစ်တာကြောင့် ဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းကတော့ ဒီဥပဒေဟာ ဘာသာမတူ တိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်တာကြောင့် မပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ မဲခွဲမှုအရ ဥပဒေကို အတည်ပြုဖို့ မဲနိုင်ခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာပါ။

အမျိုးသမီးအရေး ကူညီပေးနေသူ ဒေါ်ဆွေဇင်ထိုက်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“ကျမတို့မှာ ဟိုးအရင်ကတည်းကတော့လေ လက်ထပ်ထိမ်းမြားခြင်းဥပဒေဆိုတာ ရှိပြီးသားပဲ။ ကျမတော့လေ ဒါ Human Rights နဲ့လည်းဆိုင်တယ်။ ကိုယ့်ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် လူတိုင်းမှာ ရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေအသစ်ကြီး အနေနဲ့တော့လေ ကျမ မလိုအပ်ဘူးလို့ ထင်တာပါပဲ။ လက်ထပ်တယ်ဆိုတာက လူနှစ်ယောက်ကြားမှာဆိုတော့ ဒီ issue ဟာ သိပ်ကို နက်နဲတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကျေနပ်လို့ ကိုယ်ရွေးချယ်လို့ ရှိရင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲလေ။ စောစောစီးစီးထဲက ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်အောင် သင်ပေးထားဖို့ပဲ လိုတယ်။ ကိုယ့်ကိုယ်ကိုပဲ ကောင်းစွာ စောင့်ရှောက်ရမှာလေ။ ဘယ်လောက်ကြီးပဲ ဥပဒေတွေ ထုတ်ထား ထုတ်ထားလေ။ ခိုးလုပ်တဲ့သူကတော့ လုပ်တာပဲ။ ကိုယ့်ကိုယ်ကို လုံခြုံအောင်လို့ ကိုယ့်ဟာကိုယ် စောင့်ရှောက်တတ်အောင် သင်ပေးလိုက်ရမယ်။”

ဒီဥပဒေကို ပြဌာန်းနိုင်ခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ ဘာသာခြားတဦးဦးနဲ့ လက်ထပ်ဖြစ်ပါက မိမိဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှာဖြစ်သလို၊ ကွာရှင်းဖြစ်ခဲ့ပါက ခံစားခွင့်နဲ့ ကလေးပိုင်ဆိုင်ခွင့်တွေကို ဥပဒေမှာပါတဲ့အတိုင်း ဆုံးဖြတ် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ဥပဒေအရ ဘာသာခြား အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးကို ဘာသာကိုးကွယ်ခွင့်အပေါ် ကန့်ကွက်ခြင်း၊ တားဆီးခြင်းများ လုပ်ဆောင်ပါက ထောင်ဒဏ်ကျခံနိုင်ကြောင်း ဥပဒေမှာ ဖော်ပြထားပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ လက်မှတ်ထိုးကာ ပြဌာန်းခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေနဲ့ ကုလသမဂ္ဂ က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG