သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်စိတ်နဲ့ နှစ်သစ်ကြိုတဲ့ ထိုင်းရောက်မြန်မာများ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြင်ကွင်း။

လိပ်ကျွန်းလူသတ်မူကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံ က ဆက်ဆံရေး အခြေအနေ တင်းမာမူတွေဖြစ်မှာကို စိုးရိမ်ပြီး နှစ်သစ်ကူး မှာ မြန်မာတွေ အလုပ်ရက်ရှည် ပိတ်ပေမဲ့ အရင်နှစ်တွေလို လည်ပတ်မူတွေ သိပ်မရှိဘူး လို့အလုပ်သမားတွေကဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှု နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား၂ ဦးကိုအပြစ်ရှိတယ်ဆိုပြီး ထိုင်းတရားရုံး တခုကနေ သေဒဏ် ချမှတ်လိုက်ပြီးတဲ့ နောက် မှာတော့ မြန်မာနိုင်ငံ တွင်းမှာ မငြိမ်သက်မူတွေ ဖြစ်ပေါ်သလို ထိုင်းနိုင်ငံတွင်းက အလုပ်သမားတွေကြား မှာလည်း မကျေနပ်မှုတွေနဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

အခုလို နှစ်သစ်ကူး ကာလမှာ စက်ရုံအလုပ်ရုံတွေက အနည်းဆုံး ၄ ရက်ခန့် အလုပ်တွေ ပိတ်ပေမဲ့ အလည်အပတ်တွေ မထွက်ရဲဖြစ်နေကြတယ် လို့ မဲဆောက်မြို့က အလုပ်သမားတဦးက ပြောပြပါတယ်။

“ အခုက သွားသွားလာလာဆို သိပ်ပြီးတော့ မသွားကြဘူး။ စက်ရုံအလုပ်သမားတွေ ဆိုရင် စက်ရုံဝင်း အတွင်းလောက်ပဲ နေကြတာ ရှိတယ်။ ပြင်ပ အသွားအလာ သိပ်မရှိကြဘူး။ မသွားတာမှ သူတို့ ဈေးထဲတောင် သိပ်မသွားကြဘူး။ ဒီဒေသက နီးနီးနားနား ရှိတဲ့လူတွေလောက်ပဲ ဒီဒေသလောက်ကိုပဲ သွားကြတယ်။ ကျန်တဲ့ အပိုင်းတွေကို မသွားကြဘူး။ မြန်မာပြည်မှာ ဒီလိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီမြန်မာနိုင်ငံသားတွေ က မြန်မာပြည်မှာလည်း ဆန္ဒပြတယ် ၊နယ်စပ်တွေမှာလည်း ဖြစ်လာတဲ့ အခါကျတော့ ဒီဖက်တွေမှာလည်း နဲနဲလန့်ဖြန့်နေကြတယ် ဒီရောက်နေတဲ့ မြန်မာတွေက ။ နှစ်သစ်ကူးက ခါတိုင်းနှစ်တွေနဲ့မတူဘူးပေါ့။ ဒီနှစ်က ဘယ်လိုပြောရမလဲ ဆိုတော့ ။ ပျော်ဖို့က တော်တော်လေးစဉ်းစားရမယ့် ပုံစံမျိုးဖြစ်နေပြီ။ အပြင်မှာ ဘာရှိသလဲ ဆိုတာ ဒီ ၇ ရက်ဈေးကြီးတောင်မှ ဒီလို ၇ ရက်ဈေး ၂ ရက်ဖွင့်တဲ့ ဥစ္စာတောင်မှ မသွားရဲကြတော့ဘူး။ မလာရဲကြတော့ဘူး ။ ခါတိုင်းဆိုရင် ရုံးရုံး ရုံး ရုံးနဲ့ အလုပ်နဲ့ ညဆိုရင် အညောင်းအညာပြေဆိုပြီးတော့ လမ်းလျှောက်ထွက်ကြတယ်။ အခုက အဲဒီဈေးသွားဖို့တောင် မစဉ်းစားရဲကြတော့ဘူး။”

မဲဆောက်မြို့ဟာ မြန်မာနိုင်ငံသား အများဆုံး ဝင်ပေါက်ထွက်ပေါက် လိုဖြစ်နေတဲ့ မြိုဖြစ်ပြီး နှစ်သစ်ကူးကာလဆိုရင် ဈေးဝယ်လာသူတွေ နဲ့ စည်ကားနေ တဲ့မြို့ဖြစ်ပါတယ်။ အခုအခါမှတော့ စိုးရိမ်မူတွေကြောင့် မြန်မာတွေ သိပ်မလာရဲကြဘူး လို့လည်း ပြောကြပါတယ်။

အလားတူ မြန်မာလူဦးရေသောင်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ အများအပြား ရှိတဲ့ စမုတ်စာခွန် ခရိုင် ထဲမှာလည်း မြန်မာတွေ နှစ်သစ်ကူးမှာ အပြင်သိပ်ထွက်မရဲကြတော့ပဲ မပျော်နိုင်ကြဘူးလို့ဆိုပါတယ်။

လိပ်ကျွန်း လူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ထိုင်းနဲ့ မြန်မာကြားမှာ တင်းမာမူတွေ ဖြစ်နေတယ် လို့ ယူဆနေကြပြီး အဖမ်းဆီးတွေ များလာမှာကို စိုးရိမ်နေကြတာပါ။ ဒီနှစ်မှာတော့ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းသူတွေ ကို တင်းတင်းကြပ်ကြပ်စစ်ဆေးအရေးယူနေတာတွေ ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ အတွက် နိုင်ငံကူး လက်မှတ် အထောက်အထား မရှိတဲ့ မြန်မာတွေအတွက် ပိုပြီးစိုးရိမ်နေကြပါတယ်။

တဖက်မှာလည်းထိုင်းနဲ့ မြန်မာကြားမှာ လိပ်ကျွန်းအရေးနဲ့ ပတ်သက်လို့ ဆန္ဒပြမူတွေဖြစ်နေသလို့ ဆက်လက်ပြီး တင်းမာမှုတွေ ဖြစ်မလာစေဖို့နဲ့ ထိုင်းဆန့်ကျင်ရေးတွေ ဖြစ်မလာစေဖို့အတွက် ဆွေးနွေးပြောဆိုမူတွေလုပ်နေချိန်မှာဘဲ ထိုင်းနိုင်ငံနဲ့ အနီးဆုံး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ စက်လှေတစင်းက မြန်မာ နိုင်ငံသားတွေကို ထိုင်းရေတပ်မတော်က ကယ်တင်ခဲ့ပါတယ်။

ကုန်တင် စက်လှေဟာ ရခိုင်ပြည်နယ်ကနေ ပီနံကို ဦးတည်သွားခဲ့ရာက ထိုင်းနိင်ငံ နဲ့အနီးဆုံး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာပါ။ လှေထိုးသား (၇)ဦး ပင်လယ်ပြင် တွင်းမျောပါနေ တာကို ထိုင်းဘုရင့်ရေတပ်မတော် ရေယာဉ်က ကယ်တင်ခဲ့ပြီး ဖူးခက်ရေတပ်စခန်းမှာ မြန်မာနိုင်ငံသားတွေကို ထားပြီး နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းမူတွေ လုပ်ပြီးရင်တော့ မြန်မာနိုင်ငံ ကို ပြန်လည်လွဲှပြောင်းပေးမယ်လို့ ဘန်ကောက်ပိုစ် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

XS
SM
MD
LG