သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား အခွင့်အရေး ဘန်ကောက်မှာ ဆန္ဒပြ


 မြန်မာအလုပ်သမားရေး ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)
မြန်မာအလုပ်သမားရေး ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်း ထပ်မံတိုးပေးရေး ကိစ္စနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ လာတဲ့ အလုပ်သမားတွေ အရေး မြန်မာသံရုံးဘက်က လျစ်လျူရှု့ထားတယ် လို့ အလုပ်သမားတွေဘက်က ယူဆတဲ့ အတွက် ရင်ဆိုင်နေရတာတွေ ကို ဖြေရှင်းပေးဖို့အတွက် အခုလို မြန်မာသံရုံးရှေ့မှာ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြဿနာတွေ ကို ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ သိန်းနဲ့ချီရှိတဲ့ ဗီဇာသက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို နှစ်နိုင်ငံအစိုးရတွေက လျစ်လျုရူ့ ထားတယ်ဆိုပြီး ဘန်ကောက်ြမို့မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

အလုပ်လုပ်ခွင့် ဗီဇာ ၄နှစ်ပြည့်ပြီးတဲ့သူ၊ ၆နှစ်ပြည့်ပြီးတဲ့သူတွေ ဟာ သောင်းဂဏန်းနဲ့ ရှိပြီး အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ထပ်မံတိုးလို့မရတဲ့အတွက် တရားမဝင် အလုပ်သမားဘဝကို ကျရောက်နေရတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အလုပ်သမားရေး တက်ကြွလုှပ်ရှားသူတဦးက ဆိုပါတယ်။

" ဒီဟာ သက်တမ်းခြောက်နှစ်ပြည့်သွားပြီ။ ဒါပေမဲ့ အစိုးရအနေနဲ့ တိကျတဲ့အဖြေ Plan ချမပေးနိုင်တဲ့အတွက် အလုပ်သမားတွေက ဘယ်သူ့ကို အားကိုးပြီး ဘယ်လိုနေလို့ နေထိုင်ရမှန်းမသိဘူး။ တချို့ဆို ဗီဇာတွေက သေကုန်ပြီ။ အဲ့ဒီ့အခါကျတော့ တရားဝင် အလုပ်သမားဘဝကနေ တရားမဝင် အလုပ်သမားဘဝကို ရောက်ကုန်တယ်။ လက်ရှိမှာက သောင်းဂဏန်းရှိသွားပြီ အမ။ သောင်းဂဏန်းဆိုတာ တစ်သောင်း၊ နှစ်သောင်းမဟုတ်ဘူး။ လေး ငါးခြောက်သောင်း ရှိသွားပြီ။ အဲ့ဒီ့ကိစ္စကို ဖြေရှင်းပေးဖို့ရယ် တိကျတဲ့ အဖြေတခုကို ကြေညာမိန့်ထုတ်ပေးဖို့ရယ် MOU နဲ့ အလုပ်သမားတွေ တင်သွင်းလာတာတွေရှိတယ်။ အလုပ်သမားတွေက ဒီပေါ်လည်း ရောက်ရော အလုပ်တွေ မပေးနိုင်လို့ ပြဿနာတွေ ဖြစ်ကြတယ်။ အဲ့ဒီ့ပြဿနာတွေကို မြန်မာ အလုပ်သမားဝန်ကြီးဌာနကနေ ပြီးတော့ မဖြေရှင်းပေးနိုင်ဘူး။ ဘာမှ သူတို့ဘက်က တုန့်ပြန်လာတာမရှိတဲ့အတွက် ဒီလိုဆန္ဒပြ တောင်းဆိုရတာခင်ဗျ။"

၆နှစ် သက်တမ်း ကုန်ဆုံးသွားလို့တရားမဝင် အလုပ်သမားဘ၀ ကိုရောက်ရှိခဲ့ရပုံ ကိုလည်း ဆန္ဒပြခဲ့တဲ့ မြန်မာအလုပ်သမားတဦး ကပြောပြပါတယ်။

"ကျနော်တို့ ဒီမှာ ခြောက်နှစ်ကုန်တဲ့သူတွေပေါ့နော်။ နှစ်ကြာသမားတွေ အတွက်ပေါ့။ ကျနော်တို့မှာ ဘာအစီအစဉ်မှ အတိအကျ မသိရဘူး။ ဥပမာဆိုတော့ဗျာ ကျနော်တို့ အခု လုပ်တဲ့ဟာတွေ တင်ထားတဲ့ဟာတွေက ပတ်စပို့ကို ပြန်ချိန်းယူရမယ်။ သံရုံးမှာ လာတင်ထားတယ်။ ဘယ်တော့ကျမယ်ဆိုတာလည်း မသိရဘူး။ ကျပြီးသား စာအုပ်တွေကလည်း ဗီဇာကို ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာလည်း မသိရဘူး။ သက်တမ်းသေ သွားတဲ့အခါကျတော့ ကျနေ်ာတို့ လုပ်ငန်းအသစ်တွေ ရှာဖွေတဲ့အခါမှာ ခက်ခဲသွားမယ်။ နောက် သွားရေး လာရေး နေထိုင်ရေး လုံခြုံရေး ဘာမှ မရှိတော့ဘူး။"

ဒီလို သက်တမ်းတိုးမပေးတော့တဲ့ အတွက် နောက်ထပ် သိန်းနဲ့ချီရှိတဲ့ မြန်မာ အလုပ်သမားတွေဟာ တရားမဝင်နေထိုင်သူတွေ အဖြစ်ကို ရောက်ရှိတော့ မှာဖြစ်ကြောင်း ထိုင်းအခြေစိုက်ရွှေ့ပြောင်း အလုပ်သမားများ အခွင့်ရေး ကွန်ယက်ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ယာယီနိုင်ငံကူးလက်မှတ် ဗီဇာပြုလုပ်ခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သမား ၁ဒသမ ရသန်း ကျော်ရှိနေပြီး အဲဒီ့လူတွေဟာ အစိုးရ သတ်မှတ် ထားတဲ့ဈေးနှုန်း နဲ့ လုပ်ဆောင်ရတာ မဟုတ်ပဲ နှစ်ဖက် အစိုးရဝန်ထမ်းတွေ နဲ့ ချိတ်ဆက် ထားတဲ့ ပွဲစားကုမ္ပဏီတွေနဲ့ လုပ်ဆောင်ရတဲ့အတွက် တဦးကို ကုန်ကျ စားရိတ် ဘတ်ငွေ ၅ထောင်ကျော်ကနေ ၉ထောင်လောက်ထိ ကုန်ကျနေတယ် လို့လည်း ရွှေ့ပြောင်းအလုပ်သမာေးရး လုပ်ဆောင်နေသူတွေက ဆိုပါတယ် ။

ဒါအပြင်၂နိုင်ငံသဘောတူစာချုပ် MOUနဲ့ လာတဲ့သူတွေဟာလည်း ပွဲစား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လာရသလို ငွေကြေးအကုန်ကျတွေခံပြီးမှ အလုပ်မရတာ စာချုပ်ပါ အတိုင်း ဆောင်ရွက်ပေးခြင်း မရှိတာ အလုပ် အဆင်မပြေ တာတွေကြောင့် နေရပ်ရင်းကို အတင်းအကြပ်ပြန်ပို့ ခံရမူတွေကိုလည်း ကြုံနေရတယ် လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

XS
SM
MD
LG