သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bush Center ခေါင်းဆောင် သင်တန်းဆင်းပွဲတက်ဖို့ မြန်မာလူငယ်တွေ Texas ရောက်


မြန်မာလူငယ်တွေအတွက် အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် တနှစ်ပြည့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်မယ့် အခမ်းအနားကို တက်ရောက်ဖို့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ်မှာပါဝင်သူ မြန်မာလူငယ် (၁၆)ဦး ဟာ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ကို မနေ့ကရောက်ရှိ လာကြပါတယ်။

ဒီအခမ်းအနားမှာ ကိုယ်တိုင် မလာရောက်နိုင်တဲ့ သာယာဝတီထောင်မှာ ထိမ်းသိန်းခံထားရဆဲ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို သီးသန့်ဂုဏ်ပြုချီးမြှင့်မှာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဒီလူငယ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ က အမေရိကန် ပြည်ထောင်စုမှာ Bush Institute ရဲ့ ခေါင်းဆောင်မှု အစီအစဉ်အနေနဲ့ ၃ ပတ်ကြာ စတင်လေ့လာ သင်ကြားခဲ့ကြတာပါ။ အဲဒီထဲမှာ လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အာဏာပိုင်တွေ လိုက်လံဖမ်းဆီးတာကို ရှောင်တိမ်းနေတဲ့ ဒုဥက္ကဌ ကိုလင်းထက်နိုင် အပါအဝင် တခြား နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူငယ် စုစုပေါင်း (၁၈) ဦးပါဝင်ခဲ့တာပါ။

ဒါပေမဲ့ ဒီနှစ်ဖိုရမ်ဆင်းပွဲ အစီအစဉ်မှာ သူတို့နှစ်ဦး ပြန်မပါလာနိုင်တဲ့အတွက် လူငယ် စုစုပေါင်း (၁၆) ဦးပဲပါဝင်ပြီး ဒီအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အခမ်းအနားမှာ မဖြိုးဖြိုးအောင်ကို ဂုဏ်ပြုမယ့် အစီအစဉ်တွေ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလမှာ မဖြိုးဖြိုးအောင်ဆီကို စာရေးသားပို့ပေးခဲ့တဲ့ သမ္မတဟောင်း ဘွတ်ရှ်ဇနီးမောင်နှံရဲ့စာမှာ ဖော်ပြထားပါတယ်။

လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် ဟာ မြန်မာလူငယ်တွေအတွက် ဘယ်လိုအကျိုးရှိစေခဲ့သလဲ ဆိုတာကိုတော့ ကိုယ်တိုင်ပါဝင်သူ တဦးဖြစ်သူ ဒါနရှေ့ဆောင်မြန်မာရဲ့ကိုယ်စားလှယ် ကိုကြည်မင်းဟန် က အခုလိုပြောပါတယ်။
“နိုင်ငံရေး၊ စီးပွားရေး၊ ခေါင်းဆောင်မှုရယ်… နိုင်ငံရေးမှာဆိုရင် democratization နဲ့ federalism တို့ပါတယ်။ စီးပွားရေးမှာဆိုရင်လည်း market oriented economy system တို့ political economy တို့ပါတယ်။ နောက်တခုကတော့ Leadership ပေါ့။ အဓိက အဲဒီ သုံးခုဆိုတော့ ကျနော်တို့ အတွက်ကျတော့ ကျနော်တို့ နိုင်ငံမှာ အရင်ကဆိုရင် ပိတ်ဆို့မှုတွေရှိတဲ့ အခါကျတော့ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး မသင်ရတဲ့အခါကျတော့ အခုလိုစာတွေ့ စနစ်တကျ သင်ရတဲ့အခါ ကျနော်တို့အတွက် အကျိုးရှိပါတယ်။

နောက်တခုကျတော့ exposure ပေါ့။ US ကိုရောက်လာတော့ သူတို့က ဒီမိုကရေစီစနစ်က အများကြီးကို ထွန်းကားနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တာတွေကို အနီးကပ်လေ့လာ ရပါတယ်။ Capitol သွားတာတွေ၊ တရားရုံးတို့မှာ အနီးကပ် လေ့လာတဲ့အခါ ကျနော်တို့ရဲ့ မျက်မြင်ကိုယ်တွေ့ တေ့ွမြင်ရတဲ့အခါကျတော့ ကျနော်တို့အတွက် အကျိုးရှိပါတယ်။

နောက်တခုကကျတော့ လုပ်ငန်းခွင်မှာ ဘာတွေသွားပြီး အကျိုးရှိသလဲဆိုတော့ ကျနော်တို့ အမြင်ပိုပြီးကျယ်လာတယ်။ ဒီကရတဲ့အတွေ့အကြုံတွေ၊ အမြင်တွေ၊ သင်ကြားထားတဲ့ ဟာတွေကို အလုပ်မှာ ပြန်ပြီးသုံးလို့ရတယ်။ တခြားသူတွေကို ပြန်ပြီးမျှဝေနိုင်ပါတယ်။”

မေး။ ။ “နောက်ပြီးတော့ ဒီအစီအစဉ်မှာ ဘွတ်ရှ်တို့လို သမ္မတဟောင်းတွေနဲ့ တွေ့ဆုံရတဲ့အခါ၊ သူတို့နိုင်ငံမှာ ဦးဆောင်နေတဲ့ သူတွေနဲ့ တွေဆုံခွင့်ရတဲ့ အတွေ့အကြုံကရော ဘယ်လိုရှိလဲရှင့်။”
ဖြေ။ ။ ပထမတခုကတော့ ကျနော်တို့နိုင်ငံက လူကြီးတွေနဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံက လူကြီးတွေနဲ့ မတူတဲ့အချက်တွေ သွားတွေ့တာပေါ့။ ဟိုကအာဏာရှင်ဆန်တယ်၊ မျက်နှာက မျက်နှာကြောတင်းတယ်။ ဒီကကျတော့ ဘွတ်ရှ်တို့ဘာတို့လိုကအစ၊ သမ္မတကအစ ကျန်တဲ့သူတွေကလည်း အကုန်နွေးနွေးထွေးထွေး ရှိတယ်ပေါ့နော်။ သူတို့ရဲ့ diplomacy လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံ တတ်တယ်လေ။ နောက်တခုက အရည်အချင်းပေါ့။

သူတို့တွေမှာ နေရာတနေရာ ရောက်တယ်ဆိုရင် ရောက်တဲ့နေရာနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ လူတိုင်းလူတိုင်း ရှိကြတာပေါ့နော်။ ကျနော်တို့ဆီမှာကြတော့ အကပ်နဲ့ပေါ့နော်။ နောက်ပြီးလူတွေကို ဆက်ဆံတဲ့အခါမှာ အာဏာရှင်စရိုက်နဲ့ ဒီမိုကရေစီစရိုက် မတူညီတဲ့ဟာတွေပေါ့နော်။ အခြေခံတွေ ပြောရမလား။ အဲလိုဟာမျိုးတွေ ကျနော်သတိထားမိတယ်။”

ဒီလေ့လာမှု အစီအစဉ်ဟာ စုစုပေါင်း တနှစ်ကြာမြင့်ခဲ့ပြီး အိမ်နီးချင်း ထိုင်းအပါအဝင် မြန်မာနိုင်ငံမှာ နောက်ဆက်တွဲ အစီအစဉ်တွေအဖြစ် လေ့လာခဲ့ကြပြီးနောက် လာမယ့် ဇွန်လ (၂၅) ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ဒါးလက်စ်မြို့မှာ မြန်မာလူငယ်တွေကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်မှာဖြစ်ပါတယ်။

XS
SM
MD
LG