သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဖြိုးအောင်နှင့်လင်းထက်နိုင် လွတ်မြောက်မှု Bush နှင့် ဇနီး ကြိုဆို


လင်းထက်နိုင်နှင့် ဖြိုးဖြိုးအောင်
လင်းထက်နိုင်နှင့် ဖြိုးဖြိုးအောင်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တဲ့အထဲ Bush Institute က စီစဉ် ပြုလုပ်တဲ့ Liberty and Leadership Forum မှာ တက်ရောက်နေကြတဲ့ ကျောင်းသား ၂ ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်နဲ့ မဖြိုးဖြိုးအောင်တို့ပါ ပါဝင်တဲ့အတွက်

ဝမ်းသားမိကြောင်း အမေရိကန်သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော်တို့က ဧပြီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ အချိန်အခါ ဖြစ်တာကြောင့်လည်း ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့၊ လွှတ်လပ်မှုနဲ့ ပြည့်စုံတဲ့ အနာဂတ်သစ် ပေါ်ထွန်းလာရေးအတွက် ဆုတောင်း မေတ္တာ ပို့သပါကြောင်လည်း ကြေညာချက်မှာ ဖော်ပြထားထာပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံရေးအကျဉ်းသားေ တွ ပြန်လွှတ်ပေး လိုက်တဲ့အတွက် မြန်မာပြည်သူ၊ ပြည်သားတွေနဲ့အတူ ဝမ်းသာ မိကြောင်း၊ ပြန်လွတ်လာသူတွေထဲ Bush Institute က စီစဉ် ပြုလုပ်တဲ့ Liberty and Leadership Forum မှာတက်ရောက်နေတဲ့ ပညာရေးဥပဒေ ပြုပြင်ပြောင်း လဲရေး တက်ကြွှလှုပ်ရှားသူ လူငယ် ကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်နဲ့ မဖြိုးဖြိုးအောင်တို့ အကျဉ်းချခံထားမှုကနေ ပြန်လည် လွှတ်မြောက်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော် Laura Bush တို့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုလင်းထက်နိုင်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်သလို၊ ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ခေါင်းဆောင်တဦးအဖြစ်နဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြရင်း မနှစ် မတ်လတုန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ရာက အခု ဧပြီလ ၈ ရက်နေ့မှာ ပြန်လည် လွှတ်မြောက်လာသူ ဖြစ်ပါတယ်။

“အခု လက်ရှိမှာတော့ အမေရိကန်သမ္မတဟောင်းပေါ့နော်၊ သူသမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ ဗမာပြည်မှာက ရွှေဝါရောင်တော်လှန်ရေး ဖြစ်ခဲ့တဲ့အချိန်ပေါ့နော်၊ ၂၀၀၇ ခုနှစ်မှာ။ အဲဒီတုန်းကလည်း အမေရိကန်သမ္မတ ဂျော့ဘုရှ်အနေနဲ့ ဗမာပြည် ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ပြည်သူပြည်သားတွေအတွက် သူ့ရဲ့ရပ်တည်ချက်တွေကို ထုတ်ဖော်ပြောတာတွေလည်း ကျနော်တို့ ကြားသိခဲ့ရပါတယ်။ နောက်ပြီးတော့ ဗမာပြည်က လူငယ်ကျောင်းသားတွေရဲ့ ပညာရေးကိုလည်း သူ အထောက်အကူပေးတာတွေလည်း တွေ့ရပါတယ်။ အခု ၂၀၁၅ မှာ ကျနော်တို့ ပညာရေးသပိတ်ကြောင့် အဖမ်းဆီးခံခဲ့ရတဲ့အချိန်မှာလည်း သူတို့တတွေစိုးရိမ်ပူပန်မှုပေါ့နော် - ကျနော်တို့ကို အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ဆန္ဒတွေကို ထုတ်ပြန်တာတွေကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ ဗမာပြည်အပေါ်မှာ သူတို့တွေရဲ့စိတ်ဝင်စားမှုကို မြင်ရတဲ့အခါမှာ ကျနော်တို့ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ အားတစ်ခုဖြစ်စေပါတယ်။”

ကိုလင်းထက်နိုင်လိုပဲ Bush Institute က စီစဉ် ပြုလုပ်တဲ့ Liberty and Leadership Forum မှာ တက်ရောက်နေသူ တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ဟာလည်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြရင်း မနှစ် မတ်လတုန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ရာက အခု ဧပြီလ ၈ ရက်နေ့မှာ ပြန်လည် လွှတ်မြောက်လာသူ ဖြစ်ပါတယ်။

“ လက်ရှိအစိုးရသစ်ကတော့ တိုင်းပြည်ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် တချို့ကိုစပြီးလုပ်ဆောင်နေတာ တွေ့ရတယ်။ ဒါဟာ ကျမတို့ တောင်းဆိုချက်တွေနဲ့ သိပ်မကွာလှဘူး ပြီးတော့ ကျမတို့နဲ့လည်း ယုံကြည်မှုရှိတယ်လို့ ကျမတို့တွေးတယ်။ အချို့အခြေခံအချက်အလက်တွေမှာ ကျမတို့ သွားချင်တဲ့ပုံစံနဲ့ ကွာဟာမှုတွေရှိနိုင်တယ်။ ဒါကိုလည်း ကျမတို့ ညှိုနှိုင်းဆွေးနွေးမယ်ဆိုလို့ရှိရင် ပြေလည်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားပါတယ်။ တကယ်သာပညာရှင်တွေ တိုင်ပင်ညှိုနှိုင်းကြမယ်၊ ကျမတို့ကလည်း ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြမယ်ဆိုလို့ရှိရင် အောင်မြင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။”

အမေရိကန်သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ George Bush Foundation အောက်မှာ ဖွဲ့စည်းထားတဲ့ Bush Institute က မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ပြည်တွင်း ပြည်ပမှာရှိတဲ့ လူငယ်တွေကို ဖိတ်ခေါ်ပြီး ၂၀၁၄ ခုနှစ်က စလို့ Liberty and Leadership Forum ဆိုတဲ့ ခေါင်းစဉ်နဲ့ George Bush Foundation တည်ရှိရာ အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၊ Dallas မြို့နဲ့ မြန်မာနိုင်ငံအတွင်းမှာ ခေါင်းဆောင်မှု သင်တန်းတွေကို ပို့ချပေးနေတာ ဖြစ်ပါတယ်။

ကိုလင်းထက်နိုင်နဲ့ မဖြိုးဖြိုးအောင်တို့ ၂ ဦးဟာ သင်တန်းကာလအတွင်းမှာပဲ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြရင်း မနှစ် မတ်လတုန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြရတာကြောင့် သင်တန်းကို ပြီးဆုံးအောင် မတက်နိုင်ခဲ့ကြပါဘူး။

ဒါပေမယ့် သူတို့ ပြန်လွှတ်လာပြီး နောက်တရက်မှာပဲ Bush Institute က တာဝန်ရှိသူတွေ သူတို့ထံ ဆက်သွယ်ပြီး Liberty and Leadership Forum ပြီးမြောက်အောင် တက်နိုင်ရေးအတွက် ဆက်လုပ်ဖို့ ပြောဆိုခဲ့တဲ့အတွက် သူတို့အနေနဲ့ လက်ရှိ သင်တန်း တက်နေကြတဲ့ ၂၀၁၅ - ၁၀၁၆ အဖွဲ့နဲ့ အတူပါဝင်လို့ ရနိုင်မယ့် အလားအလာ ရှိတယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော် Laura Bush တို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တွေက မြန်မာပြည်သူတွေ လွှတ်မြောက်ဖို့၊ လူသားတဦးချင်းစီ လွှတ်လပ်မှု ရှိဖို့၊ ပိုမို အားကောင်းတဲ့ လူမှု အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့နဲ့ ဒီမိုကရေစီ အဆောက်အဦးတွေ ကျင့်စဉ်တွေ ပေါ်ထွက်လာဖို့တို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရသစ်လက်ထဲ အာဏာလွဲပြောင်းနိုင်ခဲ့ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒ ဖော်ထုတ်ကြသူတွေကို လွှတ်ပေးလိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေ လိုလား တောင့်တတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်နိုင်ရေးအတွက် အရေးပါတဲ့ စိန်ခေါ်မှုတွေ ရှေ့မှာ များစွာ ရှိနေသေးကြောင်း၊ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံတွေက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးသွားမှာဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် - အခုသီတင်းပတ် အတွင်း မြန်မာပြည်သူ၊ ပြည်သားတွေ နှစ်သစ်ကူး ပွဲတော် ကျင်းပနေတဲ့ အခါ သမယဖြစ်တာနဲ့အညီ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့၊ လွှတ်လပ်မှုနဲ့ ပြည့်စုံတဲ့ အနာဂတ်သစ် ပေါ်ထွန်းလာရေးအတွက် ဆုတောင်း မေတ္တာ ပို့သပါကြောင်လည်း သမ္မတဟောင်း Bushရဲ့ ကြေညာချက်မှာ ဖော်ပြထားထာပါတယ်။

XS
SM
MD
LG