သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲဖြစ်စဉ် လိုအပ်ချက်များ ကာတာ စင်တာ အစီရင်ခံစာ ထုတ်ပြန်


ကာတာစင်တာ ထူထောင်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ။
ကာတာစင်တာ ထူထောင်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ။

မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး နိုင်ငံရေး လှုပ်ရှားခွင့် ပြောဆိုဆွေးနွေးခွင့်တွေကို ပိုဖွင့်ပေးဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ အပါအဝင် အဓိကစိန်ခေါ်မှုတွေကို ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ Carter Center လေ့လာရေး အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ ဒုတိယ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

ကာတာ စင်တာဟာ မြန်မာနိုင်ငံရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာဖို့ မြန်မာအစိုးရက ခွင့်ပြုထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးမှုတွေနဲ့ ကူညီပံ့ပိုးမှုတွေ ကိုလည်း လုပ်ဆောင်ပေးနေတဲ့ အဖွဲ့ပါ။

မြန်မာအာဏာပိုင်တွေဟာ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို အသိမှတ်ပြုတဲ့ လုပ်ထုံးလုပ်နည်းတွေကို အပြီးသတ် လုပ်ဆောင်ပေးခဲ့သလို ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီ အများအပြားကလည်း လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေနဲ့ အညီ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ တာမို့ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ အရေးပါတဲ့ လုပ်ရပ်တွေ လုပ်နိုင်ခဲ့တာတွေ့ရကြောင်း ဖေါ်ပြထားပါတယ်။

မဲစာရင်း အပေါ် လူထုယုံကြည်မှု ရှိစေဖို့ အတွက်ရွေးကောက်ပွဲကော်မရှင်ကနေ ဆန္ဒမဲပေးခွင့်ကို အတည်ပြုပေးတဲ့ နည်းတွေကို တသမတ်ထဲ ကျင့်သုံးဖို့နဲ့မဲစာရင်းမှာ ပါတဲ့ မှားတတ်တဲ့ သဘောသဘာဝနဲ့ ပါတ်သက်ပြီး ပြည်သူတွေ နားလည်အောင် ပိုပြီး ရှင်းလင်းပြောဆိုဖို့ အကြံပေးထားပါတယ်။ ကြိုတင်မဲ ပေးမှု၊ မဲရုံမှာ မဲပေးမှု၊ မဲရေတွက်မှု၊ မဲစာရင်းပေးမှု တွေလို အငြင်းပွါးနိုင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ တခြား လုပ်ထုံးလုပ်နည်းတွေ အတွက်လည်း ကော်မရှင်က ဆုံးဖြတ်ချက် အမြန်ချပေးသင့်ကြောင်း ပြောပါတယ်။

နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲပေါင်း တရာလောက်ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ ကာတာစင်တာကို မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားခဲ့ တာဖြစ်ပြီးမတ်လထဲမှာတော့ ပထမ အကြိမ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အခု ချင်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေအပါအဝင် ပြည်နယ်နဲ့ တိုင်း အတော်များများကို သွားရောက်ကွင်းဆင်းလေ့လာ ပြီးတဲ့နောက်မှာ ဒုတိယ အကြိမ်အစီရင်ခံစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG