သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဒေါ်အမာ ရာပြည့်ပွဲမန္တလေးမှာ ကျင်းပ


မြန်မာ စာပေနယ်မှာ လူအများ လေးစားကြည်ညိုတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ်တရာပြည့် အခမ်းအနား။
မြန်မာ စာပေနယ်မှာ လူအများ လေးစားကြည်ညိုတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ်တရာပြည့် အခမ်းအနား။

မြန်မာ စာပေနယ်မှာ လူအများ လေးစားကြည်ညိုတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ်တရာပြည့်အခမ်းအနားကို မန္တလေးမြို့မှာ ဒီကနေ့က စတင် ကျင်းပခဲ့ပြီး ဒီလို ကျင်းပတာဟာ စာပေအကျိုး၊ ပြည်သူ့ အကျိုးကို လူထုဒေါ်အမာဘယ်လို စွမ်းဆောင်ခဲ့လဲဆိုတာကို နောက်မျိုးဆက်သစ်လူငယ်တွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့လည်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ စာရေးဆရာ သင့်နော်က ပြောပါတယ်။ လက်ရှိ ကျင်းပနေတဲ့ မန္တလေးမြို့က လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲသတင်းကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲအခမ်းအနားကို မန္တလေးမြို့ ဓမ္မသာလာခမ်းမမှာ ဒီကနေ့ မနက်က စတင် ကျင်းပပြီး မွေးနေ့ ကျရောက်တဲ့ ၂၉ရက်နေ့ အထိ ၄ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ လူထုဒေါ်အမာနဲ့ပတ်သက်ပြီး ဂုဏ်ပြုစာတမ်းဖတ်ကြားတာ၊ ဆရာမကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တွေ ခင်းကျင်းပြသတာတွေ၊ အနုပညာ တင်ဆက်မှု အစီအစဉ်တွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေ ရောင်းချတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရာပြည့်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူ စာရေးဆရာ သင့်နော်က အခုလို ပြောပါတယ်။

“အခုကာလမှာ မျှော်လင့်တာကတော့ focus ပြုလုပ်တာကတော့ လူငယ်တွေ ရင်ထဲ ဒေါ်ဒေါ့် ကိုရောက်အောင် ဘယ်လိုပို့ပေးမလဲဆိုတာ စဉ်းစားတာပေါ့ဗျာ။ သူတို့အတွက် ဒေါ်ဒေါ်ဟာ ideal person ဖြစ်တယ်ဆိုတာကို သူတို့ကို ဘယ်လို အသိပေးကြမလဲ၊ သူ့ရဲ့ ability က ဘာလဲပေါ့ဗျာ။ နိုင်ငံအတွက် လူမျိုးအတွက် ဘယ်လို အကျိုး သက်ရောက်မှုရှိခဲ့သလဲ။ တသက်လုံး ပြည်သူလူထု အကျိုးစီးပွားတွေကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ၊ သူ့ကြောင့်မြန်မာစာပေ၊ သူ့ကြောင့်မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာ့အနုပညာ မြန်မာတွေ ဘုန်းတန်ခိုး ဘယ်လို တိုးတက်မြင့်မားလာခဲ့သလဲ ဆိုတာကို လက်ဆင့်ကမ်းရတာပေါ့နော်။ နောက် လောကဓံံနဲ့ရင်ဆိုင်တဲ့အခါ ဘယ်လို ကြံ့ကြံ့ခံနိုင်ခဲ့သလဲပေါ့။ အမှန်တရားအတွက် ဘယ်လိုရပ်တည်ခဲ့သလဲ။ ဒါတွေကို ကျနော်တို့က ကလေးတွေကို သိစေချင်တာပေါ့။ အဲဒီအတွက် ဒီပွဲလေး ကျင်းပတယ်လို့လည်း ယူဆလို့ရပါတယ်။”

လူထုဒေါ်အမာဟာ ခင်ပွန်းဖြစ်သူ လူထုဦးလှနဲ့ အတူ လူထုသတင်းစာ ထုတ်ဝေစဉ် ပြည်သူတွေဘက်က အမြဲရပ်တည်ခဲ့သူဖြစ်တယ် လို့လည်း ပြောပါတယ်။

မြန်မာ စာပေနဲ့ အနုပညာနယ်မှာ ထင်ရှားသူတွေကိုလည်း လူထုတိုက်က မွေး ထုတ်ပေးခဲ့သလို သတင်းစာ ရပ်တည်ချက်ကလည်း ခိုင်မာခဲ့တယ်လို့ စွယ်စုံ အနုပညာရှင် ဦးဝင်းဖေက ပြောပါတယ်။

"လူထုဒေါ်အမာ တိုက်ထွက်တွေက တော်တော်များတာနော်။ အဲ့ဒီ့ မောင်သာနိုးတို့၊ တင်မိုးတို့၊ ကြည်အောင်တို့၊ မောင်စွမ်းရည်တို့၊ အင်းဝဂုဏ်ရည်ကိုလေး၊ ကျနော်(ဦးဝင်းဖေ)၊ ပေါ်ဦးသက်ရယ်၊ အဲ့ဒီ့လူငယ်ပိုင်းကပေါ့ဗျာ။ ကျနော်တို့ခေတ်တုန်းက အဲ့ဒီ့လူတွေ ထွက်တာပဲ။ အဲ့ဒီ့လူတွေ ထွက်တယ်ဆိုတာ လူထု တိုက်မှာ ကျနော်တို့ သွားအလုပ်လုပ်ကြတာပေါ့။ အဲ့လိုလုပ်တဲ့အခါကျတော့ များသောအားဖြင့် သူတို့က ခေတ်မှီတယ်ဗျ။ သတင်းစာတိုက်တွေ၊ ဂျာနယ်တိုက်တွေ အဲ့ဒီ့ခေတ်က လိုက်နာခဲ့တဲ့ မီဒီယာ Ethics တွေရှိတယ်ဗျ။ အဲ့တာတွေကို သူက တော်တော်လေးစားတယ်။

ဥပမာအားဖြင့်ဗျာ အဓိက အချက်တချက် ကျနော်ပြောပြမယ်။ အညှီအဟောက် သတင်းတွေပေါ့ဗျာ။ မုဒိမ်းသတင်းတွေလို ဘာညာပေါ့ဗျာ အဲ့သလို အညှီအဟောက် သတင်းတွေ တက်ကို မတက်ဘူး နော်။ နောက် ရက်စက်ကြမ်းကြုတ်တဲ့ပုံတွေ အကြောင်းအရာတွေ တက်ကို မတက်ဘူး။"

လူထုဒေါ်အမာဟာ ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင်၊ သခင်ကိုယ်တော်မှိုင်း စတဲ့ အတ္ထုပ္ပတ္တိ စာပေ၊ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ၊ စန္ဒမာလာ၊ ဂျုံနှင့်စစ်သား၊ သက်တန့်ရောင်၊ ထိုင်းနဲ့ အင်ဒိုနီးရှားဝတ္ထုတို ဘာသာပြန်စာပေ၊ အငြိမ့်၊ မြန်မာ့ မဟာဂီတ စတဲ့ ယဉ်ကျေးမှု စာပေတွေ အပြင် လူမှုရေး၊ နိုင်ငံရေး၊ ခရီးသွား စတဲ့ စာပေတွေကို ရေးသားပြုစုခဲ့ပါတယ်။

စာရေးဆရာ ကျော်ရင်မြင့် ကတော့ ရာပြည့်ပွဲ အခမ်းအနား တတိယနေ့မှာ လူထုဒေါ်အမာနဲ့ ပရဟိတ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။

"၁၉၉၈ခုနှစ်ကစပြီး မန္တလေးမြို့မှာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဆိုတာကို အမေမာတို့ ဦးဆောင်ပြီးတော့မှ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲ့ဒီ့အသင်းက နာရေးတွေကို အခမဲ့ပို့ဆောင်ပေးတယ်။ နောက်တခါ ၂၀၀၀ပြည့်နှစ် ကစပြီးတော့ ဆေးရုံတက်နေ တဲ့ ဆင်းရဲနွမ်းပါး အကူအညီလိုအပ်နေတဲ့ လူနာတွေကို ဆေးဝါးတွေ နောက်ဆုံး အမေမာ ကွယ်လွန်ခါနီး သိန်းတစ်ရာကျော်ဖိုးအထိ တစ်လကို ဝယ်ပေးနိုင်တဲ့ အခြေအနေအထိ တိုးတက်လာတာပေါ့လေ။ အဲ့ဒီ့လို ကူညီဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ပရဟိတလုပ်ငန်းတွေကို အမေမာ ဦးစီးပြီး လုပ်ခဲ့တဲ့အပိုင်းကို ကျနော် ပြောမှာပါဗျ။"

လူထုဒေါ်အမာဟာ အင်္ဂလိပ် ကိုလိုနီခေတ်က ၁၉၃၆ ဒုတိယကျောင်းသားသပိတ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ တက်တက်ကြွကြွ ပါဝင်ခဲ့သလို မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

လူထုဒေါ်အမာဟာ ၁၉၁၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၂၀၀၈ခုနှစ် ဧပြီလ ၇ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG