သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chelsea ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားရ


လေးကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ Chelsea အသင်း။
လေးကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ Chelsea အသင်း။

၂၀၁၄-၁၅ အင်္ဂလန်ပရီမီယာလိဂ်အမှတ်ပေးဘောလုံးပွဲတွေ မနေ့ကပြီးသွားခဲ့တာမှာ ချယ်ဆီးအသင်းက ချန်ပီယံဖြစ်သွားပါတယ်။ ဒါဟာ ချယ်ဆီး အသင်းအတွက်တော့ ပရီမီယာလိဂ်ဖလားကို ၄ ကြိမ်မြောက်ရတာဖြစ်ပါတယ်။ ချယ်ဆီးက အမှတ်ပေးဖလားကို ကိုင်မြှောက်ခဲ့တဲ့တချိန်တည်းမှာပဲ တဘက်မှာလည်း နယူးကာဆယ်နဲ့ ဟားလ်စီးတီးတို့ တန်းမဆင်းရရေးအတွက် အကြိတ်အနယ်ကစားခဲ့ရပါတယ်။ ပရီမီယာလိဂ်နောက်ဆုံးပွဲအပေါ် အသင်းတွေရဲ့ တုံ့ပြန်သံတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးရာသီကတော့ မနေ့ကပဲပြီးသွားခဲ့ပါပြီ။ ပွဲစဉ်တွေမပြီးခင်ကတည်းက ချန်ပီယံဖြစ်နေတဲ့ ချယ်ဆီးအသင်းက နောက်ဆုံးပွဲမှာ ဆန်းဒါးလန်းအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ကန်ပြီး၊ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရီမီယာလိဂ်ဖလားကို ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ချယ်ဆီးအတွက်တော့ ပရီမီယာလိဂ်ဖလားကိ ၄ ကြိမ်မြောက်ရတာဖြစ်ပြီး၊၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရတာဖြစ်ပါတယ်။ ပရီမီယာလိဂ်ဖလားရလိုက်တဲ့အပေါ် နည်းပြမိုရင်ညိုကတော့ -

“ချန်ပီယံဖြစ်လိုက်တဲ့အချိန်ကတော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးလို့ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အခုလို ဖလားကိုင်မြှောက်လိုက်ရတဲ့အချိန်ကလည်း အရမ်းပျော်ဖို့ကောင်းပြီး ဘာနဲ့မှမတူပါဘူး။ Stamford Bridge က ချန်ပီယံဆုနဲ့ ဝေးနေတာ ၅ နှစ်လောက်ရှိပြီဆိုတော့ ဒီအချိန်က ပရိသတ်တွေ အတွက်လည်း အောင်ပွဲခံရမယ့်အချိန်ပါ။”

ချယ်ဆီးအသင်း ဒီမတိုင်ခင် နောက်ဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တာကတော့ ၂၀၀၉-၂၀၁၀ တုန်းကပါ။ အခုလိုချန်ပီယံဖြစ်ပေမယ့်လည်း တချို့တွေကလည်း ချယ်ဆီးကစားတာ သိပ်ကောင်းတာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ မိုရင်ညိုကတော့ သူ့အသင်းချန်ပီယံဖြစ်တာ အဘက်ဘက်ကပြည့်စုံလို့ ဖြစ်တာလို့ပြောလိုက်ပါတယ်။

ချယ်ဆီးအသင်း ချန်ပီယံဖြစ်သွားတာ နဲ့ ဘယ်အချက်တွေက သူတို့ကိုချန်ပီယံဖြစ်စေခဲ့သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး World Football ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ကိုဇော်မျိုးသန့်က အခုလိုပြောပါတယ်။

“ချယ်ဆီးအသင်း ချန်ပီယံဖြစ်တာကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကြောင့် ဖြစ်သွားတယ်လို့ပဲ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီ ချယ်ဆီးက ပရီးမီးယားလိဂ်စကတည်းက အမှတ်ပေးဇယားရဲ့နံပါတ် (၁) နေရာကို ယူလာလိုက်တာ ရာသီဆုံးတဲ့အထိပဲလေ။ ဒီနှစ်ဘောလုံးက ချယ်ဆီးအသင်း ချန်ပီယံဖြစ်တာရဲ့ထူးခြားချက်ပေါ့ဗျာ။ အမှတ်ပေးပြိုင်ပွဲတွေမှာ တော်တော်ကိုတွေ့ရခဲတဲ့ စွမ်းဆောင်မှုတခုလို့ပဲ ဆိုရမှာပေါ့။ တဘက်က ကြည့်ပြန်တော့လည်း ပြိုင်ဘက်အသင်းတွေရဲ့စွမ်းဆောင်မှုက နိမ့်ကျတာကြောင့်လည်း စွမ်းဆောင်သွားနိုင်တယ်လို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ မန်ယူတို့၊ အာဆင်နယ်တို့၊ လေဘာပူးတို့၊ မန်စီးတီးတို့က ပုံမှန်ခြေစွမ်းအောက်ကိုကျနေတာက ပိုပြီး အဓိကကျလိမ့်မယ်လို့ ကျနော် အဲလိုမျိုး မြင်ပါတယ်။”

မေး။ ။ အဲဒါအပြင် တခြားရော ဘာရှိအုံးမလဲ။

ဖြေ။ ။ တခြားကတော့ နည်းပြ မိုရင်ညိုက သူ့ထုံးစံအရကြည့်မယ်ဆိုရင်တော့ ဒုတိယရာသီကို ရောက်တဲ့အခါတိုင်း ….ရှိတယ်ပေါ့။ နောက်တခုက ဒီ မော်ရင်ညိုက ပရီးမီးယားလိဂ်အထာကို နပ်တာလည်းပါမှာပေါ့။ ချန်ပီယံဖြစ်ဖို့အတွက်ကိုဆိုလို့ရှိရင် ဘာတွေကို အဓိကထားပြီးလုပ်ဆောင်ရမလဲဆိုတာကို သူသိနေတာကလည်း ချန်ပီယံဖြစ်ဖို့အတွက် အဓိကကျတဲ့အချက်တခုလို့ ဆိုရမှာပေါ့နော်။ ကွင်းထဲက အနေအထားကိုပြောမယ်ဆိုရင်တော့ ချယ်ဆီးရဲ့ ခံစစ်ပိုင်းက တော်တော်ကိုအားကောင်းတဲ့အတွက်ကြောင့်လည်း ချန်ပီယံဖြစ်တယ်လို့ ပြောရမှာပေါ့။ နောက်တခုက လိုအပ်တဲ့အချိန်မှာ အရေးပါတဲ့ ဂိုးတွေကို သွင်းပေးနိုင်ခဲ့တာကလည်း ချန်ပီယံဖြစ်ဖို့အတွက် အများကြီး အထောက်အကူပြုတယ်လို့ ဆိုရမှာပေါ့။

ချယ်ဆီးက အောင်ပွဲခံနေတဲ့အချိန်မှာ တဘက်မှာလည်း လာမယ့်ရာသီမှာ တန်းမဆင်းရဖို့အတွက် ဇယားအောက်က နယူးကာဆယ်နဲ့ ဟားလ်စီးတီးတို့ နောက်ဆုံးပွဲမှာ အသည်းအသန်ကစားခဲ့ကြပါတယ်။ ၂ သင်းစလုံးအိမ်ကွင်းမှာကစားရပြီး ၊ နယူးကာဆယ်က ဝက်စ်ဟမ်း၊ ဟားလ်က မန်ယူနဲ့ ကစားတာမှာ နယူးကာဆယ်က ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ၊ ဟားလ်က မန်ယူကို ဂိုးမရှိသရေကျသွားတာကြောင့်၊ ဟားလ်အသင်း တန်းဆင်းသွားရပါတယ်။ ပွဲအပြီးမှာ Hull နည်းပြ Steve Bruce ပြောတာကတော့

“သူတို့ ကောင်းကောင်းကစားနိုင်တာကိုလည်း ကျနော်တွေ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ ဒီနေ့လို ရလဒ်မျိုးတွေကလည်း မကြာခဏကြုံရတတ်ပါတယ်။ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့လို့ ၊ အခွင့်အရေးကို အသုံးမချနိုင်လိုက်တာပါ။”

Hull City အသင်း တန်းဆင်းသွားရတာနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်ကတော့ အခုလို ပြောပါတယ်။

“ဒီနှစ်ဘောလုံးရာသီမှာ Hull City တန်းဆင်းရတာကတော့ အတော်ကို နစ်နာတယ်လို့ ဆိုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ခြေလှမ်းက အထူးသဖြင့် သူတို့ရဲ့ခြေစွမ်းက အသင်းကြီးတွေ့တဲ့အချိန်မှာ ခံကန်နိုင်မယ့် … leader သူတို့မှာ တော်တော်လေးကို ကောင်းနေတာကို။ ….. တို့၊ လက်စတာတို့ပေါ့နော်။ အဲဒီလိုအသင်းတွေမှာ ကန်လို့ရှိရင် ပိုပြီးတော့ ငြိမ်မယ်၊ ပိုပြီးတော့လည်း အသင်းကြီးတွေနဲ့တွေ့တဲ့အချိန်မှာ ပိုပြီးတော့လည်း ခံကန်နိုင်စွမ်းရှိတယ်ပေါ့နော်။ သို့သော်လည်းပဲ မမျှော်လင့်ဘဲနဲ့ ပြီးခဲ့တဲ့တပတ်မှာ သူက အိမ်ကွင်းမှာ သွားပြီးရှုံးလိုက်တာပေါ့နော်။ အဲဒီလို ရှုံးလိုက်တဲ့အရှုံးက Hull City အသင်းအတွက် ပေးဆပ်ခဲ့ရတာပါ။”

မနေ့ကကစားတဲ့ တခြားပွဲစဉ်တွေမှာတော့ အာဆင်နယ်က ဝက်စ်ဘရွန်ကို ၄ ဂိုး ၁ ဂိုး၊ တော့တင်ဟမ်က အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိ၊ ဘန်လေက ဗီလာကို ၁ ဂိုးဂိုးမရှိ၊ လက်စတာက ကျူပီအာကို ၅ ဂိုး ၁ ဂိုး၊ ခရစ္စတယ်ပဲလေ့စ်က ဆွမ်စီးကို ၁ ဂိုး ဂိုးမရှိ၊ မန်စီးတီးက ဆောက်သမ်တန်ကို ၂ ဂိုးဂိုးမရှိ၊ စတုတ်ခ်က လီဗာပူးလ်ကို ၆ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

လာမယ့်ဘောလုံးဘောလုံးရာသီမှာတော့ ချန်ပီယံချယ်ဆီး ၊ မန်စီးတီး၊ အာဆင်နယ် နဲ့ မန်ယူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးတော့ ဟားလ်၊ ဘန်လေနဲ့ ကျူပီအာတို့ Championship ပြိုင်ပွဲတွေကို တန်းဆင်းကန်ရမှာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG