သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မြို့ ချယ်ရီပန်းပွဲတော်


ချယ်ရီပန်းပွဲတော် (ဓာတ်ပုံ- ဝါဝါမော်/ဧပြီ ၁၁၊ ၂၀၁၅)
ချယ်ရီပန်းပွဲတော် (ဓာတ်ပုံ- ဝါဝါမော်/ဧပြီ ၁၁၊ ၂၀၁၅)

ဗမာပြည်မှာ ပိတောက်ပန်းတွေဝေစည်တဲ့ သင်္ကြန်အခါတော် ရေသဘင်ပွဲ ဆင်နွဲကြဖို့ပြင်ဆင်နေချိန်မှာ ကျနော်တို့ရဲ့ ဗွီအိုအေရုံးချုပ်အခြေစိုက်ရာ ဝါရှင်တန်ဒီစီမှာတော့ ချယ်ရီတွေဝေစည်နေပါပြီ။ ချယ်ရီပွဲတော်စတင်နေပါပြီ။ ဂျပန်နိုင်ငံက လက်ဆောင်ပေးထားတဲ့ထောင်နဲ့ချီတဲ့ ချယ်ရီပင်တွေက ပွင့်လန်းနေတဲ့ ပိုတေးမတ်မြစ်နဘေးက ချယ်ရီပန်းပွဲတော်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေးက သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်က ဂျပန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို နှစ်နိုင်ငံချစ်ကြည်ရေးလက်ဆောင်အဖြစ်နဲ့ ပေးခဲ့တဲ့ ဒီချယ်ရီပန်းတွေ ပွင့်ခဲ့တဲ့ အခုလို နွေဦးကာလရာသီမှာတော့ အမျိုးသားချယ်ရီပန်းပွဲတော်ကို နှစ်စဉ် ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ဆင်နွဲှလေ့ရှိတာပါ။ ဒီပွဲကိုတော့ ဝါရှင်တန်ဒီစီတဝိုက် ပြည်နယ်တွေကသာမက ခရီးဝေးပြည်နယ်တွေကလာကြသူတွေရော၊ နောက်ကမ္ဘာတဝှမ်း အာရှဒေသတွေကပါ လာကြတဲ့သူတွေလည်း အများအပြား ရှိပါတယ်။

“ကျနော်ကတော့ မူရင်းတရုတ်နိုင်ငံကနေ လာကြတဲ့သူတွေပါ။ လောလောဆယ်တော့ ဂျာမန်တောင်း (Germantown) မှာနေပါတယ်။ ပန်းတွေက သိပ်လှတယ်။ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။”

ဓာတ်ပုံပညာနဲ့ဘွဲ့ယူထားတဲ့ စမာသာကတော့ အိုင်အိုဝါကနေ ဒီ ချယ်ရီပန်းပွဲတော်ကို ပထမဆုံးအကြိမ်ရောက်လာတာလို့ ပြောပါတယ်။

“ဒီစီမြို့တော်ကို ကျမ အရင်တုန်းကလည်း ရောက်ဖူးပါတယ်။ ဒါပေမယ့် ဒီချယ်ရီပန်းပွဲတော်ကို လာတာကတော့ ပထမဆုံးအကြိမ်ပါ။ ပန်းတွေက အရမ်းကို လှပါတယ်။ ဓာတ်ပုံရိုက်လို့ သိပ်ကောင်းပါတယ်။” - လို့ စမတ်သာက ပြောသွားတာပါ။

ချယ်ရီပန်းတွေပွင့်မယ့်အချိန်ကိုတော့ National Park Service – NPS လို့ခေါ်တဲ့ အမျိုးသားပန်းဥယျာဉ်တွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ အဖွဲ့က အနီးကပ်စောင့်ကြည့်ပြီး သတင်းထုတ်ပြန်ပေးပါတယ်။ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီးတော့ ပန်းပွင့်ချိန် စောတာ၊ နောက်ကျတာ ရှိပေမယ့်လို့ အများအားဖြင့်ကတော့ မတ်လ တတိယပတ်လောက်ကနေပြီး ဧပြီလဒုတိယပတ်အကြား ကာလအတွင်းမှာ ပန်းတွေပွင့်တတ်သလို ချယ်ရီပွဲတော်ကိုလည်း ဒီကာလအတွင်းမှာ ကျင်းပတာပါ။ ဒီနှစ် ပွဲတော်ရက် တရားဝင်သတ်မှတ်ထားတာကတော့ မတ်လ (၂၀) ရက်ကနေ ဧပြီလ (၁၂) ရက်နေ့အထိ ဖြစ်ပါတယ်။ ဒီနေ့ဟာဆိုရင်တော့ ချယ်ရီပန်းတွေ အလှဆုံးပွင့်တဲ့ သီတင်းပတ် နောက်ဆုံးပတ်ဖြစ်သလို ပွဲတော်နောက်ဆုံးရက်တွေလည်း ဖြစ်ပါတယ်။ ဒေသအသီးသီးကို ကိုယ်စားပြုတဲ့ ဖျော်ဖြေရေးအဖွဲ့တွေ၊ ကျောင်းနဲ့တက္ကသိုလ်တွေက ကိုယ်စားပြုအဖွဲ့တွေ အမျိုးမျိုးပါဝင်ဆင်နွဲကြတဲ့ ဒီ ချယ်ရီပွဲတော် ပိတ်ပွဲအခမ်းအနားကိုတော့ ဒီနှစ်မှာလည်း စည်စည်ကားကား ကျင်းပတာပါ။

ဒီနှစ်ပွဲတော်မှာ ဂျပန်ရိုးရာအကတမျိုးနဲ့ ဖျော်ဖြေတဲ့အထဲမှာတော့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုသန်းထွဋ်အောင်လည်း ပါပါတယ်။

မေး။ ။ အခု ဒီနှစ် ချယ်ရီပန်းပွဲတော်မှာ ကိုသန်းထွဋ်အောင်လည်း လာပြီးတော့ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဘာအကနဲ့ကမှာလဲ။

ဖြေ။ ။ ကျနော်ကဒီမှာ ကျနော်တို့ကျောင်းကို ကိုယ်စားပြုပြီးတော့ ဂျပန်နိုင်ငံရဲ့ငါးဖမ်းသမားတွေလုပ်တဲ့ပုံစံမျိုး အကနဲ့ သရုပ်ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ဂျပန်ရိုးရာအကပေါ့။

ဖြေ။ ။ ဂျပန်ရိုးရာအကပေါ့။

မေး။ ။ ဘယ်လိုခံစားရလဲ၊ မြန်မာနိုင်ငံကနေ နိုင်ငံသားတယောက်အနေနဲ့ အခုလို အမျိုးသားပွဲတော်ကြီးတခုမှာ လာပြီးတော့ ဖျော်ဖြေရတယ်ဆိုတော့လေ။

ဖြေ။ ။ အရမ်းပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲကတော့ ပေါ့သေးသေးမဟုတ်ဘူးလေ။ ဒီပွဲကလည်းကြီးတယ်။ ပြီးတော့ ဒီမှာ အမေရိကန်တနိုင်ငံလုံးကလူတွေသာမက တကမ္ဘာလုံးကလူတွေကပါ လာပြီးကြည့်တော့ အရမ်းဂုဏ်ယူပါတယ်။

အမေရိကန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ တတိယနှစ်တက်နေတဲ့ ကိုသန်းထွဋ်အောင်က ကျောင်းကိုယ်စားပြုအဖွဲ့နဲ့အတူ ဖျော်ဖြေခွင့်ရခဲ့တာပါ။ ဒီနေ့ကတော့ ချယ်ရီပန်းပွဲတော် ပြီးဆုံးကာနီး နောက်ဆုံးရက်တွေဖြစ်လို့ ပွဲအခမ်းအနားတွေကို တခမ်းတနားကျင်းပတာပါ။ ပြီးခဲ့တဲ့ ပွဲတော်ရက်ကာလတွေမှာဆိုရင်လည်း လူကြီးလူငယ်အရွယ်စုံပါဝင်ဆင်နွဲနိုင်တဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ စင်မြင့်ဖျော်ဖြေပွဲတွေ၊ အနုပညာပြပွဲ၊ ပန်းအလှပြိုင်ပွဲ၊ မျက်နှာဆေးချယ်ပွဲ၊ မီးရှူးမီးပန်းဖောက်ပွဲ၊ အားကစားပြိုင်ပွဲတွေနဲ့ ရိုးရာ အတီးအမှုတ် အကအခုန်တွေကိုလည်း မြို့တော်အနှံ့ နေရာပေါင်းစုံမှာ ကျင်းပပါတယ်။ ဒီချယ်ရီပန်းပွဲတော်ဟာ အမေရိကန်နဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြတဲ့သင်္ကေတတခုဖြစ်သလိုပဲ အမေရိကန်ပြည်ထောင်စုမှာတော့ အခုလို နွေဦးကာလမှာ ကျင်းပတဲ့ ပွဲတော်တွေထဲမှာ အကြီးဆုံးပွဲတော်တခုလည်းဖြစ်ပါတယ်။ ကလေး လူကြီးမရွေး ဆင်နွဲှကြတဲ့ ဒီချယ်ရီပန်းပွဲတော်ကိုတော့ နှစ်စဉ် လူ တသန်းလောက် လာပြီးတော့ ဆင်နွဲှလေ့ရှိပါတယ်။

XS
SM
MD
LG