သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချယ်ရီ FM ပြန်လည်ထုတ်လွှင့်


(Photo Charry FM fb)
(Photo Charry FM fb)

ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချယ်ရီ FM တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ချယ်ရီ FM အသံထုတ်လွှင့်မှု အစီအစဉ်တွေ ဒီနေ့ ညနေ ၆ နာရီကစလို့ ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ပြီ ဖြစ်တယ်လို့ ချယ်ရီ FM တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းတွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ဖို့အတွက် ရုပ်မြင်သံကြားနဲ့ အသံလွှင့် ဥပဒေဆိုင်ရာ ခိုင်မာတဲ့ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ သတင်းမီဒီယာ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ ရေဒီယို အသံလွှင့် ထုတ်လွှင့်မှုလိုင်းများ ခေတ္တ ပြတ်တောက်သွားတဲ့ ချယ်ရီ FM အသံထုတ်လွှင့်မှုကို ဒီကနေ့ ညနေ ၆ နာရီကစလို့ ပုံမှန် ပြန်လည် ထုတ်လွှင့်နေပြီ ဖြစ်တယ်လို့ ချယ်ရီ FM တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ချယ်ရီ FM တာဝန်ရှိသူတွေ ထပ်မံ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ ချယ်ရီ FM အသံလွှင့်လုပ်ငန်းတွေကို ဒီကနေ့ ညနေ ၆ နာရီကစလို့ ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ခဲ့ပြီလို့ ချယ်ရီ FM က အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ဆွေးနွေးမှုဟာမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန စံတွေမှာ ကျနော်တု့ိ လိုက်နာရမယ့် အချက်အလက်လေးတွေကို ချပြပါတယ်။ ချပြတဲ့ဟာတွေကလည်း မီဒီယာတခုအနေနဲ့ လိုက်နာရမယ့် အချက်တွေဖြစ်နေတယ်။ အဲဒီအပြင် ပြန်ကြားရေးဝန်ကြီးဌာနထဲမှာ အရင်တုန်းက ချပြထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်လုပ်ငန်းများ လိုက်နာရန် ကျင့်ဝတ်များဆိုတဲ့ဟာကိုလည်း သူတို့ တရားဝင် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ အဓိက အဲဒီထဲက အချက်အလက်တွေနဲ့ သွားပြီးတော့ ကိုက်နေပါတယ်။ ကိုက်နေတော့ ဘာပဲပြောပြော မီဒီယာတခုအနေနဲ့ ဒါ လိုက်နာရမယ့်ဟာလည်း ရှိတယ်။ ရှေ့မှာချခဲ့တဲ့ဟာတွေနဲ့လည်း ပတ်သက်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က သဘောမတူနိုင်စရာ မရှိတဲ့အတွက် ကျနော်တို့ သဘောတူညီမှု ရရှိထားတာပါခင်ဗျ။ အဲဒီအတွက် ကျနော်တို့ ဒီ ညနေ ၆ နာရီမှာ စပြီးတော့ ကျနော်တို့ အရင်တုန်းကအတိုင်းပဲ အသံထုတ်လွှင့်မှုတွေကို စတင် ဆောင်ရွက်မှာဖြစ်ပါတယ်။”

မေး - သက်တမ်းကရော စာချုပ်ပေါ့နော် နှစ်ဘယ်လိုများ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှုရှိပါသလဲရှင့်။ နှစ်သက်တမ်း ကုန်ဆုံးမှုတို့ ဘာတို့ရော အဲလိုမျိုး သတ်မှတ်ချက်တွေရော ရှိပါသလား။

ဖြေ - မပြည့်သေးပါဘူး။ ကျန်ပါသေးတယ်ခင်ဗျ။ ကျနော်တို့ရဲ့ စာချုပ်သက်တမ်း ကျန်ပါသေးတယ်ခင်ဗျ။

မေး - ဘယ်လောက်များ ကျန်ပါသေးလဲ။

ဖြေ - ဟိုဟာပေါ့ လောလောဆယ်မှာတော့ အသံလွှင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဥပဒေလည်း မကြာခင် ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီကျရင်တော့ အကုန်လုံး အဲဒီအတိုင်းပဲ ဆက်သွားမှာပါ။

မေး - နည်းပညာကြောင့်လား။ ဒါမှမဟုတ်လို့ရှိရင် ဘယ်လိုအခက်အခဲတွေကြောင့်များ မလွှင့်ဖြစ်ခဲ့တာပါလဲရှင့်။

ဖြေ - အဲဒါတော့ ကျနော်တို့ Satellite Signal မရတာ။ အဲဒါကြောင့်မို့လို့ပါ။ အခု ညနေ ၆ နာရီကနေ စပြီးတော့ လွှင့်ပါပြီ။

အသံလွှင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆိုင်ရာတွေကို တရားဥပဒေအရ တရားဝင် ထုတ်လွှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့က ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံထုတ်လွှင့်မှုဆိုင်ရာ ခိုင်မာတဲ့ နည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးနိုင်ဖို့ အရေးတကြီး လိုအပ်နေပြီလည်း မြန်မာဂျာနယ်လစ်ကွန်ရက်က တာဝန်ရှိသူ ဦးမြင့်ကျော် က ထောက်ပြ ပြောပါတယ်။

“အခုအခြေအနေကတော့ ရုပ်သံလိုင်စင်က ဥပဒေက သမ္မတ လက်မှတ်ထိုးပြီးပြီ။ နည်းဥပဒေ မထွက်သေးဘူးပေါ့နော်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပြီးတော့ သမ္မတက လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ နည်းဥပဒေမထွက်သေးဘူး။ လောလောဆယ်မှာတော့ ရုပ်သံလိုင်းဆိုင်ရာမှာ သူတို့ ပြုသမျှ နုရမယ့် အခြေအနေ သဘောမျိုး ရှိတာပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်အစိုးရလက်ထက်မှာ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို ပေးထားတယ်။ ယုံကြည်လို့ လုပ်ခွင့်ပေးထားတယ်။ အကျိုးခံစားခွင့်တွေကတော့ ရှိမှာပေါ့နော် ဒါကတော့။ ဒါပေမဲ့ အခု ဒီနောက်ပိုင်းမှာ မီဒီယာက လွတ်လပ်လာတယ်။ အရင် ပြောခွင့်မရှိတဲ့ အကြောင်းအရာတွေ၊ တဖြေးဖြေးနဲ့ နည်းနည်းလေး ခြေလှမ်း တလှမ်းချင်း တိုးပြီးတော့ တင်ပြလာကြတော့ သက်ရောက်မှု အားကြီးတာကို သူတို့ နားလည်တယ်။ နားလည်တဲ့အတွက်ကြောင့်လည်း သူတို့ စိုးရိမ်တယ်ပေါ့နော်။ ကျနော်တု့ိရဲ့ သဘောကတော့ မီဒီယာတခုကို ပိတ်ချင်တဲ့အချိန်မှာ ပိတ်လို့ရတယ်ဆိုတဲ့ ဟာကြီးက ဒီဟာက ခြိမ်းခြောက်လိုက်တဲ့ စကားပေါ့နော်။ သူပိတ်ခိုင်းချင်တဲ့အချိန်မှာ ပိတ်ခိုင်းလို့ရတယ်ဆိုတဲ့ အဲဒီဟာကတော့ တိုက်ရိုက် ခြိမ်းခြောက်လိုက်သလို ဖြစ်တာပေါ့နော်။”

သြဂုတ်လ ၁၃ ရက်နေ့ကစလို့ သူရဦးရွှေမန်းရဲ့ မိသားစုဝင်တွေ ဦးဆောင်တဲ့ ချယ်ရီ FM အသံလွှင့်ဌာနကနေ တဆင့် ထုတ်လွှင့်နေတဲ့ FM ရေဒီယို အသံလိုင်းတွေ ခေတ္တ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီကနေ့ ညနေ ၆ နာရီကစလို့ ချယ်ရီ FM ရဲ့ အသံလွှင့်လုပ်ငန်းတွေ ပုံမှန်စတင်နေပြီဖြစ်ပြီး ပုံမှန် ထုတ်လွှင့်နေကျ အစီအစဉ်တွေကို ပရိသတ်တွေအတွက် ထုတ်လွှင့်ပေးနေပြီလို့ ချယ်ရီ FM အသံလွှင့်တာဝန်ခံတဦးဖြစ်တဲ့ ကိုကျော်ဇင်ထွန်း က အခုလို ပြောပါတယ်။

“ကျနော်တို့က မလွှင့်တာတော့ မဟုတ်ဘူးဗျ။ အဲဒီတုန်းက ကျနော်တို့က တင်တယ်။ ဒါပေမဲ့ ကျနော်တို့က ဂြိုဟ်တုနဲ့ သုံးရတော့လေ။ ၆ နာရီထိုးတော့ ကျနော်တို့ ဒီ မြန်မာတနိုင်ငံလုံးမှာ ရှိထားတဲ့ ကျနော်တို့ရဲ့ services ရှိထားတဲ့ နေရာတွေ အကုန်လုံးပေါ့နော် ကျနော်တို့ စက်တွေ ရှိတဲ့ နေရာတွေအကုန်လုံး လွှင့်နိုင်ပါပြီခင်ဗျ။ ညနေပိုင်းဆိုရင် ကျနော်တို့ ဟိုဟာပေါ့ ဖယ်ရီပြန်ချိန် ဂီတ တို့ ဘာတို့ လွှင့်တယ်ခင်ဗျ။ Ferry Music Time ဆိုတာ ကျနော်တို့ ဒီအချိန်က အလုပ်သိမ်းတဲ့အချိန် အလုပ်ပြန်တဲ့အချိန်ဆိုရင် ကျနော်တို့က အဲဒီ Ferry ပေါ်ကနေ သီချင်းနားထောင်လို့ရအောင် သီချင်းတောင်းလို့ရတဲ့ အချိန်မျိုး ကျနော်တို့ လုပ်ထားတယ်ခင်ဗျ။ ကျနော်တို့ အခုလိုမျိုး ချယ်ရီ FM ပြန်လည် ထုတ်လွှင့်ခွင့် ရခဲ့သလို ပရိသတ်တွေလည်း ဝမ်းသာကျေနပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်ခင်ဗျ။”

ဒီလိုမျိုး သူရဦးရွှေမန်းနဲ့ ပတ်သက်မှုတွေအပေါ် နောက်ဆက်တွဲ သတင်းမီဒီယာအပေါ်မှာ ဒီလို ဖိအားပေး ရပ်ဆိုင်းခိုင်းတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတင်းမီဒီယာ တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုသလို ဂျာနယ်လစ်ကွန်ရက် အနေနဲ့လည်း ဒီမိုကရေစီ နည်းလမ်းမကျတဲ့ လုပ်ရပ်ဖြစ်လို့ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

XS
SM
MD
LG