သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါး ပေါက်ကွဲမှု ၆ ဦးသေ


ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၃၉၅) ဦးယောနသန်နေအိမ် ပေါက်ကွဲမှု-သတင်းဓာတ်ပုံ-ပြန်ကြားရေး။
ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၃၉၅) ဦးယောနသန်နေအိမ် ပေါက်ကွဲမှု-သတင်းဓာတ်ပုံ-ပြန်ကြားရေး။

ချင်းပြည်နယ် ဟားခါးမြို့ မှာ လူ ၆ ဦး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုဟာ မတော်တဆမှု သာ ဖြစ်တဲ့ အကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ကျောက်တူးလုပ်ငန်းမှာ အသုံးပြုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်း ရာက ဖြစ်ပွားခဲ့ တဲ့ ပေါက်ကွဲ မှုကြောင့် ဟားခါးမြို့ပေါ်မှာ စိုးရိမ်မှုတွေ ထွက်ပေါ် ခဲ့ပေမဲ့လည်း အခုအခါ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

မနေ့ညက ချင်းပြည်နယ် မြို့တော် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း မှာ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ တရားမဝင် ယမ်းကြိုးခွေ သိမ်းဆည်းမှုမှ မတော်တဆ ပေါက်ကွဲမှုဖြစ်ရတာ ဖြစ်တယ်လို့ ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့ ရုံးက ထုတ်ပြန် ထားပါတယ်။ ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့ ရုံးက တာဝန်ရှိသူတဦးက ပေါက်ကွဲမှု နဲ့ပတ်သက်ပြီး အခုလို ဗွီအိုအေ ကိုပြောပြခဲ့ပါတယ်။

“ ဗုံးမဟုတ်ပါဘူးခင်ဗျာ။ သူကပေါက်ကွဲမှုပါ။ ယမ်းကြိုးခွေတွေကနေ မတော်တဆပေါက် တာပါခင်ဗျာ။ တရားမဝင် ယမ်းကြိုးခွေပေါ့ ။ အိန္ဒိယဘက်က လာတဲ့ ယမ်းကြိုးခွေပေါ့ ။ လူတွေက အားလုံး မနေ့ည ၅ ယောက် ၊ ဒီနေ့မနက် ၁ ယောက် ထပ်သေတယ်။ အကုန်လုံး ၆ ယောက် ဆုံး ပါတယ်။ ထောင်တာလည်း မဟုတ်ဘူး၊ သူတို့သောင်းကျန်းသူလည်းမဟုတ်ဘူး။ သူတို့ ဒီလို ဒီဘက်မှာ အဲလိုလေ ငါးမိုင်းခွဲတာတို့ ၊ ကျောက်မိုင်းခွဲတာတို့ဆိုရင် သူတို့က သုံးတဲ့ယမ်းတွေ ရှိတယ်လေ။ အဲဒါတွေကို သူတို့က သိုလှောင်ထားတာပေါ့ဗျာ။ တရားမဝင် သိုလှောင် ထားတာပေ့ါဗျာ။ သိုလှောင်ထားတာကတော့ တရားဝင်မဟုတ်ဘူး။ တရားမဝင် သိုလှောင် ထားတာကနေဖြစ်သွားတာပေါ့ဗျာ။ သူက အရင်ကလည်း ဒီ ယမ်းကြိုးခွေ တရားမဝင်သိုလှောင်မှုနဲ့ သူ့ကိုဖမ်းဖူးတယ်။”

ဒီပေါက်ကွဲမှုကြောင့် နေအိမ် ၆ လုံး၊ ကား ၂ စီး ပျက်စီးသွားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ် အရွယ် ကလေးငယ်တဦး အပါအဝင် လူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိ ခဲ့ ရတယ်လို့ ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့ ရုံးက ပြောပါတယ်။

ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အိမ်ပိုင်ရှင်ဟာ ဦးယောနဖြစ်ပြီး သဘာဝဘေးအန္တရာယ် ခံစားရတဲ့ ထန်တလန်ဘက်က ဆွေးမျိုးမကင်းသူ တွေကို ခေတ္တတည်းခိုခိုင်းထားရာမှ အဲဒီ့ဆွေမျိုးမကင်းသူတွေက ကျောက်မိုင်းခွဲရာမှာ အသုံးပြုတဲ့ ယမ်းပျော့တွေကို တရားမဝင် သိုလှောင် ထားရင်း ပေါက်ကွဲဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုပါပီးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“တရားမဝင်ပေါ့နော် အဲဒီလို သိမ်းထားတဲ့ဟာက ပေါက်ကွဲတဲ့ ပုံစံနဲ့ပဲ ကျနော်တို့ လည်း နားလည်ပါတယ်။ ဒီလိုပဲ မထင်မှတ်ပဲနဲ့ ဒီလိုဖြစ်တာကတော့ လန့်ကြတာပေါ့။ ဒါပေမယ့် ကျနော် သိသလောက်ဆိုရင်ပေါ့၊ အဲ့ဒီအိမ်မှာ တခုခု သိမ်းထားမိ တဲ့ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းပေါ့နော်။ အဲဒီဟာကို တခုခုကြောင့်ပေါက်ကွဲပြီးတော့ ဒီလိုဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီပစ္စည်းတောင်မှ နဲတဲ့ပစ္စည်း နည်းနည်းနောနောတော့ မဟုတ်လောက်ဘူး ထင်တယ်။ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတောင်မှ တော်တော်များမယ့် ပုံစံပဲ။ အားကတော်တော်လေးပြင်းထန် ပါတယ်။ တော်တော်လေးတော့ လန့်ကြတာပေါ့နော် ကျနော်တို့ လည်း တော်တော်လေး လန့်ကြတာပေါ့။ ဒါပေမယ့် လုံခြုံရေးအနေနဲ့ အဲလောက်ကြီးတော့ ကြောက်စရာတော့ မရှိတော့ဘူးပေါ့။ ”

လက်ရှိမှာ ဒီပေါက်ကွဲမှုအတွက် အိမ်ပိုင်ရှင် ဦးယောနကို ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောဆိုထားပါတယ်။

XS
SM
MD
LG