သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကူ မယူကြောင်း ကိုးကန့်ငြင်းဆို


ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )
ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )

ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်တွေကြား တရုတ်၊ မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး နှစ်နိုင်ငံကြားမှာလည်း တင်းမာမှုတွေ ဖြစ်နေပါတယ်။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်ကျားရှင် က သူ့အဖွဲ့ကို တရုတ်နိုင်ငံသားတွေ ဒါမှမဟုတ် တရုတ်ကြေးစား စစ်သားတွေက ကူညီတိုက်ခိုက်ပေးခဲ့တယ်ဆိုတာ မဟုတ်မှန်ပါဘူး ဆိုပြီးတော့ ငြင်းဆိုလိုက်ပါတယ်။ ဘေဂျင်းမြို့ကနေ ဗွီအိုအေသတင်းထောက် Bill Ide ပေးပို့ထားတဲ့ သတင်းလွှာကို အခြေခံပြီးတော့ ဦးစံမိုးေ၀ က တင်ပြပေးပါမယ်။

တရုတ်မျိုးနွယ်စုဝင် ဖုန်ကျားရှင် ခေါင်းဆောင်တဲ့ လက်နက်ကိုင် အဖွဲ့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မှာရှိတဲ့ ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာသေးခင်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးပြီး တရုတ်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။
ဖုန်ကျားရှင်ရဲ့ လက်နက်ကိုင် အဖွဲ့ကို တရုတ်နိုင်ငံက ကြေးစား စစ်သားတွေက ကူညီတိုက်ခိုက် ပေးခဲ့တယ်လို့ မြန်မာအစိုးရဘက်က စွပ်စွဲခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကပြောတဲ့အတိုင်း ပြောရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ နယ်နမိတ်ကနေ အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်စေရအောင် ဟန့်တားဖို့ ပူးပေါင်းဆောင်ရွက်ပါလို့ တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ The People Daily ကနေ ထုတ်ဝေတဲ့ The Global Times စာစောင်က မေးမြန်းရာမှာ ဖုန်ကျားရှင်က တရုတ်နိုင်ငံရဲ့ကြေးစားကို ငှားသုံးတယ်ဆိုရင် သူ့အတွက် အထောက်အပံ့ မဖြစ်စေရုံသာမက အကျိုးတောင် ယုတ်စေနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေက သူ့အဖွဲ့အပေါ် ကူညီတိုက်ခိုက် ပေးနေပါတယ်ဆိုတာ တရုတ်အာဏာပိုင်တွေ တွေ့သွားပြီဆိုတာနဲ့ သူ့အဖွဲ့အပေါ်မှာ အလွန်ကြီးမားတဲ့ ဖိအားပေးမှု ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၀၉ ခုနှစ် ကတည်းစလို့ တရုတ်နိုင်ငံသားတွေ ကိုးကန့်ဒေသတွင်းကို ဝင်ရောက်ပြီး ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ ပူးပေါင်းတာမျိုး မဖြစ်ရအောင် တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့လည်း The Global Times ကိုပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောဆိုခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ကို တရုတ်ကြေးစားတပ်တွေ ကူညီထောက်ပံ့ ပေးနေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ဗွီအိုအေကို အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ကျနော်အတိအကျ ပြောချင်တာကတော့ ကျနော့်တပ်ထဲမှာ တရုတ်နိုင်ငံသားကို မရှိတာ။ ကြေးစားဆိုတာ ကျနော်တို့ ဘယ်သွား ရှာရမလဲတောင် မသိဘူး။ အဲလောက်လည်း ကျနော်တို့ ငွေရေးကြေးရေး မတတ်နိုင်ပါဘူးခင်ဗျ။ တရုတ်ပြည်က - ကျနော်အတတ် ပြောလို့ရပါတယ်ခင်ဗျ။ တရုတ်ပြည်ကနေ ပြီးတော့မှ ကျနော်တို့ကို ထောက်ပံ့တာတို့၊ ကျနော်တို့ကို ကူညီတာတို့ လုံးဝမရှိပါဘူး။”

MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့ဟာ တရုတ်နိုင်ငံက ထောက်ခံမှု ပေးထားခဲ့ပြီး ၁၉၈၉ ခုနှစ်က ပြိုကွဲသွားခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အကြွင်းအကျန် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ဖုန်ကျားရှင် ထိန်းချုပ်တဲ့ ကိုးကန့်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့တာပါ။

အဲဒီအချိန် ကတည်းက ဖုန်ကျားရှင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး၊ မကြာခင်ကမှာ အခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ပြုလုပ်မယ်လို့ ပြောဆိုလာချိန်မှာ ဖုန်ကျားရှင် ပြန်ဝင်လာဖို့ ကြိုးစားခဲ့တာပါ။

ထွက်ပြေးတမ်းရှောင်နေစဉ်ကာလမှာ သူဟာတခါတရံ တရုတ်နိုင်ငံမှာ နေထိုင်တာမျိုး ရှိသလို တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း သွားရောက် နေထိုင်ခဲ့တယ်လို့ ဖုန်ကျားရှင်က တရုတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဖုန်ကျားရှင် ဘယ်နေရာမှာ ရောက်နေသလဲ ဆိုတာကို သိရှိသလား၊ သူ့ကို နိုင်ငံကနေ ထွက်သွားဖို့ ပြောဆိုခဲ့ဘူးသလားလို့ ဗုဒ္ဓဟူးနေ့ ဘေဂျင်းမှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Hong Lei ကိုမေးတဲ့အခါမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒါပေမဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အပေါ် တရုတ်နိုင်ငံက ထောက်ခံမှု ပေးတယ်ဆိုတာဟာ မဟုတ်မှန်ပါဘူးလို့ ပြောပါတယ်။

“တရုတ်နိုင်ငံ အနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေး ဆိုတဲ့မူကို အမြဲကိုင်စွဲထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမြဲ လေးစား လိုက်နာကာ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ နယ်စပ်တလျှောက် တည်ငြိမ်ရေးကို ထိခိုက် ပျက်စီးစေမယ့် လုပ်ရပ်မျိုးကိုလုပ်ဖို့ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်ကိုမှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်ပါဘူး”- လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က တရုတ်ဘာသာနဲ့ ပြောသွားတာပါ။

နယ်စပ်ကို ပိတ်ပစ်ဖို့ အစီအစဉ် မရှိကြောင်း၊ နယ်စပ်လုံခြုံရေးကိုတော့ တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိကြောင်း၊ တရုတ်နိုင်ငံထဲ ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တရုတ်ဘက်က ဆက်ကူညီသွားမယ်လို့ Hong Lei က ပြောပါတယ်။

နှစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ကို ဒီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်အထိ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ နီးပါး ပြန်လည် ရောက်ရှိနေပြီလို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို မနေ့က ကိုးကန့်အဖွဲ့က လက်နက်ကြီးနဲ့ အဝေးကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လောက်ကိုင်မြို့က တပ်ရင်းဌာနချုပ်ကိုလည်း ကိုးကန့်အဖွဲ့က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး၊ အထိအခိုက်တော့ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG